Showing posts with label ဖျက်မရသောအတိတ်. Show all posts
Showing posts with label ဖျက်မရသောအတိတ်. Show all posts

Monday, October 26, 2009

ဖျက်မရသောအတိတ် ၈ - ကျွန်တော်နှင့် မကြည်ပြာ

ကိုရဲဆုံးပြီလို့ အောင်ဘာလေက လာပြောသည်။ သိပ်တော့ မယုံချင်သေး။ သူက သတင်းအခိုင်အမာရလို့ပြောတာပါ လို့ ဆိုလာသည်။ ရင်တထိတ်ထိတ်နှင့် ဆက်စောင့်ရသည်။ သိပ်မကြာခင် နောက်တစ်ယောက်က link တစ်ခုလှမ်းပေးသည်။ အစ်မ မနော်ဟရီရဲ့ blog။ သတင်းသေချာသွားပြီပေါ့။

စိတ်မကောင်းခြင်းကြီးစွာနဲ့ပဲ လက်ခံလိုက်ရသည်။ ကိုရဲစာတွေ နောက်ထပ်ဖတ်ရဖို့မရှိတော့။ အစ်မမနော်ဟရီက သူ့ကိုဆူတော့ သူက ဟိုမှာသားကြီးရှိတယ်။ ရွှေဘုန်းရှိတယ် ကိုအောင်မင်းသိမ်းရှိတယ် ပျော်စရာကြီးလို့ ပြန်ပြောဖူးသည်။ ခုတော့လဲ သူတို့တွေနဲ့ပျော်ပျော်ရွှင်ရွှင် မကြည်ပြာဇာတ်လမ်းတွေများ ဆက်ရိုက်နေလေမလား။ (အတည်ပြောရင်းနဲ့ ကြောင်နှစ်ကောင်ကိုမျိုးနဲ့ ဒါရိုက်တာကိုမျိုး (မောင်မျိုးမင်း) တို့ပါအတူတူရှိရင် သူပိုပျော်မယ် လို့တွေးမိသည်။ ဆရာတွေတော့ ကြားရင် ဆဲနေတော့မှာပဲ)

အပေအတေမှတ်တမ်းများကို ဆက်မရေးဖြစ်ခဲ့တာတော်တော်ကြာပြီ။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမှာတွေ နည်းနည်းရှက်နေတာလဲပါသည်။ ခု ကိုရဲကိုခေါင်းထဲရောက်လာတော့ နီကိုရဲနဲ့ တွဲလျှက်ပါလာတာက မကြည်ပြာ။ အဲဒီလိုပဲ ကျွန်တော့်ကို ရဲဝင်း ဖြစ်အောင်လုပ်ခဲ့သော မကြည်ပြာတစ်ယောက် ရှိခဲ့ဖူးသည်။ ကိုရဲအမှတ်တရ ကျွန်တော့်မကြည်ပြာအကြောင်းကို အပေအတေမှတ်တမ်းများထဲမှ တစ်ခုအဖြစ် ဆက်ရေးရသော် ကောင်းမည်ဟုတွေးမိသဖြင့် ဆက်ရေးပါသည်။ ထိုမကြည်ပြာကြောင့် သူငယ်ချင်းများက ကျွန်တော့်ကို "ရဲဝင်း" လို့ခေါ်ကြပါသည်။ ရိုက်ကွင်းပေါ်မှအလွဲများ စာအုပ်ထဲမှာ ကိုရဲက မကြည်ပြာ ကို ကားကြီးအဖြစ် ရိုက်စဉ်က ရဲဝင်း လို့ တစ်ခါခေါ်သံကြားတိုင်း တစ်ခါ ဝမ်းသာလှိုက်မောရသည် ဟုပြောဖူးပါသည်။ ခု ကျွန်တော်လည်း ရဲဝင်း ဟု တစ်ခါခေါ်သံကြားတိုင်း ကျွန်တော့်မကြည်ပြာ၊ ကိုရဲ၏မကြည်ပြာ နှင့် ကိုရဲတို့ကို သတိရ ဝမ်းသာလှိုက်မောနေရတော့မည်။

ထိုနေ့က မိုးမရွာပါ။ လေတိုက်လားမတိုက်လား ကျွန်တော်မမှတ်မိတော့။ ၈ တန်းကျောင်းသားများ၏ ထုံးစံအတိုင်း ကျူရှင်ဆရာ မလာခင် ကျွန်တော်တို့ ဆော့နေကြသည်။ ဖိုးဇော်ယူလာသော ရာဘာမြွေရုပ်လေးနှင့်ဆော့နေခြင်းဖြစ်ကြောင်း ကျွန်တော်မှတ်မိပါသည်။ အချင်းချင်း စရင်းနောက်ရင်းဖြင့် တစ်ခါတွင် ထိုမြွေရုပ်မှာ ဘယ်သူပစ်လိုက်မှန်းမသိပဲ ကျွန်တော်တို့အုပ်စုတွင်းမှကျော်ပြီး အတန်းရှေ့ဘက်ရှိ မိန်းကလေးအုပ်စုအတွင်းသို့ ကျသွားပါသည်။ လန့်အော်သံများကြားရပြီး ဆူဆူညံညံဖြစ်ကုန်သည်။ ကောင်မလေးတစ်ယောက် မေ့လဲသွားသည်တဲ့။ ရုပ်ရှင်ထဲကလိုတော့မဟုတ်ပေမယ့် နောက်တော့အဲဒီကောင်မလေးနှင့်ကျွန်တော် အခင်ဆုံးသူငယ်ချင်းတွေဖြစ်သွားသည်။ ကျွန်တော်က သူ့ကို သူ့အိမ်ကခေါ်သလိုပင် မိငယ်ဟုခေါ်ပါသည်။ မိငယ်က ချောသည်။ ယဉ်သည်။ အမြဲတမ်း ရင်ဖုံးအင်္ကျီနှင့် လုံချည်နှင့် အပြင်ထွက်တတ်သည်။ သို့သော် ... ဟုတ်ကဲ့ ... သို့သော်သူသည် ထိုအချိန်ကတည်းက အတော်လေးရည်းစားများသူဖြစ်လေသည်။

သို့နှင့်ပဲ ရှစ်တန်းမှ ကိုးတန်းသို့ရောက်လာသည်။ သူ ရည်းစားတစ်ယောက်နှင့် ပြတ်ပြန်သည်။ အသည်းကွဲသည်ဟုပြောပြီး ကျွန်တော့်ရှေ့မှာ ထိုင်ငိုနေသည်။ ကျွန်တော်က ဆရာကြီးလုပ်ပြီးသူ့ကိုဆူသည်။ မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကို တန်ဖိုးထားရကြောင်း၊ ရည်းစားများတာမကောင်းကြောင်း။ လူမလေးစားကြောင်း။ ရည်းစား ခဏခဏ မပြောင်းသင့်ကြောင်း သူ့ကို ဆူနေမိသည်။

မိငယ်အငိုတိတ်ပြီး ကျွန်တော့်ကို တစ်ခွန်းပဲပြန်ပြောပါသည်။ "စနေ ... ငါနင့်နဲ့ဆိုရင် နောက်တစ်ယောက်မပြောင်းတော့ဘူးလေ ... နော်" တဲ့။ အဲဒီတုန်းက ကိုရီးယားကားတွေ အခုလိုခေတ်မစားသေးပါ။ တီဗီမှာ မင်းသားချောစွန်းဝူခုန်း အထူးပါဝင်သရုပ်ဆောင်တဲ့ အနောက်သို့ခရီးသွားခြင်း ဇာတ်လမ်းက နာမည်ကြီးနေသည်။ ဒါပေမယ့်လဲ ကျွန်တော်တို့တွေ သမီးရည်းစားဖြစ်ခဲ့ကြသည်။

ပျော်ခဲ့သောအကြောင်းများတော့ စာမဖွဲ့လိုတော့ပါ။ ဒါပေမယ့် ကျွန်တော်တို့ ပျော်ခဲ့ကြပါသည်။ ကလေးသဘာဝ ရည်းစားထားသည် ဆိုသည်မှာ အတူသွားအတူလာခြင်း၊ မုန့်အတူစားခြင်း၊ တစ်ယောက်ပါးကို တစ်ယောက်နမ်းခြင်း စသည်မျှသာဖြစ်သည်ဟု နားလည်ရင်း ပျော်ခဲ့ကြပါသည်။ ထိုစဉ်ကအချစ်သည် ယခုအချစ်နှင့်နှိုင်းယှဉ်သော ပကတိ ဖြူစင်သန့်ရှင်းသော မေတ္တာသက်သက်သာဖြစ်ကြောင်း နောင် နှစ်ပေါင်းများစွာကြာမှ ကျွန်တော်နားလည်ခဲ့ရသည်။

နင်နဲ့ဆိုရင် နောက်တစ်ယောက်မပြောင်းတော့ပါဘူး ဟုဆိုခဲ့သော မိငယ်သည် နောက် တစ်နှစ်ကျော်အကြာ၊ ဆယ်တန်းကျောင်းများ ပြန်ဖွင့်ပြီး တစ်လခန့်အကြာတွင် နောက်တစ်ယောက် ပြောင်းသွားခဲ့ပါသည်။ ဤနေရာတွင် ရက်ရက်စက်စက်ဟူသောစကားကို ကျွန်တော်မသုံးပါ။ အဘယ်ကြောင့်ဆိုသော် မိငယ်သည် မရက်စက်တတ်သောကြောင့်ဖြစ်သည်။ သူသည် ငြင်ငြင်သာသာလေးပင် နောက်တစ်ယောက်ဆီသို့ ပြောင်းသွားခဲ့ပါသည်။

မောင် ... နင်နဲ့ငါ သူငယ်ချင်းပဲပြန်လုပ်ရအောင်ဟာ။ နော်။ နော်လို့။

နင် ဘာဖြစ်လို့ အဲဒီလိုပြောရတာလဲငယ်ရယ်။ မပြောပါနဲ့ဟာ။ နော်။

နင်က ငါ့ကို ဂရုမှ မစိုက်တော့တာ။ ငယ်ပျင်းတာပေါ့။ မောင်ကကျောင်းလဲနေ့တိုင်းတက်တယ်။ ကျူရှင်လဲ ငယ်နဲ့ အတူမတက်တော့ဘူး။ ငယ့်ဆီကို တစ်ပတ်တစ်ခါတောင် မနည်းလာနေရတာမဟုတ်လား။ သူငယ်ချင်းပဲပြန်လုပ်ပါမောင်ရာ။ လိမ္မာပါတယ်ဟာ။ နော်။ ပြီးတော့ ....

