Friday, June 17, 2011

ဖျက်မရသောအတိတ် ၈ - မိုးထဲကနှင်း

လွန်ခဲ့တဲ့ ၁၀ နှစ် ဒီအချိန် ဒီလိုသောကြာနေ့မျိုး ... ကျွန်တော် ကျောင်းရောက်တော့ စည်သူနှင့်အတူ လူစိမ်းတစ်ယောက်ကိုတွေ့သည်။ ဖိုးစနေတို့လို နောက်ဆုံးနှစ်ကျောင်းသားတွေအဖို့ တစ်ချက်ကြည့်ပြီး ကိုယ့်ကျောင်းကဟုတ်မဟုတ် ခွဲခြားရသည်မှ သိပ် ခက်လှသည်တော့မဟုတ်။ စည်သူက မိတ်ဆက်ပေးသည်။ သူ့သူငယ်ချင်း .. ကျောင်းကို အလည်ခေါ်လာတာဟုပြောသည်။ ဒီကောင့်ကို စမြင်တာနဲ့ ကြည့်လို့မရ၊ ခုလဲ မိတ်ဆက်ပေးတာနှင့် အာကျယ်အာကျယ် တန်းလုပ်သည်။

... အေးဗျာ ... ခင်ဗျားတို့ကျောင်းက စော်တစ်ပွေ နာမည်ကြီးတယ်ဆိုလို့ လာကြည့်တာ၊ ကျွန်တော်လိုက်သမျှ ကျွန်တော့်ကို ပြန်မကြိုက်တဲ့စော် မရှိသေးဘူး ... ခင်ဗျားရော အဲဒီကျောင်းသူကို သိလား ... မော်ဒယ်တွေဘာတွေလုပ်တယ်လေ ...

တော်တော်လေး နှာကစ်သွားသည်။ ... မသိပါဘူးဗျာ .. အားအားယားယား ... ။ မျက်နှာပြောင် ငကြောင်ကောင်ရှေ့မှာ ဆက်မနေချင်တာနဲ့ ထွက်လာခဲ့သည်။

ပထမအချိန်ပြီးပြီ။ ဒုတိယအချိန်ကို အတန်းလစ်ပြီးကန်တင်းအသွား ကျောင်းခန်းတစ်ခုရှေ့မှာ ပိုက်ဆံအိတ်လေးတစ်လုံးကျနေသည်။ မိန်းကလေးတွေ ကိုင်လေ့ရှိသော ပိုက်ဆံအိတ်မျိုးဖြစ်သဖြင့် ဖွင့်ပြီး ကျောင်းသားကတ်ကို ရှာကြည့်လိုက်သည်။ မကေခိုင်နှင်း၊ ဒုတိယနှစ် ...... သြော် နှင်းရဲ့ပိုက်ဆံအိတ်ပဲ၊ ဒီကောင်မလေး နမော်နမဲ့။ အတန်းထဲကို လှမ်းကြည့်လိုက်တော့ နှင်းမရှိ။ ပိုက်ဆံအိတ်လေးကို ဘောင်းဘီအိတ်ထဲအသာထည့်ပြီး ကန်တင်းသို့ဆင်းလာခဲ့သည်။ ကန်တင်းရောက်တော့ နှင်းတို့ သူငယ်ချင်းတသိုက် နှင့် စောစောက ငကြောင်၊ နှင်းဘေးမှာ အတင်းကပ်ထိုင်ပြီး မျက်နှာပြောင်တိုက်နေသည်။

ကန်တင်းထဲဝင်ပြီး နှင်းနောက်နားမှာ သွားရပ်လိုက်သည်။

... နှင်းလေး ... အတန်းလစ်နေတယ်ပေါ့လေ။ ...

... ဟယ် .. ကိုကို ... သူကျတော့ အတန်းမလစ်တာကျနေတာပဲ။ လာလာ ဒီမှာထိုင် ...