ပြီးတော့ ဘာဖြစ်လဲငယ်။ နင့်ကို ငါ့ထက်ပိုဂရုစိုက်တဲ့သူ ရှိနေပြီမို့လို့လား။

ဟုတ်တယ်မောင်။ သူက ငယ်နဲ့ ကျူရှင်အတူတူတက်တာဆိုတော့ မောင့်ထက် အများကြီးပိုပြီး အချိန်ပေးနိုင်တယ်။ ငယ့်ကိုလဲ အရမ်းချစ်တယ်။ ငယ် သူ့ကို ပြန်ကြိုက်ချင်လို့။ အဲဒါ မောင် ငယ်နဲ့ သူငယ်ချင်းလုပ်ပေးကွာ။ နော်။

... အေးပါငယ်ရယ်။ ... အဲဒီလိုလုပ်မှ နင်ပျော်မယ်ဆိုရင် ငါနင့်သဘောအတိုင်း လုပ်ပေးဖို့အဆင်သင့်ပါ။

ဝေး ... ဒါမှမောင်ကွ (ရွှတ်) ဒါမို့လို့ မောင့်ကိုငယ်အရမ်းချစ်တာ။ လာ .. သူငယ်ချင်းပြန်ဖြစ်တဲ့ အထိမ်းအမှတ်နဲ့ မုန့်သွားစားမယ်။ လျှောက်လည်မယ်။

ငယ်သည် ဤသို့တတ်နိုင်သော ကောင်မလေးတစ်ယောက်ဖြစ်သည်။ သူ ငြင်ငြင်သာသာလေး ကျွန်တော့်ကိုထားခဲ့သလို ကျွန်တော်လည်း ငြင်ငြင်သာသာလေး အသည်းကွဲခဲ့ပါသည်။ ငယ်နှင့်ကျွန်တော် နှစ်တွေအများကြီး (အများကြီးဟုထင်ပါသည်) ကွဲကွာသွားခဲ့ပါသည်။

တစ်ရက်၊ ကျွန်တော်၊ ယုန်လေးနှင့် ပိပိ တို့ မြရိပ်ညိုရှိုးပွဲ သွားကြည့်ကြသည်။ ပြန်ထွက်အလာတွင် လူအုပ်ထဲမှ ခေါ်သံတစ်သံကြားလိုက်ပါသည်။

မောင် ... မောင်ရေ။ ငယ်ဒီမှာ။

၅ နှစ်ကြာခဲ့ပေမယ့် မနေ့တစ်နေ့ကပင် ခေါ်ခဲ့သေးသလိုမျိုး၊ အသံသည် စိမ်းမနေပဲ ရင်းနှီးနွေးထွေးနေသည်။

ငယ် .... ကျွန်တော် ကမန်းကတမ်း လိုက်ရှာမိသည်။ ဟော ... တွေ့ပါပြီ။ လူအုပ်ကြားထဲမှာ ငယ့်မျက်နှာလေးတွေ့ရသည်။ လွန်ခဲ့သော ၅ နှစ်ကလိုပင် လန်းဆန်းနုပျိုဆဲဟု စိတ်ထဲမှာထင်မိသည်။

ငယ် ... ဟယ် .. .နင် ဝလာလိုက်တာ ... အဲလေ ... ဟိုက် ....

ကျွန်တော် ဘာပြောရမှန်းမသိပဲ စကားတစ်ဝက်တစ်ပျက်မှာ ရပ်သွားပါသည်။

မောင်။ နင်ကတော့လုပ်ပြီ။ ဒါ ဝ တာဖြစ်မလား။ သေချာလဲကြည့်ပါဦး။

သေသေချာချာကြည့်စရာမလိုပဲ ကျွန်တော်သိလိုက်ပါသည်။ ငယ့်မှာ ကိုယ်ဝန်ကြီးနှင့်ဖြစ်လေသည်။ ကိုယ်ဝန်ကြီးမှ အတော်ကို နေ့စေ့လစေ့ဖြစ်နေသော ကိုယ်ဝန်ကြီးဖြစ်သည်။

နေဦး။ ငယ်မိတ်ဆက်ပေးဦးမယ်။ ဒါ ငယ့်အမျိုးသားလေ။ ကို ........... ပေါ့။ ကို .. ဒါ ငယ့်အချစ်ဆုံးသူငယ်ချင်းလေ။ .............. ပေါ့။

ဟုတ် ... တွေ့ရတာ ဝမ်းသာပါတယ်။ (လက်ဆွဲနှုတ်ဆက်လိုက်ကြသည်)

ငယ် စကားတွေပြောပါသည်။ သူငယ်ချင်းတွေအကြောင်းရော ဘာရော ... ကျွန်တော် မကြားတစ်ချက် ကြားတစ်ချက်။ အသံတို့သည် ဝေးသွားလိုက် နီးလာလိုက် ...

မောင် ... နင်ကလဲ စကားလေးဘာလေးပြောလေဟာ

အော် ... အေး။ နင် ဘယ်တော့မွေးမှာလဲ။ ultra-sound ရော ရိုက်ကြည့်ပြီးပြီလား။ ဘာလေးလဲ။

ဟွန်း .. ခုမှမေးဖော်ရ ... ယောက်ျားလေးပါတဲ့ရှင်။ ရိုက်ကြည့်ပြီးပြီ။ ရှေ့လထဲမွေးမှာ။ မောင် ... သားကို နင့်နာမည် ပေးလိုက်မယ်နော်။ မကောင်းဘူးလား။

ကျွန်တော့်မျက်နှာတွေ ပူထူသွားပါသည်။

အာ နင်ကလဲ။ မနောက်ပါနဲ့ဟာ။

နောက်တာမဟုတ်ဘူး မောင်ရဲ့။ အကောင်းပြောတာ။ သားကို နင့်နာမည်ပေးလိုက်မယ်။ နော်။ ခုတော့ သွားပြီ။ ငါ လမ်းလျှောက်ထွက်လာတာ။ ငါတို့အိမ်က ဒီရှေ့လမ်းထဲမှာပဲ။ သွားပြီနော် မောင်။ တာ့တာ။

ကျွန်တော် ကျန်ခဲ့ပြန်ပါသည်။ ငိုင်၍ ကျန်ခဲ့ခြင်းဖြစ်သည်။ နောက်လှည့်ကြည့်တော့ ပိပိက တခွိခွိရီနေပြီ။ အိမ်ပြန်ရောက်တော့ ပိပိက ယုန်လေးကို ဖုန်းဆက်ပြီး ဖွသည်။ ယုန်လေးက chat room ထဲမှာ ဖွထားနှင့်သည်။ နောက်နေ့ ကျွန်တော် chat-room ထဲရောက်တော့ အားလုံးက ဝိုင်းနုတ်ဆက်ကြသည်။ ...

ကိုရဲဝင်းလာပြီ။ ကိုရဲဝင်း ... မကြည်ပြာနဲ့တွေ့ခဲ့တယ်ဆို။ ဝါးဟားဟား ...

ထိုစဉ်က လွင်မိုးနှင့် ထွန်းအိန္ဒြာဗို သရုပ်ဆောင်ထားသော ကြည်ပြာရောင် နက္ကတစ်များ ဇာတ်ကား ရုံတင်နေသည်။ လွင်မိုးကို ၆၄ ပေါင်သာရှိသော ရဲဝင်းနှင့် အစားထိုးရသည်မှာ တော်တော် ဂွတီးဂွကျ နိုင်လှသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ နာမည်တစ်လုံးထပ်တိုးသွားသည်။

ယခုထိ ယနေ့ထိ ... ထိုကိစ္စကိုသိသော သူငယ်ချင်းများက ရဲဝင်းဟု ခေါ်ဆဲ။ ခေါ်ကြဆဲ။

````````````````````````````````````````````````````````````````````````````

ကိုရဲရေ ... ရဲဝင်း လို့ တစ်ခါခေါ်သံကြားတိုင်း ... ခင်ဗျားကိုရော၊ ခင်ဗျားရဲ့ မကြည်ပြာ (သို့မဟုတ် မသီတာ)၊ ကျွန်တော့်ရဲ့မကြည်ပြာ၊ အကုန်လုံးကို သတိရနေဦးမှာပါ။ တစ်ခါခေါ်သံကြားတိုင်း တစ်ခါ ရင်မှာ နွေးထွေးလှိုက်မောနေရဦးမှာပါ။

အဲဒီနေ့ဟာ မိုးမရွာ၊ ဖုန်ထူပြီး လေတိုက်တဲ့နေ့တစ်နေ့ ဖြစ်ကြောင်းကိုပါပေါ့။





Wednesday, July 22, 2009

ဖျက်မရသောအတိတ် ၇ - အတိတ်ခါးခါး

ငစနေတစ်ယောက် ဘလော့ဘက် ခြေဦးလက်ဦး ဘာဦးမှ မလှည့်ဖြစ်ခဲ့သည်မှာ ကြာချေပြီ။ ဟိုအကြောင်းပြ ဒီအကြောင်းပြ ပြချင်ရာပြလို့ရသော်လည်း တစ်ကယ့်အကြောင်းအစစ်မှန်က ပြန်မလှန်လိုသော အတိတ်တို့ကြောင့်ဖြစ်သည်။ သို့သော်လည်း အတိတ်ဆိုသည်မှာမဖျက်စကောင်း၊ ပေးထားသောခေါင်းစဉ်ကလဲ ဖျက်မရသောအတိတ် ဆိုတော့ မရေးချင်လဲ ရေးရတော့သည်။ သူများအတွက် အထူးအဆန်းတော့ ဟုတ်ချင်မှဟုတ်မည်။ ငစနေအတွက်တော့ အသေအမွှားသည်လဲ မမေ့နိုင်စရာတွေပင်ဖြစ်သည်။

ချန်လှပ်သင့်တာကို ချန်လှပ်၍ ဇာတ်လမ်းကိုဆက်ရသော် ဆိုရှယ်လစ်စနစ်ကို သည်းမခံနိုင်သောသူတို့သည် ၁၉၈၈ တွင် မိမိတို့ဆန္ဒကို ထုတ်ဖော်ပြသကြလေတော့သည်။ ထိုနှစ်အစောပိုင်းလေတွင်ပဲ ငစနေ့အဖေသည် မြန်မာပြည်မြောက်ဖျားပိုင်း မြို့တစ်မြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေ ဟူသော အမိန့်စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ အဖေကတော့ ဘာမှတုန့်ဆိုင်းမနေ၊ သွားဆိုလျှင် ကြောပိုးအိတ်တစ်လုံးလွယ်ပြီး ဘယ်လိုသွားရသွားရ ဘယ်ကိုသွားရသွားရ သွားလိုက်သည်သာဖြစ်သည်။

အခြေအနေတွေက မကောင်းရာက ပိုပိုဆိုးလာသည်။ တစ်ရက် ကျောင်းတက်နေတုန်း အတန်းထဲသို့ အဖေအစ်ကိုဝင်လာသည်။ မလာစဖူး ရောက်လာသော ဘဘကြီးကိုကြည့်၍ ဖိုးစနေ အံ့အားသင့်သွားသည်။ ဘဘကြီးနှင့် ဆရာမတို့ တီးတိုးတိုင်ပင်ပြောဆိုကြပြီးနောက် ဆရာမကဖိုးစနေ၊ ဘဘကြီးနဲ့ ပြန်လိုက်သွားလိုက် ဟိုပြောသည်။ ထိုစဉ်မှာပဲ တစ်ခြားကျောင်းသားတွေကိုလဲ ကျောင်းသားမိဘတွေ လာခေါ်ကြသည်။ အပြင်မှာ အမေနှင့် ဘဘကြီးသားအလတ် ကိုလေးတို့က ကားနှင့်စောင့်နေကြသည်။ ချက်ချင်းပင် ဖိုးစနေတို့ အိမ်ကိုပြန်လာကြသည်။ အိမ်ရောက်တော့ မေမေက ဖိုးစနေတို့ကျောင်းတွေ ခဏပိတ်သည်ဟုပြောသည်။ တက္ကသိုလ်ကျောင်းသားကြီးတွေ ဆန္ဒပြကြသည်တဲ့။ ရဲတွေ လုံထိန်းတွေက သေနတ်နှင့်ပစ်ကြသည်တဲ့။ ကံကောင်းခြင်း ၂ ဆင့်ထပ်သော ၇ ရက် ၇ လသည် ရုတ်တရက် အကျည်းတန်လေသည်။

ဖေဖေနှင့် အဆက်အသွယ်မရ။ ရန်ကုန်နှင့် မြန်မာပြည်မြောက်ဖျားပိုင်းဆက်သွယ်ရေးက လုံးဝပြတ်တောက်လုနီးပါး။ တိုင်းရင်းသားတပ်ဖွဲ့များကြီးစိုးရာနယ်မြေမို့ အစိုးရဝန်ထမ်းတစ်ယောက်အနေနှင့် အတော်ပင် အန္တရာယ်များလှသည်။ လမ်းမတွေမှာ ဘုန်းမော် ဘုန်းမော် ဟူသောအသံတွေ ဆူညံနေသည်။ မေမေ့ကို ဘုန်းမော်ဆိုတာ ဘယ်သူလဲလို့မေးကြည့်တော့ တက္ကသိုလ်ကျောင်းသားအစ်ကိုကြီးတစ်ယောက်တဲ့။ ဆန္ဒပြရင်း လုံထိန်းတွေလက်ချက်နဲ့ သေသွားတယ်တဲ့။

လူတွေမကျေနပ်ချက်က ပိုများလာသည်။ နိုင်ငံတော်သမ္မတကြီးက စစ်တပ်ဆိုတာမိုးပေါ်ထောင်မပစ်ဘူး ပစ်ရင် တည့်တည့်ပစ်တယ် ဟုပြောသည်။ သို့သော် သူအလုပ်ကထွက်သွားသည်တဲ့။ သူ့နေရာတွင် နောက်ထပ်တစ်ယောက်ဝင်လာသည်။ ဆန္ဒတွေ မစောကြပါနဲ့၊ ဒီမိုကရေစီပန်းတိုင်ကို အတူတူချီတက်ကြတာပေါ့ ဟုပြောသည်။ ဒီမိုကရေစီဆိုသော စကားလုံးအသစ်တစ်ခု ထိုရက်ပိုင်းတွင် တော်တော်ကြားလာရသည်။ ထို နဖူးပြောင်ပြောင်လူကြီးလဲ သိပ်ကြာကြာမခံလိုက်ပါ။ အလုပ်ထွက်သွားပြန်သည်။ မေမေက ရုံးသွားနေရဆဲဖြစ်သည်။ ဖိုးစနေတို့ကျောင်းမှာ ရေတပ်က စစ်သားများဝင်နေကြသည်ဟုပြောသည်။ စစ်တပ်ကိုမကြိုက်လို့ စစ်တပ်ကနေ ခွဲထွက်လာသည်တဲ့။ လမ်းထိပ်မှာ TE11 စစ်ကားကြီးနှင့် စစ်သားများ သီချင်းတွေဖွင့်ပြီးရောက်လာသည်။ လူတွေကစံပါယ်ပန်းတွေ သပြေပန်းတွေနှင့် ကြိုဆိုကြသည်။ စစ်တပ်သည် ပြည်သူဘက်ကတစ်သားတည်းနေသည်ဟု သူတို့ကပြောကြသည်။ ဘာတွေမှန်းမသိပါ။ စစ်တပ်က လူထုဘက်ကဟုပြောသော်လည်း ဖိုးစနေတို့ဦးလေးများ၊ လမ်းထဲမှ အစ်ကိုကြီးများ အလုပ်ရှုပ်နေကြသည်။ လမ်းကို ဟိုဘက်ဒီဘက်ပိတ်၍ နံရံအမြင့်ကြီးများကာပြီး ကင်းစင်များဆောက်သည်။ လူကြီးများအကုန်လုံး အလှည့်ကျကင်းစောင့်ရသည်။

ရုတ်တရက် အကြောင်းမကြားပဲ ဖေဖေပြန်ရောက်လာသည်။ ခွင့် ၃ ရက်ရ၍ ပြန်လာသည်တဲ့။ သံကြိုးရိုက်ထားတယ် မရဘူးလားဟုမေးသည်။ ကြေးနန်းရုံးကြီးမှာ ဝန်ထမ်းတွေမရှိတော့တာ ဖေဖေမသိ။ မြောက်ဖျားပိုင်းတွင် ရန်ကုန်သတင်း ဘာမှမကြားဟုပြောသည်။ ရန်ကုန်နှင့်နီးလာမှ သတင်းတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ကြားလာရသည်တဲ့။ ဖေဖေသည် ဝန်ထမ်းကောင်းပီသစွာပင် ခွင့် ၃ ရက်စေ့သောအခါ ကျောပိုးအိတ်ကောက်လွယ်လေသည်။ ပြန်တော့မည်ဟုပြောသည်။ မေမေက အခြေအနေမကောင်း၊ ရန်ကုန်မှာပဲခဏနေပြီးမှ အေးအေးဆေးဆေးဖြစ်မှ ပြန်ရန်ပြောသည်ကိုလက်မခံ၊ အတင်းပြန်သွားသည်။ ထိုညတွင် နိုင်ငံတစ်ကာသတင်းဌာနများမှ နောက်နေ့တွင် ရန်ကုန်မြို့မှာ အထွေထွေသပိတ်ကြီးဆင်နွှဲမည်ဖြစ်ကြောင်း ကြေငြာကြသည်။ တရုတ်များ၏အယူအဆ ၈ နှစ်ထပ်ကွမ်းသည် ပျော်ရွှင်မှုများကို တစ်ကယ်ဆောင်ကျဉ်းမပေးနိုင်ကြောင်း သိလိုက်ရလေသည်။

Thursday, February 28, 2008

ဖျက်မရသောအတိတ် ၆ - မူလတန်း၏ နောက်ဆုံးနေ့များ

ငစနေတစ်ယောက် အလုပ်တွေများလိုက်တာမှ အမေတို့ပြောသလို ယားတာတောင် မကုတ်အားလို့ ထုံးတို့ပြီးမှတ်ထားရတယ် ဆိုတဲ့အတိုင်းပါပဲ။ မယားလို့ ထုံးမတို့လိုက်ရပေမယ့် တစ်ပတ်လောက်ဆက်တိုက် နေ့လည်စာလွတ်သွားတဲ့ဒဏ်က အရင်ရှိထားဖူးတဲ့ အစာအိမ်ပြဿနာကို ပြန်အစဖော်လာပါတယ်။ ကိုယ့်အကြောင်းကိုယ်သိပြီး ခြင်္သေ့ကျွန်းမှာ ရောဂါတစ်ခါဖြစ်ရင် အနည်းဆုံး ၃၀၀ လောက် အောက်ထစ်ကုန်တတ်တာမို့ အခြေအနေမဆိုးခင် အလုပ်ကိုလျှော့ပြီး ကျန်းမာရေးအခြေအနေကို ကမန်းကတမ်းပြန်ထိန်းလိုက်ရတယ်။ အစ်မတွေ အစ်ကိုတွေကလဲ အော်လှပြီမို့ ဒီနေ့တော့ အလုပ်များချင်ယောင်ဆောင်ပြီး Blog တင်မယ့် post တစ်ခု ခိုးရေးဖြစ်ပါတယ်။ ရုတ်တရက် အသစ်ရေးဖို့ အကြံမရတော့လဲ ရေးလက်စ အဟောင်းဖြစ်တဲ့ ငယ်ဘဝအကြောင်းကိုပဲ ဆက်ရေးရတာပေါ့။