ချက်ချင်း နှင်းက ကျွန်တော့်လက်ကိုဆွဲပြီး သူနှင့် ဟိုငနာကောင်ကြားတွင် ဝင်ထိုင်ခိုင်းသည်။ နှင်းက ကျွန်တော့်သူငယ်ချင်းရဲ့ ညီမဝမ်းကွဲ၊ ၂ နှစ်ငယ်သည်။ ကျောင်းရောက်မှ သိကျွမ်းပြီး သိပ်မခင်ပါ။ နှုတ်ဆက်စကားလောက်ကလွဲလို့ ဘာမှသိပ်မပြောဖြစ်။ ဒါပေမယ့် စတွေ့ကတည်းက နှင်းက ကျွန်တော့်ကို သူ့အစ်ကိုကို ခေါ်သည့်အတိုင်း ကိုကို ဟုသာခေါ်သည်။ ကျွန်တော်ကလဲ သူ့ကို သူ့အစ်ကိုခေါ်သလို နှင်းလေး ဟုသာခေါ်ဖြစ်သည်။ ဒီလောက်မရင်းနှီးပေမယ့် လက်ဆွဲပြီး ဝင်ထိုင်ခိုင်းလိုက်ကတည်းက ကျွန်တော် အထာပေါက်သွားပြီ။ ဟိုကောင့်ကို ကစ်ပေတော့ ...

... နှင်းလေး ... ကိုကို နှင်းလေးကို လက်ဆောင်ပေးစရာရှိတယ်။ ကိုကို့ကို မုန့်ဝယ်ကျွေးမလား ...

... ဟယ်!!! တစ်ကယ်??? ဝယ်ကျွေးမှာပေါ့ .. ကိုကိုစားချင်တာပြော နှင်းဝယ်ကျွေးမယ်။ ... နှင်းမွေးနေ့လဲ မရောက်သေးပဲနဲ့ ဘာလက်ဆောင် ပေးမလို့လဲ ...

... မျက်စိမှိတ် လက်ဖြန့် ... ဖြန့်ထားသော နှင်းလက်လေးကို ဆွဲယူပြီး နှင်းပိုက်ဆံအိတ်လေးကို ထည့်ပေးလိုက်သည်။ ... ဖွင့်တော့ ရပြီ။ ...

... ဟယ်!! ပိုက်ဆံအိတ်လေး၊ နှင်းမှာလဲ ဒါမျိုးအိတ်လေးရှိတယ်၊ တပုံစံတည်းပဲ ...

... သေချာလဲ ဖွင့်ကြည့်ပါဦး ... နှင်း ပိုက်ဆံအိတ်လေးကို ဖွင့်ကြည့်သည်။ အထဲမှာ ကျောင်းသားကတ်၊ ပိုက်ဆံနှင့် နှင်းဓါတ်ပုံတွေ။

... အယ် ... ဒါနှင်းအိတ်ပဲ။ ကိုကို့ဆီ ဘယ်လိုရောက်နေတာလဲ ...

... အတန်းပေါက်ဝမှာ ကျနေတာတွေ့လို့ ကောက်လာတာ ...

... နှင်းပိုက်ဆံအိတ်မှန်း ကိုကိုက သိလို့လား ...

... အင်းပေါ့ သိလို့ကောက်လာတာပေါ့ ...

... thanks ကိုကို ...

ဝုန်း ... ဘေးကငကြောင် ရုတ်တရက် ထရပ်လိုက်သည်။ ... နှင်း .. ကိုယ်ပြန်တော့မယ်။ ...

... သြော် ကိုကျော်စွာ။ ပြန်တော့မလို့လား။ စောစောကပြောတော့ ကျောင်းဆင်းတဲ့ထိ နေမယ်ဆိုလားလို့ ...

... ဟုတ်တယ်နှင်း ... အစကတော့ ကျောင်းဆင်းတဲ့ထိနေပြီး အိမ်ထိ လိုက်ပို့မလို့ပဲ။ ခုတော့ မလိုအပ်တော့မှန်းသိသွားပြီ၊ ပြန်လိုက်ပါဦးမယ် ...

... ကောင်းပါပြီတဲ့ရှင် ... နောက်လဲ အားရင် လာလည်နော် ... ဟိဟိ ...