ငစနေ၏ငယ်ဘဝ၌ အထင်ရှားဆုံးအမူအကျင့်ကိုပြောပြပါ ဆိုလျှင် အပျင်းထူခြင်းပင် ဖြစ်လေသည်။ အထူးသဖြင့် ကျောင်းစာကိုလုပ်ရမှာပျင်း၏။ အမေကတော့ ငစနေတို့များ ကျောင်းစာဆိုရင် တီ ဆားကြောက်တာထက်တောင် ကြောက်သေးတယ် လို့ပြောတတ်သည်။ ဟုတ်ပ။ ထိုကျောင်းစာလုပ်သည့်အထဲမှာမှ အပျင်းဆုံးမှာ ကျောင်းမှ သင်ပြီးသားစာများကို ပြန်လုပ်ရခြင်းပင်ဖြစ်သည်။ ငစနေတို့ငယ်ငယ်တုန်းက ကျူရှင်သင်ကြားပုံမှာ ယနေ့ဆရာများကဲ့သို့မဟုတ်ပေ။ ရောက်သည်နှင့် ဆရာမက ဒီနေ့ ကျောင်းမှာ ဘာသင်လဲ ဆိုတာ အရင်မေးသည်။ သင်္ချာသင်သည့်နေ့ဆိုလျှင် အကုန် အစအဆုံး တစ်ခေါက်ပြန်တွက်ရသည်။ ကျက်စာပါလာလျှင် ချက်ချင်း ကျက်ပြီး ပြန်အံ (အလွတ်ပြန်ဆို) ရသည်။ ငစနေကလဲ ဒါမျိုးဆို ပျင်းမှပျင်း။ ကျူရှင်ဆရာမနှင့် ခဏခဏ ပြဿနာတက်ဖန်များလာတော့ အမေ့ကို ကျူရှင်မတက်တော့ဟု ငစနေကြေငြာလေသည်။ (အဲဒါ ၂ တန်းကျောင်းသားတဲ့နော်)။ အမေကတော့ အေးအေးဆေးဆေးပင်၊ “အေးလေ။ နင်ပျင်းရင်လဲ မတက်နဲ့ပေါ့။ လပတ်စာမေးပွဲမှာ အဆင့် ၁၀ အောက် မကျစေနဲ့။ ကျရင်တော့ နင့်ကိုကျူရှင်ပြန်ပို့မယ်” ဟုသာ ပြောလေသည်။ အလွန်ပေ အလွန်ကတ်သော ငစနေကလဲ အဆင့် ၇၊ ၈၊ ၉ တို့ကိုသာ တစ်လှည့်စီယူ၍ ကျူရှင်တက်ခြင်းမှ ကင်းလွတ်အောင်ကြံဆောင်တော့သည်။

စတုတ္ထတန်းသို့ရောက်သောခါ ငစနေတစ်ယောက် ရင်တထိတ်ထိတ်ပေါ့။ အစိုးရစစ်ပေကိုး။ အစ်မလုပ်သူက လေးတန်းအစိုးရစစ်မှာ ဂုဏ်ထူးတွေ တပွေ့တပိုက် ရထားလေတော့ ငစနေ့အလှည့်ကျမှ ဘာမှမရရင် ခေါင်းကျိန်းပေတော့မည်။ ကိုယ့်မာနနဲ့ကိုယ် ကျူရှင်ကလဲ ပြန်မတက်ချင်သည်မို့ စာကိုသာ အသေကုန်းရုန်းကျက်ရတော့သည်။ ကျောင်းမှ ဆရာမများကလဲ “လေးတန်းကို ဘာမှတ်နေလဲ။ ဒါ အစိုးရစစ် စာမေးပွဲ၊ ၈တန်းတို့ ၁၀ တန်းတို့နဲ့ အတူတူပဲ ” ဟုဆိုကာ အတင်းမောင်းအ တင်းတွန်းကြသည်။ မနှစ်က စာမေးပွဲတုန်းက ကျောင်းမှ မြို့နယ်အလိုက် ပထမရသူတစ်ယောက် ပါသည်မို့ ဒီနှစ် မြို့နယ်ဆုတွေ ပိုများများချိတ်အောင် ကြိုးစားကြသည်။ အထူးသဖြင့် အတန်းပိုင်ဆရာမ သင်သော သင်္ချာနှင့် ပထဝီက အဆိုးဆုံး။ သင်္ချာဆိုလျှင် တစ်ခါသင်လျှင် အခန်းတစ်ခန်း ပြတ်အောင်သင်ပြီး ရှိသမျှ လေ့ကျင့်ခန်းအကုန် အိမ်စာပေးပစ်လေ့ရှိသည်။ အိမ်မှာ ငစနေတစ်ယောက် စာချည်းပဲ ကုန်းရုန်းလုပ်နေသည်မို့ လူကြီးများကပင်အံ့သြသော အမူအယာ ပြကြသည်။ ဒီလိုနဲ့ ပထမအစမ်း စာမေးပွဲကြီးမှာ တစ်ဖြည်းဖြည်း နီးကပ်လာလေတော့သည်။

ပထမအစမ်း စာမေးပွဲစစ်ခါနီး တစ်လခန့်အလိုတွင်တော့ ဆရာမက ငစနေတို့ကို အလွန်ဝမ်းသာစရာ သတင်းစကားတစ်ခု ပေးလေတော့သည်။ ထိုသတင်းမှာကား ယခုနှစ်မှစ၍ လေးတန်းစာမေးပွဲကို အစိုးရမှ တာဝန်ယူစစ်ဆေးခြင်းကို ရပ်ဆိုင်းပြီး မိမိ သက်ဆိုင်ရာ ကျောင်းများအလိုက်သာ စာမေးပွဲများ ကျင်းပကြရန် ဟူသော သတင်းပင် ဖြစ်လေတော့သည်။ ငစနေတို့ ပျော်လိုက်တာမှ ဘာပြောကောင်းမလဲ။ လေးတန်းနှစ်ကား အပျော်များ စုနေသောနှစ်ဟု ဆိုရမလားပင် မပြောတတ်၊ ပထမအစမ်း စာမေးပွဲပြီး၊ သတင်းကျွတ်ကျောင်းပိတ်ရက်မှ ကျောင်းပြန်ဖွင့်ပြီးသိပ်မကြာခင်မှာပင် အတန်းပိုင်ဆရာမ သင်သော သင်္ချာနှင့်ပထဝီမှာ သင်ရိုးအကုန် ကျွတ်သောအခြေအနေသို့ရောက်တော့သည်။ သင်ရိုးကုန်ပြီဆိုတာနဲ့ အတန်းပိုင်ဆရာမက ခွင့်ရက်ရှည်ယူလေသည်။ မီးဖွားခွင့် တဲ့။ မင်းတို့ အတန်းတင်စာမေးပွဲနားနီးမှ ပြန်လာမယ်။ သိပ်မဆော့နဲ့၊ ငစနေ၊ ဆရာမမရှိရင် မင်းအတန်းထိန်းရမယ်နော်။ ဟု နှုတ်ဆက်ကာ ခွင့်ယူသွားလေတော့သည်။ ငစနေတို့မှာ ပျော်မဆုံးတော့။ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သမိုင်းတို့သာ သင်ရန်ကျန်တော့သည်ကိုး။ အားနေသောအချိန်များတွင် ငစနေတို့ ၂ တန်းနှင့် ၃ တန်းမှ ဆရာမများကို အမှတ်ကူခြစ်ပေးခြင်း၊ စာမေးပွဲကူစစ်ပေးခြင်း၊ စာကူသင်ပေးခြင်း စသည်ဖြင့်သွားရောက်ကူညီကာ အငယ်တန်းများအား ဆရာကြီးလုပ်ကြသည်။

အတန်းခေါင်းဆောင်ဆိုသော တာဝန်မှာ ဆရာမမရှိသောအခါ အတန်းသော့ကို ထိန်းသိမ်းရသော တာဝန်လဲ တစ်ခုပါလာလေသည်။ သော့ကိုင်ရတော့ မနက်ကို သူများမရောက်ခင် စောစောရောက်အောင်သွားပြီး အတန်းဖွင့်ပေးရတာပေါ့။ မဟုတ်ရင် ကျောင်းသားတွေ အတန်းထဲမဝင်ပဲ အပြင်မှာသောင်းကျန်းနေရင် ငစနေနဲ့ ကျောင်းအုပ်ဆရာမကြီးနဲ့ ကွိုင်တက်ပေလိမ့်မည်။ ငစနေက ကျောင်းနှင့်အ မေ့ရုံးနှင့် နီးသည်မို့ အမြဲတမ်း အမေ့ရုံးကားနှင့်သာ လိုက်လေ့ရှိသည်။ ယခု စောစောသွားဖို့ကျတော့ ရုံးကားစီး၍ မဖြစ်တော့။ အဖေကလဲ နယ်မှာတာဝန်ကျနေသည်မို့ လိုက်မပို့နိုင်၊ အမေကလဲ မနက်စာ ထမင်းချိုင့်ကိစ္စ အလျင်မှီအောင် လုပ်ရတော့ စောစောလိုက်မပို့နိုင်ပေ။ အမေ့ကိုဘယ်လိုလုပ်ရမလဲမေးတော့ “ငစနေရယ်။ နင် ကိုယ့်ဖာသာကိုယ်သွားပေါ့။ ငါရောက်တော့မှ ထမင်းချိုင့်လာပေးမယ်” ဟုပြောလေသည်။ ဤသို့နှင့် လေးတန်းကျောင်းသား ငစနေတစ်ယောက် ကျောက်မြောင်းရှိအိမ်မှ မြို့လည်ခေါင်ရှိကျောင်းသို့ မနက်စောစော တစ်ယောက်တည်း ကျောင်းတက်လေတော့သည်။ ဆွေမျိုးများသိသော် အမေ့ကို ဝိုင်းအပြစ်တင်ကြသည်။ ကလေးကို တစ်ယောက်တည်းလွှတ်ရကောင်းလားပေါ့။ အမေကတော့ အေးအေးဆေးဆေးပင် “သူသွားတတ်ပါတယ်” ဟုသာ ပြန်ပြောတတ်သည်။ တစ်ချို့က နယ်ရောက်နေသော အဖေ့ကို လှမ်းတိုင်ကြသည်။ အဖေကလဲ “နင်တို့သားအမိနဲ့တော့ ခက်ပါတယ်” ဆိုတာထက် ပိုမပြောပေ။ အမေသည် ငစနေ့အတွက် တစ်ကယ်ပင် အရေးပါသော ပဲ့ကိုင်တစ်ယောက်၊ ပန်းပွတ်သမတစ်ယောက် ဖြစ်သည်။

ဒီလိုနဲ့ပဲ ငစနေ၏ မူလတန်းရက်များ ကုန်ဆုံးခဲ့တော့သည်။

Saturday, February 02, 2008

ဖျက်မရသော အတိတ် ၅ - ရာထူး၊ ထိုင်ခုံနှင့် အာဏာ

ငယ်ဘဝအကြောင်းနည်းနည်းပြန်ဆက်ဦးမည်။

ရာထူးဆိုတာ ရူးတာ လို့တော့ လူရွှင်တော်တွေ အငြိမ့်မှာ ပျက်လုံးထုတ်ကြသည်။ အမှန်က ရာထူးဆိုတာ မရသူတွေအတွက်သာ မကောင်းတာ၊ ရထားသူတွေအတွက်က ကောင်းမှကောင်းဗျ။ ငစနေ ရာထူးအကြောင်းစသိတာ ၁ တန်းကျောင်းသားဘဝကတည်းကပေါ့။ ငစနေက အသက် ၅ နှစ်ခွဲမှာမှ ကျောင်းစတက်ရတာဆိုတော့ အတန်းထဲမှာ နည်းနည်း အကောင်ကြီးသည်။ ဆရာမတွေ သတိထားကြတာပေါ့။ သူငယ်တန်းကျောင်းစဖွင့်လို့ ဘာမှသိပ်မကြာလိုက် ပြဿနာက တက်တော့သည်။ ဖြစ်တာက ဒီလို၊ မင်းမင်းဆိုတဲ့ကောင်က ငစနေနဲ့ တစ်ခုံတည်းထိုင်တာ၊ တော်တော်ခင်သည်။ တစ်ရက် ငစနေက ဘေးကခုံပေါ်ကို ခြေထောက်လှမ်းတင်ပြီးထိုင်နေတာကို ဒီကောင်က အဲဒီခြေထောက်ကို ကြိုးခုန်သလို လာခုန်နေသည်။

“ဟေ့ကောင်၊ ပြုတ်ကျမယ်နော်”

ငစနေ လှမ်းသတိပေးလိုက်သေးသည်။ သို့သော် ကျေးဇူးရှင်က ရပါတယ်ကွာ ဟုဆိုကာ ဆက်ဆော့နေသည်။ ဘာမှမကြာလိုက် လွတ်အောင်မခုန်နိုင်တဲ့တစ်လှည့် ငစနေ့ခြေထောက်နှင့် ခလုတ်တိုက်မိကာ ရှေ့ကို ဟပ်ထိုးလဲကျတော့သည်။ သံမံသလင်းနှင့် မေးစိ မိတ်ဖွဲ့လေသော် သွေးများ ဖြာကနဲ ကျလေသည်။ ရလာဒ်က ဆေးခန်းသို့ပြေး၍ လေးချက်ချုပ်လိုက်ရသည်။ ဖြစ်ချင်တော့ အဖြစ်အပျက်က ငစနေ ခြေထောက်ထိုးခံသောကြောင့် မင်းမင်း ပြုတ်ကျပြီး မေးစိကွဲသည်ဟူသတတ်။ ဆရာမများကြားတွင် ငစနေ နာမည်ကြီးသွားသည်။

“တယ်မလွယ်တဲ့ကောင်၊ တစ်ခုံတည်းထိုင်တဲ့သူငယ်ချင်းကိုတောင် မေးစိကွဲအောင်လုပ်သတဲ့”။

အဖြစ်အပျက်မှန်ကို ငစနေနှင့် မင်းမင်းနှစ်ယောက်သာ သိကြသည်။ သို့သော် နှစ်ယောက်စလုံးက ဒီတိုင်းသာနေကြသည်။ ဘယ်သူ့ကိုမှ ရှင်းမပြကြ။ ဆရာမများက မင်းမင်းကို ခုံပြောင်းထိုင်ဖို့ပြောသော်လည်းမပြောင်း၊ သူငယ်ချင်းနှစ်ယောက် လည်ပင်းဖက်ပြီး ပေါင်းမြဲပေါင်းကြသည်။

ပထမတန်းသို့ရောက်သော် အတန်းပိုင်ဆရာမက ထိုအချက်ကို ထောက်၍ ငစနေ့အား ရာထူးတစ်ခု အပ်နှင်းလေသည်။ “မော်နီတာ” တဲ့။ အတန်းခေါင်းဆောင်၊ သို့မဟုတ် လူဆိုးထိန်းဆိုပါတော့။ ရာထူးနှင့်အတူ ပါလာတာက ထိုင်ခုံ။ ဒါကြောင့်မို့ တစ်ချို့က ရာထူးကို ထိုင်ခုံဟု သွယ်ဝိုက်ခေါ်ကြတာဖြစ်မည်။ ငစနေ တို့ ကျောင်းသားတွေ ထိုင်ရတဲ့ခုံက နောက်မှီမပါသော ခုံတန်းရှည်ကြီးတွေ။ တစ်တန်းကို ၂ ယောက်၊ သို့မဟုတ် ၃ ယောက် ထိုင်ရလေသည်။ ဆရာမ ထိုင်သောခုံက နောက်မှီရော လက်တန်းပါ ပါသောခုံ။ ငစနေတို့ အလွန်ထိုင်ချင်ကြပေမယ့် မည်သူမှ မထိုင်ရဲကြ။ ဆရာမ စားပွဲ၏ ဘေးတွင် ထိုခုံကဲ့သို့ နောက်တစ်ခုံရှိသေးသည်။ နောက်မှီတော့ပါသည်။ လက်တန်းမပါ။ ငစနေ မော်နီတာ ရာထူးရသောအခါ ဆရာမက ငစနေကို ထိုခုံ၌ ပေးထိုင်လေသည်။ အမြဲတမ်းတော့မဟုတ်။ ဆရာမ အပြင်သွားစရာရှိ၍ ငစနေ အတန်းထိန်းရသည့်အခါမျိုးဆိုလျှင် ထိုခုံမှာ ထိုင်ရသည်။ ဘာပဲဖြစ်ဖြစ် ထိုင်ခုံတစ်ခု တရားဝင်ရသောအခါ သွေးနားထင်ရောက်တတ်သော လူ့သဘာဝကို ငစနေ ငယ်စဉ်ကတည်းက သိမြင်ခွင့်ရခဲ့သည်။

ရာထူးနှင့်အတူ နောက်တစ်ခုပါလာတာက အာဏာဖြစ်သည်။ မော်နီတာဆိုတာ ဆရာမမရှိရင် သူအကြီးဆုံးဗျ။ ဆရာမက “ငစနေရေ၊ ဆရာမ အစည်းအဝေးသွားဦးမယ် အတန်းထိန်းထား၊ စကားပြောတဲ့ကောင်တွေနာမည်မှတ်ထားလိုက်၊ ငါပြန်လာမှ ဆော်မယ်” ဆိုလို့ကတော့ ငစနေတို့ အလွန် မျက်နှာပွင့်လေပြီ။ ငစနေ့အတွက် နာမည်မှတ်စရာ ဗလာစာရွက်ပေးသောသူနှင့်၊ ခဲတံချွန်ပေးသောသူနှင့်၊ အဟဲ ... ငစနေတို့ ကောင်းစားနေတာပေါ့။ မျက်နှာချို မသွေးလို့လဲမရ၊ ငစနေတို့ မျက်လုံးထဲ ကန့်လန့်ကန့်လန့်ဖြစ်လာလို့ကတော့ စကားပြောပြောမပြောပြော ထိုနာမည်စာရင်းထဲ ပါပြီသာမှတ်။ ဆရာမ ပြန်လာလို့ကတော့ အဲဒီကောင် အစစ်အဆေးအမေးအမြန်းမရှိ အနည်းဆုံး ၃ ချက်လောက်တော့ ဖင်ချွတ်ပြီး အရိုက်ခံရလေပြီ။ အတန်းထဲမှာ အကုန်လုံး စကားသံမထွက်ရ၊ အကုန် မှောက်အိပ်နေရသည်။ ခေါင်းပင်မထူရဲ။ ထိုအချိန်မျိုးမှာ အရှေ့ဆုံးမှာ နောက်မှီပါသော ထိုင်ခုံမှာ မိန့်မိန့်ကြီးထိုင်၍ စာရွက်တစ်ကိုင်ကိုင် ခဲတံတစ်ဝင့်ဝင့်နှင့် ဟန်ရေးပြနေသော ငစနေကို မြင်ယောင်သာကြည့်ကြပါတော့ဗျာ။

Saturday, August 11, 2007

ဖျက်မရသော အတိတ် ၄ - မုန်တိုင်းအစ (အပိုင်း - ၂)

အဲဒီ ၁၉၈၈ နှစ်စပိုင်းမှာပဲ ငစနေ့ အဖေ မြစ်ကြီးနားမြို့ကို ပြောင်းရွှေ့ဖို့ “၁ နှစ်ပဲ သွားပေးပါ၊ ပြည့်တာနဲ့ ချက်ခြင်းပြန်ခေါ်ပါ့မယ်” ဆိုတဲ့ ၀န်ကြီးရဲ့ နှုတ်ကတိနဲ့အတူ အမိန့်စာကျလာတယ်။ ရိုင်းရိုင်းပြောရရင် မကောင်း ကျောင်းပို့၊ မပြန်လမ်းကို ပို့တာပေါ့။ အဲဒီတုန်းက မြစ်ကြီးနားမြို့ရဲ့ အခြေအနေက လုံးဝ KIA ရဲ့ လက်အောက်မှာ၊ မြန်မာ အစိုးရ ဆိုတာ ဟန်ပြသက်သက်ထားတာ။ ဘာပဲဖြစ်ဖြစ် အဖေကတော့ ပို့တဲ့နေရာကို ရောက်အောင်သွားပါတယ်။ ပေးတဲ့တာဝန်ကိုလဲ ကျေအောင် ထမ်းခဲ့တယ်။ တစ်ခါတစ်ခါ ၂ လ၃လ လုံးဝ အဆက်အသွယ် ပြတ်သွားတာမျိုးလဲ ဖြစ်တတ်တယ်။

အဖေနဲ့ ပက်သက်လို့ ရယ်စရာတစ်ခု ကြားဖြတ်ပြီး ပြောရဦးမည်။ တစ်ခါ ဆိုဗိယက် ပြည်ထောင်စုမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနား ကို တက်ရောက်ဖို့ အဖေ၊ အလုပ်သမား ၀န်ကြီးဌာန ၀န်ကြီးနဲ့ တစ်ခြား အဖွဲ့ဝင် ၄ ယောက်လောက် Moscow မြို့ကို ထွက်ခွာသွားကြတယ်။ နောက်နေ့ ဆိုဗီယက် နိုင်ငံ နေ့စဉ်သတင်းစာ မျက်နှာဖုံးမှာ “အလုပ်သမားနေ့ အခမ်းအနား တက်ရောက်ရန် ဗမာပြည်ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ်များ ရောက်ရှိလာခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ လေယာဉ်လှေခါးထိပ်ကနေ ဆင်းလာတဲ့ အဖေ့ပုံကြီးက ပြုံးဖြီးဖြီးနဲ့ရယ်။ ဘာပြောကောင်းမလဲ အိမ်မှာ ထောက်လှမ်းရေးတွေ ရှုပ်ရှက်ခပ်ကုန်တော့တာပေါ့။ တစ်အိမ်လုံးလဲ အမွှေခံရသေးတယ်။ နောက်နေ့ သတင်းစာမှာ အမှားပြင်ဆင်ချက် ပါလာမှပဲ အဲဒီကိစ္စ ပြီးတော့တယ်။ ဖြစ်တာက “မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ” ဆိုတာနဲ့ မှားရေးတာလေ။ အဖေတို့က လုပ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်း။ ဒါပေမယ့် အခု ပြန်စဉ်းစားမိတာက အဲဒီတုန်းက အတူသွားတဲ့ ၀န်ကြီးနဲ့ တစ်ခြား အဖွဲ့ဝင်တွေရဲ့အိမ်ကို ဘာဖြစ်လို့ အရှာမခံရတာလဲလို့။ အင်းလေ ... ဖြစ်နိုင်တာက သတင်းစာက ပုံမှာ ငစနေ့ အဖေပုံပဲပါပြီး ကျန်တဲ့သူတွေပုံ မပါလို့နေမှာပေါ့။

ဇွန်လ ကျောင်းတွေပြန်ဖွင့်တော့ ငစနေ ပထမတန်း ကိုတက်ရပြီပေါ့။ ဇူလိုင်လ၊ မိုးမရွာတဲ့ ရက်တရက် ရုတ်တရက် ကျောင်းစောဆင်းတယ်။ ဒါပေမယ့် ဆရာမက ကျောင်းသားတွေကို အကုန်ပြန်မလွှတ်ပေး။ အိမ်က လာကြိုမှ လွှတ်ပေးတယ်။ ပုံမှန်ဆိုရင် ငစနေ့ အမေရုံးက ကျောင်းနဲ့ တစ်လမ်းတည်း၊ ကျောင်းဆင်းရင် ငစနေတစ်ယောက် ကိုယ့်ဖာသာကိုယ် အမေ့ရုံးပေါ်ကို တက်သွားနေကျ။ ဒီနေ့ ဘယ်လိုဖြစ်တာပါလိမ့်လို့ ငစနေ စိတ်ပူလာတယ်။ ခဏနေတော့ ငစနေ့နာမည်ကို ခေါ်သံကြားလို့ လှည့်ကြည့်တော့ ငစနေ့ ဘကြီး (အဖေ့အစ်ကိုကြီး) ကိုတွေ့လိုက်တယ်။ “ဟေ့ကောင် - ငါမင်းကို လာကြိုတာ။ ပြန်ရအောင်” လို့ ဘကြီးကပြောတယ်။ ဘကြီး နဲ့လိုက်သွားတော့ ဘကြီးရဲ့ ကားပေါ်မှာ ငစနေ့ အမေကလဲ စောင့်နေတယ်။ အိမ်ပြန်ရောက်တော့ အမေက ပြောတယ်။ ငစနေတို့ ကျောင်းတွေ ပိတ်လိုက်ပြီတဲ့။ ဘယ်တော့ ပြန်ဖွင့်မလဲဆိုတာလဲ မသိသေးဘူးတဲ့။