ဆောင့်ကြီးအောင့်ကြီးလှည့်ထွက်သွားသော ငကြောင်ကောင်ကိုကြည့်ရင်း ကျွန်တော်တို့တွေ ရီမိသည်။ နှင်းက ကျွန်တော့်လက်ကိုတော့ ပြန်မလွှတ်။ cut လို့အော်ပေးမည့် ဒါရိုက်တာဘယ်နားရောက်နေမှန်းမသိ။

နောက်တစ်ပတ်ကစပြီး ကျွန်တော် ကျောင်းမတက်တော့။ အတန်းတင်စာမေးပွဲနီးပြီမို့ private study ယူလိုက်သည်။ နှင်းနဲ့လဲ မတွေ့ဖြစ်တော့။

အဲဒီလိုနှင့် တစ်နှစ်ခန့်ကြာသွားသည်။ ဇွန်လ၏ မိုးတွေသည်းနေသော ရက်တရက်၊ ကောင်မလေးတစ်ယောက် ကျွန်တော့်ရှေ့မှာ လျှောက်လာသည်။ မိုးသည်းတွေထဲမှာ ထီးလဲမပါ၊ မိုးရေတွေ တစ်ကိုယ်လုံးရွှဲလို့။ နှင်း ... ကျွန်တော် သူ့ကို ထီးမိုးပေးလိုက်သည်။

... ကိုကို ... ကိုယ့်ဟာကိုယ်ပဲဆောင်းတော့။ နှင်းက စိုပြီးသား ကိုကို့ကိုပါ စိုကုန်မယ်။ ..

...မတွေ့တာကြာပြီနှင်း ... ဘာတွေလုပ်နေလဲ။ ...

... ဒီလိုပါပဲကိုကိုရယ်။ အိမ်နဲ့ သိပ်အဆင်မပြေလို့ ခု ဒီလမ်းထဲမှာ နှင်းတစ်ယောက်တည်း ငှားနေတယ်။ နောက် အားရင် လာလည်ပေါ့ ...

ပြောပြီး နှင်း လမ်းထဲကို ပြေးဝင်သွားသည်။ ကျွန်တော် လိုက်မဝင်သွားမိ။

နောက် သုံးလခန့်အကြာ နှင်းအစ်ကို ကျွန်တော့်သူငယ်ချင်းနှင့် ပြန်တွေ့ဖြစ်သည်။ စကားစပ်မိပြီး နှင်းနဲ့တွေ့ကြောင်း အိမ်မှာမနေဘူးလို့ပြောတယ်။ မင်းညီမ ဘာတွေဖြစ်နေတာလဲလို့ မေးမိသည်။

... နှင်းဆုံးသွားပြီကွ။ ပုဇွန်တောင် Trade Center ဗုံးပေါက်တုန်းက သူက အဲဒီရှေ့တည့်တည့် stage ပေါ်မှာ catwalk လျှောက်နေတာ။ ဗုံးပေါက်တဲ့နေရာနဲ့ သူနဲ့အနီးဆုံးပဲ။ ... ညီမလေးကို အစအနတောင် ပြန်မရလိုက်ဘူးကွာ ...

ပုဇွန်တောင် Trade Center ဗုံးပေါက်တာ မေလဖြစ်ပါသည်။ ကျွန်တော်နှင်းနဲ့ မိုးရေထဲမှာဆုံမိတာက ဇွန်လဖြစ်သည်။ အဲဒီအကြောင်း ကျွန်တော် သူ့ကို မပြောဖြစ်ပါ။

ဒီလိုနဲ့ နှစ်တွေကြာခဲ့သည်။ ဒီနေ့ ဘာမှ မတိုက်ဆိုင်ပါပဲ သတိရမိသည်။

Wednesday, June 23, 2010

testing from Android

I'm testing blog from android application

Published with Blogger-droid v1.3.6

Monday, May 31, 2010

အိပ္မက္ဆိုး

အိပ်မက်ဆိုးတွေမက်တယ်။ ... Zombie တွေကြားထဲ အသက်လုပြီးပြေးရတယ်။ နောက်ဆုံး လွတ်လမ်းမမြင် ... မိုးပျံတိုက်ခေါင်မိုးပေါ်မှာ ငါပိတ်မိသွားခဲ့တယ်။ ... အရှင်လတ်လတ်တော့ အစားမခံဘူး ... ငါ့ဘဝငါစီရင်မယ်... လက်နှစ်ဘက်ကိုဆန့်တန်း ပြုံးပြုံးလေးနောက်လှန်ချလိုက်တယ်။ ငါဟာလေထဲမှာပျံသန်းလို့။

တစ်ထပ်ပြီးတစ်ထပ်၊ ဆံနွယ်စတွေ လေမှာပျံဝဲ မြန်မြန်အောက်ရောက်မှာလဲ ကြောက်ရသေးတယ်။ အသည်းက အေးကနဲ နှလုံးက နွေးကနဲ ငါကြောက်နေတုန်း ... ဗြုန်းဆို အဲဒီဆာလောင်မွတ်သိပ်မှုသားကောင်တွေ ငါ့နောက်ကို လိုက်ခုန်ချလာကြတယ်။ အာ ... ဒီကောင်တွေ ... လေထဲမှာမိရင် လေထဲမှာစားပစ်မှာ။ အကြောက်အလန့်မရှိ ခံစားမှုမရှိ ... နာကျင်မှုကိုမသိ၊ အဲဒီလောက်တောင် ဆာလောင်နေသတဲ့လား။ တဖြည်းဖြည်းနီးလာတယ် သူတို့က ပိုမြန်တယ်။ ငါ ... အောက်ကိုရောက်မှာလဲကြောက်၊ အပေါ်ကကောင်တွေကိုလဲကြောက် ... နှလုံးသားဟာ ကြောက်လန့်မှုနဲ့ ဖြစ်ညှစ်ခံထားရတယ်။

ရောက်တော့မယ်၊ အောက်ကိုရောက်တော့မယ် .... ပျော်တာလား။ ကြောက်တာလား။ ရောက်ချင်တာလား၊ မရောက်ချင်တာလား။

၁၀ . ၉ . ၈ . ၇ . ၆ . ၅ .. အထပ်တွေ ငါရေတွက်နေတယ်။

၂ . ၁ . ... ဟာ .....

ဟာကနဲဖြစ်သွားတယ် ... တုံ့ကနဲ ... ဆိုင်းကြိုးတစ်ချောင်းနဲ့ဆွဲထားသလိုလို ... အောက်ကိုဆက်မကျ ... လေထဲမှာ တန်းလန်း ... ဟိုကောင်တွေကြည့်တော့လဲ ငါ့လိုပဲ ရောက်ရာနေရာမှာ ရပ်နေကြတယ်။ ... ငါအော်ရယ်ပစ်လိုက်တယ်။

Monday, October 26, 2009

ဖျက်မရသောအတိတ် ၈ - ကျွန်တော်နှင့် မကြည်ပြာ

ကိုရဲဆုံးပြီလို့ အောင်ဘာလေက လာပြောသည်။ သိပ်တော့ မယုံချင်သေး။ သူက သတင်းအခိုင်အမာရလို့ပြောတာပါ လို့ ဆိုလာသည်။ ရင်တထိတ်ထိတ်နှင့် ဆက်စောင့်ရသည်။ သိပ်မကြာခင် နောက်တစ်ယောက်က link တစ်ခုလှမ်းပေးသည်။ အစ်မ မနော်ဟရီရဲ့ blog။ သတင်းသေချာသွားပြီပေါ့။

စိတ်မကောင်းခြင်းကြီးစွာနဲ့ပဲ လက်ခံလိုက်ရသည်။ ကိုရဲစာတွေ နောက်ထပ်ဖတ်ရဖို့မရှိတော့။ အစ်မမနော်ဟရီက သူ့ကိုဆူတော့ သူက ဟိုမှာသားကြီးရှိတယ်။ ရွှေဘုန်းရှိတယ် ကိုအောင်မင်းသိမ်းရှိတယ် ပျော်စရာကြီးလို့ ပြန်ပြောဖူးသည်။ ခုတော့လဲ သူတို့တွေနဲ့ပျော်ပျော်ရွှင်ရွှင် မကြည်ပြာဇာတ်လမ်းတွေများ ဆက်ရိုက်နေလေမလား။ (အတည်ပြောရင်းနဲ့ ကြောင်နှစ်ကောင်ကိုမျိုးနဲ့ ဒါရိုက်တာကိုမျိုး (မောင်မျိုးမင်း) တို့ပါအတူတူရှိရင် သူပိုပျော်မယ် လို့တွေးမိသည်။ ဆရာတွေတော့ ကြားရင် ဆဲနေတော့မှာပဲ)