အစကတော့ ကျောင်းပိတ်တယ်ဆိုလို့ နည်းနည်း ပျော်သလို ဖြစ်သွားသေးတယ်။ ဒါပေမယ့် လူကြီးတွေရဲ့ အရိပ်အချည်ကို ကြည့်ပြီး တစ်ခုခု လွဲနေတယ်လို့ ထင်မိတယ်။ ဟိုတစ်လောကလေးတင် တက္ကသိုလ်ထဲမှာ ကျောင်းသားတွေကို လုံထိန်းတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်သတ်တယ်၊ ဒုတ်နဲ့ ရိုက်သတ်တယ်၊ ရေနှစ်သတ်တယ်လို့ လူကြီးတွေပြောတာ တစ်စွန်းတစ်စ ကြားမိသေးသည်။ ခု ကျောင်းတွေပိတ်ပြီတဲ့။ အိမ်ကို လူတွေ အ၀င်အထွက် များနေကြသည်။ ဘာတွေမှန်းတော့ မသိ။

Friday, August 10, 2007

ဖျက်မရသော အတိတ် ၄ - မုန်တိုင်းအစ

၁၉၈၇ စက်တင်ဘာ ၅ ရက် ...



“နိုင်ငံတော်မှ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန် နှင့် ၇၅ ကျပ်တန် ငွေစက္ကူများကို တရားမ၀င်ငွေအဖြစ် ကြေငြာလိုက်သည်” ဆိုတဲ့ ကြေငြာချက်ကြောင့် တစ်နိုင်ငံလုံး လှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ်။ အဓိက ပြဿနာက ငွေစက္ကူအတုတွေ အများအပြား ထွက်လာလို့ လို့အကြောင်းပြချက် ပေးပေမယ့် နောက်ကွယ်မှာ တစ်ခြား အကြောင်းရာတွေလဲ အများအပြားရှိလိမ့်ဦးမယ်လို့ အခုအချိန်မှာ ပြန်စဉ်းစားမိပါတယ်။ အဲဒီတုန်းကတော့ ဘယ်သိမတုန်း၊ ငစေနေဆိုတာ အဲဒီတုန်းက သူငယ်တန်းကျောင်းသားကြီးပဲဥစ္စာ။ ငိုတဲ့သူက ငို၊ ရယ်တဲ့သူက ရယ် ပေါ့။ တစ်ချို့ကလဲ မနေ့ကမှ အိမ်ကပိုက်ဆံတွေ ဘဏ်ထဲ အကုန်ထည့်မိလို့ တော်ပါသေးရဲ့ ဆိုတဲ့ သူမျိုးတွေ ရှိသလို၊ ကားဝယ်ဖို့ ပိုက်ဆံတွေ အကုန်ထုတ်ထားပြီးတော့မှ ငွေ ငါးရာ တစ်ထောင် လောက်ကွာနေတာကို ညှိလို့မရတာနဲ့ မနက်ဖြန်မှ ခြေမယ်ဆိုပြီးအလုပ် လက်ထဲမှာ ငွေတွေ တစ်ပုံတစ်ပင် ပိုက်ဘောမိသွားတဲ့သူတွေလဲ ပါတာပေါ့။ အဲဒီတုန်းက ငွေတစ်သိန်းဆို ကားအကောင်းစားတစ်စီး အသာလေးရတယ်။ ဘာပဲဖြစ်ဖြစ် ငွေစက္ကူကို ဒီလို ရုတ်တရက် ဖျက်သိမ်းတာဟာ နိုင်ငံရဲ့ ငွေကြေးလည်ပတ် စီးဆင်းမှုကို အတော်လေး ကသောင်းကနင်း ဖြစ်စေတာတော့ အမှန်ပဲ။ အထူးသဖြင့် ၂၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန်ဆိုတာ အဲဒီတုန်းက လူသုံးအများဆုံး ငွေစက္ကူမဟုတ်လား။ ငွေကြေးစီးဆင်းမှု လုံးဝ ရပ်တန့်လုမတတ်ကို ဖြစ်သွားခဲ့တယ်။ အဲဒီကနေ စမွှေးခဲ့တဲ့ မီးဟာ တစ်ဖြည်းဖြည်းနဲ့ အရှိန်ရလာတယ်။ တစ်ခြား အကြောင်းအရာတွေကလဲ ဒီမီးကို လောင်စာလောင်းပေးကြတာကိုး။

အဲဒီတုန်းက ဆိုရှယ်လစ်စနစ်ဆိုတာကလဲ ဆိုဗီယက်ပြည်ထောင်စု နဲ့အတူ ဆောက်တည်ရာမရ ဖြစ်နေတဲ့အချိန်၊ လူတွေက တစ်ပါတီ ဆိုရှယ်လစ်စနစ်ကို စိတ်ကုန်လာကြပြီ။ အထူးသဖြင့် ၁၉၆၂ မတိုင်ခင်တုန်းက နေရာရခဲ့ပြီး အခု အခြေအနေမကောင်းတဲ့သူတွေပေါ့။ အရှေ့ပိုင်း နယ်စပ်တွေမှာကလဲ တရားဥပဒေက သေခြာ မစိုးမိုးနိုင်၊ ကချင် ဆိုရင် KIA၊ ရှမ်းဆိုရင် တရုတ်ဖြူလက်ကျန်နဲ့ တစ်ခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ၊ တစ်ပြည်လုံးကို မြေအောက်ကနေ လိုက်ပြီး ပိုးထိုးသလို ထိုးနေတာက ဗကပ၊ ကျန်တဲ့ တောင်ပိုင်းက KNU ဆိုပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေက အကြီးအကျယ် စိုးမိုးနေတဲ့အချိန်။ သူတို့ကလဲ အာဏာကို လိုချင်နေကြတယ်။ ဘယ်နိုင်ငံရေးသမားက အာဏာကို လိုချင်လိုချင် သူတို့ ပထမဆုံး မြှောက်ပေးတာက ကျောင်းသားပဲ။ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားတွေ ဆန္ဒပြကြတယ်။ အတိုချုပ်ပြောရင် ဦးနေ၀င်းက စစ်တပ်ကို နှိမ်နင်းဖို့ အမိန့်ပေးတယ်။ ကိုဖုန်းမော်ဟာ ခေတ်သစ် ကိုအောင်ကျော် ဖြစ်သွားတယ်။ တံတားဖြူက တံတားနီဖြစ်သွားတယ်။ ပြည်တွင်းက အခြေအနေတွေကို ကြားသိရတဲ့ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံကို ပြန်လာတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးအတွက် ဦးဆောင်ဦးရွက်လုပ်ပြီး ပါဝင်လှုပ်ရှားပေးခဲ့တယ်။ ဦးနေ၀င်းက“စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်” လို့ ခြိမ်းခြောက်တယ်။ လူထုက ရှေ့တိုးတယ်။ တပ်မတော် လေ နဲ့ တပ်မတော် ရေ က လူထုဘက်က ပါဝင်ရပ်တည်လာတယ်။ ဦးနေ၀င်း ဆင်းပေးလိုက်ရတယ်။ ဦးစိန်လွင် တက်လာတယ်။ ဒါပေမယ့် အခြေအနေက ထိန်းလို့မရသေး။ အာဏာကို ပြည်သူ့ဘက်ကို ပြန်လွှဲပေးပါပြီ ဆိုပြီး ဒေါက်တာမောင်မောင် တက်လာတယ်။ “ဆန္ဒတွေ မစောကြပါနဲ့” လို့ လေပြေထိုးပြီး နှစ်သိမ့်ဖို့ကြံတယ်။ လူထုက “နဖူးပြောင်ပြောင် ဦးမောင်မောင်၊ အရူးထောင်ကို ပို့လိုက်ပါတော့” ဆိုပြီး ကြွေးကြော်တယ်။ တောမီးလောင်လို့ လက်ခမောင်းခတ်တဲ့ တောကြောင်တွေကို ထိန်းလို့မရပြန်ဘူး။ ဒီလိုနဲ့ အခြေအနေက ပိုပြီး ရှုပ်ထွေးလာတယ်။

Tuesday, July 31, 2007

ဖျက်မရသောအတိတ် ၃ - ပြည်သူ့ဆိုင်

နွေရာသီကျောင်းပိတ်ရက်များ၊ အားလပ်ရက်များတွင် အဖွားက ငစနေ့အား အထူးတာဝန်တစ်ခု ထမ်းဆောင်ရန် တာဝန်အပ်နှင်းလေ့ရှိသည်။ အခြားမဟုတ်၊ ပြည်သူ့ဆိုင် ကင်းထောက်အလုပ်ပင်ဖြစ်သည်။ ပြည်သူ့ဆိုင်သည် ငစနေတို့ အနောက်ဘက်လမ်း၊ ရပ်ကွက်ကောင်စီရုံး၏ အောက်ထပ်၌ ရှိလေသည်။ ပြည်သူ့ဆိုင်ဟု လူအများက အလွယ်ခေါ်ကြသော်လည်း အမှန်မှာ “ရပ်ကွက် သမ၀ါယမဆိုင်” ဖြစ်သည်။ ဆိုရှယ်လစ်စနစ်၏ ထုံးတမ်းတစ်ခုဖြစ်သော ပြည်သူ့ဆိုင်သည် နိုင်ငံတော်မှ ရိက္ခာတို့ကို ပြည်သူများသို့ အချိုးကျ ခွဲဝေရောင်းချပေးရသောဆိုင်ဖြစ်သည်။ အဓိကမှာ ဆန်၊ ဆီ၊ ဆား၊ ဆေး နှင့် အခြား လူသုံးကုန်ပစ္စည်းများ ဖြစ်သည်။ ဆန် နှင့်ဆီမှာ အပတ်စဉ် ပုံမှန် ရောင်းချပေးသော်လည်း အခြား ပစ္စည်းများမှာ အခါအားလျှော်စွာ၊ (ယူစရာရှိသူများယူ၍ အနည်းငယ်ကျန်ရှိသောအခါ၊) ရောင်းမစွံကုန်ပစ္စည်းများနှင့်တွဲ၍ အစွံထုတ်လေ့ရှိလေသည်။

အဖွားက ငစနေ့ကို ဟဲ့ ... ပြည်သူ့ဆိုင်မှာ ဘာတွေရောင်းလဲ သွားကြည့်ချေ ... ဟု ဆိုလိုက်သည်နှင့် ငစေနေတစ်ယောက် ပြည်သူ့ဆိုင်သို့ ဒုံးပြေးလေတော့သည်။ ဟိုရောက်တော့ ကြော်ငြာဘုတ်ပေါ် ဘာရေးထားလဲ မတောက်တခေါက်ကြည့်၊ ဆန်အခြေအနေကြည့်၊ ... ဆန်အခြေအနေဆိုလို့ ပြည်သူ့ဆိုင်က ပုံမှန် ရောင်းပေးလေ့ရှိသောဆန်မှာ ဧည့်မထ ဟု အမည်ရသော မကြမ်းမချော ဆန်ဖြစ်လေသည်။ တစ်ခါတစ်ရံ မီးဒုံး၊ ငစိန် ကဲ့သို့သော အညံ့စားဆန်များ ရောင်းချပေးပြီး တစ်ခါတစ်ရံ ငကျွဲ၊ ပေါ်ကျွဲ ကဲ့သို့သော အနည်းငယ် ပိုကောင်းသည့် ဆန်များလည်း ရောင်းတတ်သည်။ ငစနေကား ဆန်ကိုကြည့်၍ ဘာမှန်းမသိ၊ ဆန်လုံးတို၍ အနီစင်းများပါလျှင် ဆန်ညံ့သည်၊ ဆန်လုံးရှည်၍ အရောင်ဖြူကာ အကျိုးအကျေ သိပ်မပါလျှင် ဆန်ကောင်းသည် ဟူ၍သာ သိထားလေသည်။ လူတစ်ယောက်လျှင် ဆန်ဘယ်နှပြည်၊ ဆီ ဘယ်နှဆယ်သားဟု ခွဲတမ်းဖြင့် အချိုးကျ ရောင်းပေးခြင်းဖြစ်သည်။