အပေအတေမှတ်တမ်းများကို ဆက်မရေးဖြစ်ခဲ့တာတော်တော်ကြာပြီ။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမှာတွေ နည်းနည်းရှက်နေတာလဲပါသည်။ ခု ကိုရဲကိုခေါင်းထဲရောက်လာတော့ နီကိုရဲနဲ့ တွဲလျှက်ပါလာတာက မကြည်ပြာ။ အဲဒီလိုပဲ ကျွန်တော့်ကို ရဲဝင်း ဖြစ်အောင်လုပ်ခဲ့သော မကြည်ပြာတစ်ယောက် ရှိခဲ့ဖူးသည်။ ကိုရဲအမှတ်တရ ကျွန်တော့်မကြည်ပြာအကြောင်းကို အပေအတေမှတ်တမ်းများထဲမှ တစ်ခုအဖြစ် ဆက်ရေးရသော် ကောင်းမည်ဟုတွေးမိသဖြင့် ဆက်ရေးပါသည်။ ထိုမကြည်ပြာကြောင့် သူငယ်ချင်းများက ကျွန်တော့်ကို "ရဲဝင်း" လို့ခေါ်ကြပါသည်။ ရိုက်ကွင်းပေါ်မှအလွဲများ စာအုပ်ထဲမှာ ကိုရဲက မကြည်ပြာ ကို ကားကြီးအဖြစ် ရိုက်စဉ်က ရဲဝင်း လို့ တစ်ခါခေါ်သံကြားတိုင်း တစ်ခါ ဝမ်းသာလှိုက်မောရသည် ဟုပြောဖူးပါသည်။ ခု ကျွန်တော်လည်း ရဲဝင်း ဟု တစ်ခါခေါ်သံကြားတိုင်း ကျွန်တော့်မကြည်ပြာ၊ ကိုရဲ၏မကြည်ပြာ နှင့် ကိုရဲတို့ကို သတိရ ဝမ်းသာလှိုက်မောနေရတော့မည်။

ထိုနေ့က မိုးမရွာပါ။ လေတိုက်လားမတိုက်လား ကျွန်တော်မမှတ်မိတော့။ ၈ တန်းကျောင်းသားများ၏ ထုံးစံအတိုင်း ကျူရှင်ဆရာ မလာခင် ကျွန်တော်တို့ ဆော့နေကြသည်။ ဖိုးဇော်ယူလာသော ရာဘာမြွေရုပ်လေးနှင့်ဆော့နေခြင်းဖြစ်ကြောင်း ကျွန်တော်မှတ်မိပါသည်။ အချင်းချင်း စရင်းနောက်ရင်းဖြင့် တစ်ခါတွင် ထိုမြွေရုပ်မှာ ဘယ်သူပစ်လိုက်မှန်းမသိပဲ ကျွန်တော်တို့အုပ်စုတွင်းမှကျော်ပြီး အတန်းရှေ့ဘက်ရှိ မိန်းကလေးအုပ်စုအတွင်းသို့ ကျသွားပါသည်။ လန့်အော်သံများကြားရပြီး ဆူဆူညံညံဖြစ်ကုန်သည်။ ကောင်မလေးတစ်ယောက် မေ့လဲသွားသည်တဲ့။ ရုပ်ရှင်ထဲကလိုတော့မဟုတ်ပေမယ့် နောက်တော့အဲဒီကောင်မလေးနှင့်ကျွန်တော် အခင်ဆုံးသူငယ်ချင်းတွေဖြစ်သွားသည်။ ကျွန်တော်က သူ့ကို သူ့အိမ်ကခေါ်သလိုပင် မိငယ်ဟုခေါ်ပါသည်။ မိငယ်က ချောသည်။ ယဉ်သည်။ အမြဲတမ်း ရင်ဖုံးအင်္ကျီနှင့် လုံချည်နှင့် အပြင်ထွက်တတ်သည်။ သို့သော် ... ဟုတ်ကဲ့ ... သို့သော်သူသည် ထိုအချိန်ကတည်းက အတော်လေးရည်းစားများသူဖြစ်လေသည်။

သို့နှင့်ပဲ ရှစ်တန်းမှ ကိုးတန်းသို့ရောက်လာသည်။ သူ ရည်းစားတစ်ယောက်နှင့် ပြတ်ပြန်သည်။ အသည်းကွဲသည်ဟုပြောပြီး ကျွန်တော့်ရှေ့မှာ ထိုင်ငိုနေသည်။ ကျွန်တော်က ဆရာကြီးလုပ်ပြီးသူ့ကိုဆူသည်။ မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကို တန်ဖိုးထားရကြောင်း၊ ရည်းစားများတာမကောင်းကြောင်း။ လူမလေးစားကြောင်း။ ရည်းစား ခဏခဏ မပြောင်းသင့်ကြောင်း သူ့ကို ဆူနေမိသည်။