ငစနေ ပြည်သူ့ဆိုင်က ပြန်လာသည်နှင့် အဖွားရေ ဆန်ကတော့ဘယ်လို၊ ဆီက ဘယ့်နှယ်၊ တစ်ခြား ဘာတွေ ရောင်းပေးသေးတယ် စသည်ဖြင့် ဖောက်သည်ချရလေသည်။ ငစနေ့ သတင်းပေးချက်အပေါ်မူတည်၍ အဖွားက ဒီတစ်ပတ် ပြည်သူ့ဆိုင် သွားဖို့လိုမလို ဆုံးဖြတ်တတ်သည်။ သွားဖို့မလိုဟု ဆုံးဖြတ်လိုက်ပါက ဆီစာအုပ်ကို အိမ်သို့လာ၍ အ၀တ်လျှော်နေသော အဒေါ်ကြီးအား ပေးလိုက်ပြီး နောက် ၂ ရက်လောက်နေလျှင် အဒေါ်ကြီးက အမြတ်ငွေဟုဆိုကာ ပိုက်ဆံအနည်းငယ်နှင့် စာအုပ်ကို ပြန်လာပေးလေ့ရှိသည်။ ထိုခေတ်က ဤကဲ့သို့ ပြည်သူ့ဆိုင်ကို အမှီပြု၍ လုပ်ကိုင်စားသောက်နေသော လူတန်းစားတစ်ရပ်ရှိကြောင်းကို ငစနေ သိရှိရလေသည်။ ပြည်သူ့ဆိုင်နှင့် ပက်သက်၍ လူအများက “မသိဘူး၊ မရှိဘူး” ဟု အမြဲပြောတတ်သော သူအား “ပြည်သူ့ဆိုင်စာရေး” ဟူသော ဂုဏ်ပုဒ်တစ်ခု တပ်ပေး၍ ဂုဏ်ပြုကြလေသည်။

ပြည်သူ့ဆိုင်နှင့် အလားတူ ပြည်သူနှင့် သက်ဆိုင်သောအရာတစ်ခုကား ပြည်သူ့ကုန်တိုက် ဖြစ်လေသည်။ ကုန်တိုက် ဆိုသည့်အတိုင်း ဘာပစ္စည်းမှမရှိပဲ ကုန်နေသည်က များသည်။ ထိုကုန်တိုက်နားတွင် စုရုံးစုရုံး လုပ်နေသော သူများကား “တန်းစီတိုးစား” ဟု အမည်တွင်သော လူတစ်စုဖြစ်သည်။ သူတို့သည် တန်းစီကြသည်။ ကုန်တိုက်၏ ပစ္စည်းရောင်းချပေးသော ကောင်တာများတွင် အမြဲတမ်း တန်းစီနေကြပြီး ရောင်းချပေးသည့် ပစ္စည်းများကို ကုန်တိုက်အပြင်ဘက်၌ဖြစ်စေ၊ ရပ်ကွက်အတွင်း၌ဖြစ်စေ အမြတ်အစွန်း အနည်းငယ် ပြန်တင်၍ ပြန်လည်ရောင်းချလေ့ရှိသည်။ သူတို့ ပုံမှန် ၀ယ်ယူရရှိလေ့ရှိသော ပစ္စည်းများမှာ “သွားတိုက်ဆေး” နှင့် “ဘာလီရည်” ဖြစ်လေသည်။

to be continue ...

Tuesday, June 19, 2007

ဖျက်မရသောအတိတ် ၂ - ငစနေနှင့်ကျူရှင်

ငစနေတစ်ကောင် ကျူရှင်တက်ရမည်ဟု သတင်းကောင်းလာပေးသူမှာ အစ်မကြီးဖြစ်သည်။ ငစနေ သူငယ်တန်းကို တစ်ကယ်စတက်သည့်အချိန်တွင် သူက ၅ တန်းကျောင်းသူဖြစ်နေပြီ။ သူတက်သည့် ကျူရှင်မှာ ငစနေတို့နှင့် တစ်လမ်းတည်း ... အိမ်မှ ၅ မိနစ်ခန့် လမ်းလျှောက်ရသော အကွာအဝေးမှာရှိလေသည်။ ဆရာမှ ဒေါ်တင်လှ မှာ သဘောကောင်းလှသည်။ ကျောင်းတစ်ကျောင်းတွင် အလယ်တန်းပြဆရာမ လုပ်ရင်း အိမ်တွင်လည်း ကလေးများကို ၀ိုင်းကျူရှင်သဘောမျိုး စာသင်ပေးသေးသည်။

ငစနေမှာ ထိုကိစ္စကို သိပ်မကျေနပ်ချင်၊ ထိုစာများကို ကျောင်းပျော် တစ်နှစ်တက်စဉ်က ငစနေ သင်ပြီးသား၊ အကုန်သိသည်။ ဒါပေမယ့် ပြဿနာကဖြစ်ချင်တော့ ကျောင်းတွင် ပထမဆုံး လပတ်စာမေးပွဲဖြေသောအခါ ငစနေက လူ ၃၆ ယောက်တွင် အဆင့် ၁၀ ရပြီးငစနေ့ အမေရုံးမှ မိတ်ဆွေတစ်ယောက်၏ သမီးက အဆင့် ၁ ရသောအခါတွင် စလေသည်။ အမေက ငစနေ့ကို ဆူတော့သည်။ နင်က အသုံးမကျလို့ အဆင့် ၁၀ ပဲရတာ။ ဟိုက အဆင့် ၁ တောင်ရတာ အရမ်းတော်တာပေါ့ ... ဘာပေါ့ ညာပေါ့ ... စသဖြင့်ပေါ့လေ။ ၅ နှစ်သား ငစနေ၏ အိုင်ကျူမြင့်ပုံကို ကြည့်ပါဦး

"အမေကလဲ ဟိုက ညံ့လို့ ၁ ပဲရတာ၊ သားက ၁၀ တောင်ရတာဆိုတော့ သူ့ထက် ပိုတော်တာပေါ့"

ဟု ပြန်ပြောသည် ဟူသတတ်။ အဲဒလို လူတတ်ကြီးလုပ်ပြီး ပြောပြီသကာလ အမေက အစ်မကြီးကို ငစနေ ကျူရှင်တက်ရေးအတွက် အာဏာကုန်လွှဲအပ်ကာ စုံစမ်းခိုင်းလေသည်။ သို့နှင့် ငစနေတစ်ယောက် ကျူရှင်ဆိုသောအရာနှင့် ထိတွေ့ခွင့် ရသွားလေတော့သည်။

ထိုအချိန် ၁၉၈၇ ခုနှစ်တုန်းက ငစနေအတောင့်တဆုံး အချိန်တစ်ခုကို ပြောပါဟုဆိုလျှင် မီးပျက်သောအချိန်ဟုသာ ပြောရပေမည်။ မီးကလဲ ပျက်ခဲလှသည်။ တစ်ပတ်နေလို့မှ တစ်ခါမပျက်၊ ပျက်လျှင်လဲ ၅ မိနစ်လောက်သာ၊ ၅ မိနစ်ထက် ကျော်သည်နှင့် ငစနေ့အဖေက လျှပ်စစ်ဌာနသို့ ဖုန်းဆက်လေတော့သည်။ တစ်ချက်နှစ်ချက် ဟိန်းဟောက်လိုက်သည်နှင့် အိမ်ရှေ့ဓါတ်တိုင်သို့ လှေခါးတပ်ထားသော E-2000 ကားကြီး ရောက်ရှိလာကာ ပြင်စရာရှိသည်ကို ချက်ချင်းပြင်၍ မီးပြန်လာစမြဲဖြစ်သည်။ ငစနေတို့ အိမ်နှင့် လျှပ်စစ်ဌာနက ကားဖြည်းဖြည်းမောင်းလျှင် ၅ မိနစ်ခန့်သာ မောင်းရလေသည်။ ငစနေ တောင့်တသော အချိန်မျိုးကား လျှပ်စစ် ထရန်စဖော်မာ ထပေါက်သော အချိန်မျိုးဖြစ်သည်။ ထိုအချိန်ဆိုလျှင် ၁ ရက်ခန့်အချိန်ယူပြင်ဆင်ရတတ်သည်။ ထိုသို့ လျှပ်စစ်မီး အချိန်ကြာကြာ ပျက်ခြင်းကို တောင့်တရသည်မှာ အကြောင်းအရင်း ၂ ခုရှိလေသည်။ ပထမ အကြောင်းအရင်းကား မီးပျက်သောရက်တွင် ကျူရှင် တက်စရာမလိုခြင်းနှင့် ဒုတိယ အကြောင်းအရင်းမှာ နို့အေးချောင်း စားရခြင်းတို့ကြောင့် ဖြစ်၏။ ဘယ်က နို့အေးချောင်းက ရောက်လာသနည်း။ ရှုပါမိတ်ဆွေ၊ ကျူရှင်သင်သော ဆရာမတို့အိမ်တွင် နို့အေးချောင်းလဲ ရောင်းသေးသည်။ ကိုယ်တိုင်လုပ်၍ ရောင်းခြင်းမဟုတ်၊ ဖိုးလမင်းတံဆိပ် နို့အေးချောင်းကို အော်ဒါမှာ၍ ရေခဲသေတ္တာထဲထည့်ကာ ရောင်းခြင်းဖြစ်သည်။ မီးပျက်၍ ရေခဲသေတ္တာများ အလုပ်မလုပ်လျှင် ဆရာမက မပျော့တစ်ပျော်ဖြစ်နေသော နို့အေးချောင်းများကို ဇလုံကြီးနှင့်ထည့်၍ ငစနေတို့ တပည့်များကို ကျွေးမွေးလေတော့သည်။ ငစနေတို့ကား ပျော်မဆုံးတော့။

ထိုအပျော်များမှာ ၁ နှစ်ခန့်အကြာ ၁၉၈၈ တွင် နို့အေးချောင်းနှင့်အတူ အရည်ပျော်ကုန်လေ၏။


ဖျက်မရသောအတိတ် ၁ - မူကြိုကျောင်းသား

အတိတ်ကိုပြန်သွားရလျှင် ...

ငစနေက စနေသား ... နေတက်ရေတက်မှာမွေးသတဲ့။ မွန်းလွဲ ၃း၁၅ ဆိုတော့ နေက တက်ပြီး နည်းနည်း ပြန်ကျသွားလို့လားမသိ စိတ်ကတော့ သိပ်မကြီးတတ်။ မွေးချင်း ၂ယောက်ထဲမှာ အငယ်ဆုံး။ အကြီးဆုံး အစ်မကြီးနဲ့ ၅ နှစ်ကွာသည်။ အစ်မကြီးနဲ့ ငစနေကြားထဲမှာ အထီးမှန်း အမမှန်း မသိလိုက်သော အကောင် ၂ ကောင်ရှိသေးသည်။ စောစောစီးစီး ဘုရားသခင်က ပြန်ခေါ်သွား၍ အဖတ်မတင်လိုက်။ ငစနေ့ အဖေရော အမေပါ နိုင်ငံ့ဝန်ထမ်းတွေ၊ အဲဒီတော့ ငစနေ ငယ်ငယ်ကတည်းက အမေဘက်က အဖွားလက်ပေါ်မှာပဲ ကြီးရသည်။ အဖေ့ဘက်က အဖွားကတော့ ငစနေ မမွေးခင် ၂ နှစ်လောက်အလိုမှာ ဆုံးသွားသည်။ အဖိုးတွေကတော့ ဆုံးတာ ကြာပေါ့။ အဖွားလက်ပေါ် ကြီးတဲ့ကောင်ဆိုတော့ ထုံးစံအတိုင်း မိဘနဲ့ သိပ်အစေးမကပ်။ အဖေနဲ့ဆို ပိုဆိုးသေး။ အဖေက လူပုစိတ်တို၊ သူလဲ စနေသားပဲ။ ငစနေကလဲ ဂျစ်တစ်တစ်ရွဲ့တဲ့တဲ့ဆိုတော့ တစောင်းစေးနဲ့ မျက်ချေးပေါ့။ အဖေက ငစနေ့ကို မချစ်တာတော့မဟုတ်၊ တော်တော်လေးချစ်သည်၊ ဒါပမေယ့် ငစနေက အဖေဖြစ်စေချင်သလိုမလုပ်၊ အဖေကြိုက်သလိုမနေ၊ တော်တော်လေး ထော်လော်ကန့်လန့်နိုင်သည်။ အဲဒီတော့ အဖေနဲ့ ကွိုင်တက်တော့တာပေါ့။