မိငယ်အငိုတိတ်ပြီး ကျွန်တော့်ကို တစ်ခွန်းပဲပြန်ပြောပါသည်။ "စနေ ... ငါနင့်နဲ့ဆိုရင် နောက်တစ်ယောက်မပြောင်းတော့ဘူးလေ ... နော်" တဲ့။ အဲဒီတုန်းက ကိုရီးယားကားတွေ အခုလိုခေတ်မစားသေးပါ။ တီဗီမှာ မင်းသားချောစွန်းဝူခုန်း အထူးပါဝင်သရုပ်ဆောင်တဲ့ အနောက်သို့ခရီးသွားခြင်း ဇာတ်လမ်းက နာမည်ကြီးနေသည်။ ဒါပေမယ့်လဲ ကျွန်တော်တို့တွေ သမီးရည်းစားဖြစ်ခဲ့ကြသည်။

ပျော်ခဲ့သောအကြောင်းများတော့ စာမဖွဲ့လိုတော့ပါ။ ဒါပေမယ့် ကျွန်တော်တို့ ပျော်ခဲ့ကြပါသည်။ ကလေးသဘာဝ ရည်းစားထားသည် ဆိုသည်မှာ အတူသွားအတူလာခြင်း၊ မုန့်အတူစားခြင်း၊ တစ်ယောက်ပါးကို တစ်ယောက်နမ်းခြင်း စသည်မျှသာဖြစ်သည်ဟု နားလည်ရင်း ပျော်ခဲ့ကြပါသည်။ ထိုစဉ်ကအချစ်သည် ယခုအချစ်နှင့်နှိုင်းယှဉ်သော ပကတိ ဖြူစင်သန့်ရှင်းသော မေတ္တာသက်သက်သာဖြစ်ကြောင်း နောင် နှစ်ပေါင်းများစွာကြာမှ ကျွန်တော်နားလည်ခဲ့ရသည်။

နင်နဲ့ဆိုရင် နောက်တစ်ယောက်မပြောင်းတော့ပါဘူး ဟုဆိုခဲ့သော မိငယ်သည် နောက် တစ်နှစ်ကျော်အကြာ၊ ဆယ်တန်းကျောင်းများ ပြန်ဖွင့်ပြီး တစ်လခန့်အကြာတွင် နောက်တစ်ယောက် ပြောင်းသွားခဲ့ပါသည်။ ဤနေရာတွင် ရက်ရက်စက်စက်ဟူသောစကားကို ကျွန်တော်မသုံးပါ။ အဘယ်ကြောင့်ဆိုသော် မိငယ်သည် မရက်စက်တတ်သောကြောင့်ဖြစ်သည်။ သူသည် ငြင်ငြင်သာသာလေးပင် နောက်တစ်ယောက်ဆီသို့ ပြောင်းသွားခဲ့ပါသည်။

မောင် ... နင်နဲ့ငါ သူငယ်ချင်းပဲပြန်လုပ်ရအောင်ဟာ။ နော်။ နော်လို့။

နင် ဘာဖြစ်လို့ အဲဒီလိုပြောရတာလဲငယ်ရယ်။ မပြောပါနဲ့ဟာ။ နော်။

နင်က ငါ့ကို ဂရုမှ မစိုက်တော့တာ။ ငယ်ပျင်းတာပေါ့။ မောင်ကကျောင်းလဲနေ့တိုင်းတက်တယ်။ ကျူရှင်လဲ ငယ်နဲ့ အတူမတက်တော့ဘူး။ ငယ့်ဆီကို တစ်ပတ်တစ်ခါတောင် မနည်းလာနေရတာမဟုတ်လား။ သူငယ်ချင်းပဲပြန်လုပ်ပါမောင်ရာ။ လိမ္မာပါတယ်ဟာ။ နော်။ ပြီးတော့ ....

ပြီးတော့ ဘာဖြစ်လဲငယ်။ နင့်ကို ငါ့ထက်ပိုဂရုစိုက်တဲ့သူ ရှိနေပြီမို့လို့လား။

ဟုတ်တယ်မောင်။ သူက ငယ်နဲ့ ကျူရှင်အတူတူတက်တာဆိုတော့ မောင့်ထက် အများကြီးပိုပြီး အချိန်ပေးနိုင်တယ်။ ငယ့်ကိုလဲ အရမ်းချစ်တယ်။ ငယ် သူ့ကို ပြန်ကြိုက်ချင်လို့။ အဲဒါ မောင် ငယ်နဲ့ သူငယ်ချင်းလုပ်ပေးကွာ။ နော်။

... အေးပါငယ်ရယ်။ ... အဲဒီလိုလုပ်မှ နင်ပျော်မယ်ဆိုရင် ငါနင့်သဘောအတိုင်း လုပ်ပေးဖို့အဆင်သင့်ပါ။

ဝေး ... ဒါမှမောင်ကွ (ရွှတ်) ဒါမို့လို့ မောင့်ကိုငယ်အရမ်းချစ်တာ။ လာ .. သူငယ်ချင်းပြန်ဖြစ်တဲ့ အထိမ်းအမှတ်နဲ့ မုန့်သွားစားမယ်။ လျှောက်လည်မယ်။

ငယ်သည် ဤသို့တတ်နိုင်သော ကောင်မလေးတစ်ယောက်ဖြစ်သည်။ သူ ငြင်ငြင်သာသာလေး ကျွန်တော့်ကိုထားခဲ့သလို ကျွန်တော်လည်း ငြင်ငြင်သာသာလေး အသည်းကွဲခဲ့ပါသည်။ ငယ်နှင့်ကျွန်တော် နှစ်တွေအများကြီး (အများကြီးဟုထင်ပါသည်) ကွဲကွာသွားခဲ့ပါသည်။

တစ်ရက်၊ ကျွန်တော်၊ ယုန်လေးနှင့် ပိပိ တို့ မြရိပ်ညိုရှိုးပွဲ သွားကြည့်ကြသည်။ ပြန်ထွက်အလာတွင် လူအုပ်ထဲမှ ခေါ်သံတစ်သံကြားလိုက်ပါသည်။

မောင် ... မောင်ရေ။ ငယ်ဒီမှာ။

၅ နှစ်ကြာခဲ့ပေမယ့် မနေ့တစ်နေ့ကပင် ခေါ်ခဲ့သေးသလိုမျိုး၊ အသံသည် စိမ်းမနေပဲ ရင်းနှီးနွေးထွေးနေသည်။

ငယ် .... ကျွန်တော် ကမန်းကတမ်း လိုက်ရှာမိသည်။ ဟော ... တွေ့ပါပြီ။ လူအုပ်ကြားထဲမှာ ငယ့်မျက်နှာလေးတွေ့ရသည်။ လွန်ခဲ့သော ၅ နှစ်ကလိုပင် လန်းဆန်းနုပျိုဆဲဟု စိတ်ထဲမှာထင်မိသည်။

ငယ် ... ဟယ် .. .နင် ဝလာလိုက်တာ ... အဲလေ ... ဟိုက် ....

ကျွန်တော် ဘာပြောရမှန်းမသိပဲ စကားတစ်ဝက်တစ်ပျက်မှာ ရပ်သွားပါသည်။

မောင်။ နင်ကတော့လုပ်ပြီ။ ဒါ ဝ တာဖြစ်မလား။ သေချာလဲကြည့်ပါဦး။

သေသေချာချာကြည့်စရာမလိုပဲ ကျွန်တော်သိလိုက်ပါသည်။ ငယ့်မှာ ကိုယ်ဝန်ကြီးနှင့်ဖြစ်လေသည်။ ကိုယ်ဝန်ကြီးမှ အတော်ကို နေ့စေ့လစေ့ဖြစ်နေသော ကိုယ်ဝန်ကြီးဖြစ်သည်။

နေဦး။ ငယ်မိတ်ဆက်ပေးဦးမယ်။ ဒါ ငယ့်အမျိုးသားလေ။ ကို ........... ပေါ့။ ကို .. ဒါ ငယ့်အချစ်ဆုံးသူငယ်ချင်းလေ။ .............. ပေါ့။

ဟုတ် ... တွေ့ရတာ ဝမ်းသာပါတယ်။ (လက်ဆွဲနှုတ်ဆက်လိုက်ကြသည်)

ငယ် စကားတွေပြောပါသည်။ သူငယ်ချင်းတွေအကြောင်းရော ဘာရော ... ကျွန်တော် မကြားတစ်ချက် ကြားတစ်ချက်။ အသံတို့သည် ဝေးသွားလိုက် နီးလာလိုက် ...