ငစနေ မှတ်မိသလောက် ငယ်ငယ်တုန်းက တော်တော်လေး အူတိအူကြောင်နိုင်သည်။ ငစနေ ၃ နှစ်သားလောက်မှာ မူကြိုစတက်သည်။ မှတ်မှတ်ရရ လူမှုဝန်ထမ်းကဖွင့်တဲ့ မူကြိုအမှတ်၅၊ ကျောက်မြောင်းထဲမှာ သွားတက်ရသည်။ ငစနေ မှတ်မိသလောက် အဲဒီမှာ ၁နှစ်နီးပါးကြာသည်။ ပေါင်းသင်းဆက်ဆံရေး အလွန်ကောင်းသဖြင့် သူငယ်ချင်း တစ်ယောက်မှမရ၊ နေ့လည်ဆို မုန့်စားပြီးလျှင် ဆရာမက တစ်ရေးတစ်မော အိပ်ခိုင်းတတ်သည်။ ထိုအချိန်မျိုးဆိုလျှင် ငစနေတို့ မျက်လုံးမှိတ်ကာ အိပ်ချင်ယောင် ဆောင်နေတတ်သည်။ ဆရာမ အနားမှာမရှိလျှင် ပါလာသော လက်ကိုင်ပုဝါကို အရုပ်ပုံစံဖြစ်အောင် ခေါက်ကာ ဆော့နေလေ့ရှိသည်။

မူကြိုမှာ ဆေးရောင်တွေချယ်ရသည်၊ ကဗျာတွေ ဆိုရသည်။ ဒါကို အမေက သိပ်မကြိုက်၊ ဒီမူကြို စာမသင် ဟုဆိုတာ ငစနေ ၄ နှစ်သားလောက်မှာ မူကြိုပြောင်းအပ်လိုက်သည်။ အလုပ်သမားဆေးရုံနားက St. Francis Church တွင် ဖွင့်ထားသော မူကြိုသို့ ပြောင်းရသည်။ ရောက်ရောက်ချင်း နေ့မှာပင် ငစနေတို့ ပညာပြတော့သည်။ စာသင်သည့် Sister က ငစနေ့ကို ၀လုံး ၅ မျက်နှာရေးခိုင်းသည်။ ၃ မျက်နှာလောက်ရောက်တော့ ငစနေ ပျင်းလာသည်။ စာဆိုလျှင် လက်ကြောမတင်းတတ်သော အကျင့်က အဲဒီက စတာပေါ့။ အနားလှည့်ကြည့်တော့ ခပ်ချောချော ကောင်မလေးတစ်ယောက်၊ အရွယ်က ငစနေနဲ့ မတိမ်းမယိမ်းပေါ့။ ဘယ်က ဘယ်လိုစလိုက်သည်တော့မသိ၊ Sister ပြန်ရောက်လာသည့်အချိန်တွင် ငစနေတစ်ယောက် ကောင်မလေးနဲ့ စကားလက်ဆုံကျနေပြီ။ စကားကောင်းနေလို့ Sister ကြီးပြန်လာတာတောင် မသိလိုက်။ အဆုံးမတော့ ၂ယောက်လုံး အရိုက်ခံရပါလေရော။ ကောင်မလေးက ငစနေထက် ၂ ချက်လားမသိ ပိုအရိုက်ခံရတယ်။ လူဟောင်းဖြစ်ပြီး စည်းကမ်းဖောက်လို့တဲ့။ ညနေ အိမ်က လာကြိုတော့ Sister ကြီးက လာကြိုတဲ့သူကို တိုင်သည်၊ ဒီကောင် စာလဲမလုပ် တော်တော်လဲ စကားများသတဲ့။ အဲဒါနဲ့ အမေက နောက်နေ့ သွားဦးမလား မေးသောအခါ ငစနေ ခေါင်းကိုသာ တွင်တွင်ခါလေသည်။ ထိုသို့ဖြင့် ငစနေ့ log book တွင် ၁ ရက်သာခံသော မူကြိုအဖြစ် စာရင်းဝင်သွားလေသည်။

နောက်တော့ အမေက သူတို့ရုံးနားက မူကြိုတစ်ခုကို ခေါ်သွားကာ အပ်ပေးသည်။ ဆရာမကြီး ဒေါ်မာလာတင် ဖွင့်ထားသော မူကြိုဖြစ်လေသည်။ ဒီတစ်ခါတော့ ငစနေ ဘာစိတ်ကောင်းဝင်သွားသည်မသိ၊ စာတွေဘာတွေ ကောင်းကောင်းလုပ်သည်။ ဆရာမကြီးက စာလုပ်ခိုင်းတာ နည်း၍လည်း ဖြစ်နိုင်သည်။ သို့သော် ကြာကြာမခံလိုက်၊ အမေနှင့် သွားကြည့်သောရုပ်ရှင် "မအေးပွင့်၊ မြင့်မြင့်စမ်း၊ လမ်း၃၀" တွင် ဒေါ်မာလာတင်က လူဆိုးအဖြစ် သရုပ်ဆောင်တာကိုကြည့်ပြီး ကြောက်သွားကာ သွားမတက်တော့ပေ။ ငစနေတစ်ယောက် အဖွားအိမ်သို့ နောက်တစ်ခေါက် ပြန်ရောက်ရသည်ပေါ့။

နယုန်မိုးသေး မြက်သားမွေး ဆိုသော နယုန်လလို့ ရောက်လေပြီ၊ မိုးကသေးယုံမျှမဟုတ်၊ လမ်းများပင် ရေလျှံအောင် ရွာလေ၏။ ကျောင်းဖွင့်ချိန်ဖြစ်သဖြင့် အမေက ငစနေ့ကို ကျောင်းထားဖို့ပြင်သည်။ ခက်တာက ငစနေက တန်ဆောင်မုန်းလဖွားဆိုတော့ ကျောင်းအပ်ရမည့်အချိန်တွင် အသက်က ၄ နှစ်ခွဲ၊ ကိုးယိုးကားယား ဖြစ်နေလေသည်။ အဖွားက ငါ့မြေးငယ်သေးတယ် စာမလိုက်နိုင်လျှင် ကလေးစိတ်ညစ်လိမ့်မယ် ဟုဝင်တားသောကြောင့် ကျောင်းတစ်ကယ်တက်ရန် အစီအစဉ်ပျက်လေသည်။ ငစနေ့အမေမှာ မိခင်စကားကိုလဲ မပယ်ရှားချင်၊ ငစနေ့ကိုလဲ မကောင်းကျောင်းပို့လုပ်ချင် နှင့် အတော်ဗျာများကာ နောက်ဆုံးတွင် ဘယ်လိုကဘယ်လို စုံစမ်းလို့ ရသည်မသိ၊ အ.မ.က (၁၇) တာမွေမြို့နယ် ဆိုသော ကျောင်းတစ်ကျောင်းသို့ ငစနေတစ်ကောင် ကျောင်းပျော်အဖြစ် ရောက်သွားလေတော့သည်။ ငစနေကတော့ ထိုကျောင်းကို ဒေါ်ခင်ရီကျောင်း ဟုခေါ်၏။ အကြောင်းမှာ ငစနေတက်ရသော အတန်း၏ အတန်းပိုင်ဆရာမမှာ ဒေါ်ခင်ရီဆိုသော ဆရာမဖြစ်သောကြောင့်ဖြစ်ဟန်တူသည်။

ကျောင်းပျော်ဆိုသည်မှာ ကျောင်းတော့ တက်ရသည်၊ သို့သော် စာမေးပွဲများကိုဝင်ဖြေစရာမလို၊ အတန်းတင်စာမေးပွဲမဖြေရသော ကျောင်းသားဖြစ်သည်။ ကျောင်းတွင် ငစနေ ရှားရှားပါးပါးသူငယ်ချင်းတစ်ယောက် ရလာသည်၊ နာမည်က Austin ဟုဖြစ်သည်။ သူလည်း ငစနေ့ကဲ့သို့ပင် ကျောင်းပျော်ဖြစ်သည်။ ငစနေ၏ ပထမဆုံး ကျောင်းသားဘ၀တွင် မှတ်မိသည်မှာ ကျောင်းရှေ့မှ ဈေးသည်များဖြစ်သည်။ ဈေးသည်ကြီးတစ်ယောက်က စက်ဘီးကယ်ရီယာတွင် သစ်သားပုံးတစ်ခုတင်ကာ ဘေးတွင်တပ်ထားသော လက်ကိုင်ကိုလှည်၍ ငှက်သိုက်မုန့်များလုပ်ရောင်းလေသည်။ သကြားဖြင့်လုပ်သောမုန့်ဖြစ်၍ စားရတာ အရသာရှိလှသည်။ တစ်ခုဆိုးသည်မှာ ကိုင်လိုက်လျှင် လက်များကပ်စေးကပ်စေးဖြစ်ကုန်ပြီး အင်္ကျီတွေ ဘောင်းဘီတွေပါ ပေပွကုန်တတ်သည်။ နောက်ဈေးသည်တစ်ယောက်ကတော့ ဂျုံများကို ကပ်စေးအောင်နယ်၊ အရောင်ဆိုးပြီး အရုပ်များလုပ်ရောင်းသူဖြစ်သည်။ သူ့အရုပ်များမှာ အတော်ပင် လက်ရာမြောက်လှသည်။ ငစနေ မှတ်မိသလောက် ဆင်ရုပ်၊ ကျားရုပ်၊ ဂျိုကာရုပ်၊ စသဖြင့် ပုံစံမျိုးစုံလှသည်။

အထူးအဆန်းတစ်ခုအဖြစ် ရုပ်ရှင်ပြသော ဈေးသည်ကြီးလည်းရှိသေးသည်။ သူ့ရုပ်ရှင်မှာ ဆီးသီးရောင်းသော တွန်းလှည်းကဲ့သို့ တွန်းလှည်းကို ကလေး ၃ယောက်ခန့်ဝင်နိုင်သော ရုံလေးအဖြစ် လုပ်ထားပြီး အတွင်းတွင် အရုပ်များ ကားချပ်များကို လှုပ်ရှားအောင်လုပ်ကာ သီချင်းဆိုပြခြင်းဖြင့် ရုပ်ရှင်ဖြစ်အောင် လုပ်ပြခြင်းဖြစ်သည်။ ငစနေ နေ့တိုင်းအားပေးသော ဈေးသည်ကြီးမှာမူ ဆီးတော်ဖီရောင်းသော ဈေးသည်ကြီးဖြစ်သည်။ ငစနေကား ဆီးတော်ဖီကို ကြိုက်ရမဟုတ်၊ ဆီးတော်ဖီ အထုပ်အတွင်း၌ပါသော ဂျစ်တူး ကာတွန်းစာအုပ် သေးသေးလေးကို လိုချင်သောကြောင့်ဖြစ်လေသည်။ မုန့်ဝယ်ပြီးသည်နှင့် ဆီးတော်ဖီကို လွှင့်ပစ်ပြီး ကာတွန်းစာအုပ်လေးကို ယူလေသည်။ စာအုပ်လေးမှာ အလျား ၁လက်မခွဲ၊ အနံ ၂ လက်မ သာသာမျှရှိပြီး စာမျက်နှာ ၂၀ ခန့် ပါလေသည်။ နောက်ပိုင်းတွင်မူ တဖြည်းဖြည်း ပါးလာကာ ၄ မျက်နှာမျှသာ ကျန်တော့သည်အထိ ဖြစ်သွားခဲ့သည်။

ငစနေတို့ခေတ်တုန်းက ကျောက်သင်ပုန်းကျောက်တံခေတ် မကုန်သေး။ သူငယ်တန်းကျောင်းသားများ ကျောက်သင်ပုန်းနှင့် ကျောက်တံသာ ကိုင်ရသည်။ နောက်ပိုင်း ကျောင်းသားချင်း ရန်ဖြစ်၍ ကျောက်သင်ပုန်းနှင့် ခုတ်လိုက်သဖြင့် ခေါင်းကွဲသွားခြင်း၊ ကျောက်တံနှင့် ထိုးလိုက်သဖြင့် လက်ဖ၀ါးပေါက်သွားခြင်းများ မကြာခဏ ဖြစ်ပေါ်သောအခါတွင်မှ ကျောက်သင်ပုန်းကျောက်တံအသုံးပြုခြင်းကို ဘန်းလိုက်လေသည်။ ငစနေတစ်ယောက်လည်း ကျောင်းတွင်ပျော်ကာ ကျောင်းပျော်လေး ဖြစ်လာရင်း စာသင်နှစ်တစ်နှစ် ကုန်ဆုံးခဲ့တော့သည်။