မောင် ... နင်ကလဲ စကားလေးဘာလေးပြောလေဟာ

အော် ... အေး။ နင် ဘယ်တော့မွေးမှာလဲ။ ultra-sound ရော ရိုက်ကြည့်ပြီးပြီလား။ ဘာလေးလဲ။

ဟွန်း .. ခုမှမေးဖော်ရ ... ယောက်ျားလေးပါတဲ့ရှင်။ ရိုက်ကြည့်ပြီးပြီ။ ရှေ့လထဲမွေးမှာ။ မောင် ... သားကို နင့်နာမည် ပေးလိုက်မယ်နော်။ မကောင်းဘူးလား။

ကျွန်တော့်မျက်နှာတွေ ပူထူသွားပါသည်။

အာ နင်ကလဲ။ မနောက်ပါနဲ့ဟာ။

နောက်တာမဟုတ်ဘူး မောင်ရဲ့။ အကောင်းပြောတာ။ သားကို နင့်နာမည်ပေးလိုက်မယ်။ နော်။ ခုတော့ သွားပြီ။ ငါ လမ်းလျှောက်ထွက်လာတာ။ ငါတို့အိမ်က ဒီရှေ့လမ်းထဲမှာပဲ။ သွားပြီနော် မောင်။ တာ့တာ။

ကျွန်တော် ကျန်ခဲ့ပြန်ပါသည်။ ငိုင်၍ ကျန်ခဲ့ခြင်းဖြစ်သည်။ နောက်လှည့်ကြည့်တော့ ပိပိက တခွိခွိရီနေပြီ။ အိမ်ပြန်ရောက်တော့ ပိပိက ယုန်လေးကို ဖုန်းဆက်ပြီး ဖွသည်။ ယုန်လေးက chat room ထဲမှာ ဖွထားနှင့်သည်။ နောက်နေ့ ကျွန်တော် chat-room ထဲရောက်တော့ အားလုံးက ဝိုင်းနုတ်ဆက်ကြသည်။ ...

ကိုရဲဝင်းလာပြီ။ ကိုရဲဝင်း ... မကြည်ပြာနဲ့တွေ့ခဲ့တယ်ဆို။ ဝါးဟားဟား ...

ထိုစဉ်က လွင်မိုးနှင့် ထွန်းအိန္ဒြာဗို သရုပ်ဆောင်ထားသော ကြည်ပြာရောင် နက္ကတစ်များ ဇာတ်ကား ရုံတင်နေသည်။ လွင်မိုးကို ၆၄ ပေါင်သာရှိသော ရဲဝင်းနှင့် အစားထိုးရသည်မှာ တော်တော် ဂွတီးဂွကျ နိုင်လှသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ နာမည်တစ်လုံးထပ်တိုးသွားသည်။

ယခုထိ ယနေ့ထိ ... ထိုကိစ္စကိုသိသော သူငယ်ချင်းများက ရဲဝင်းဟု ခေါ်ဆဲ။ ခေါ်ကြဆဲ။

````````````````````````````````````````````````````````````````````````````

ကိုရဲရေ ... ရဲဝင်း လို့ တစ်ခါခေါ်သံကြားတိုင်း ... ခင်ဗျားကိုရော၊ ခင်ဗျားရဲ့ မကြည်ပြာ (သို့မဟုတ် မသီတာ)၊ ကျွန်တော့်ရဲ့မကြည်ပြာ၊ အကုန်လုံးကို သတိရနေဦးမှာပါ။ တစ်ခါခေါ်သံကြားတိုင်း တစ်ခါ ရင်မှာ နွေးထွေးလှိုက်မောနေရဦးမှာပါ။

အဲဒီနေ့ဟာ မိုးမရွာ၊ ဖုန်ထူပြီး လေတိုက်တဲ့နေ့တစ်နေ့ ဖြစ်ကြောင်းကိုပါပေါ့။