အဲဒီ ၁၉၈၈ နှစ်စပိုင်းမှာပဲ ငစနေ့ အဖေ မြစ်ကြီးနားမြို့ကို ပြောင်းရွှေ့ဖို့ “၁ နှစ်ပဲ သွားပေးပါ၊ ပြည့်တာနဲ့ ချက်ခြင်းပြန်ခေါ်ပါ့မယ်” ဆိုတဲ့ ၀န်ကြီးရဲ့ နှုတ်ကတိနဲ့အတူ အမိန့်စာကျလာတယ်။ ရိုင်းရိုင်းပြောရရင် မကောင်း ကျောင်းပို့၊ မပြန်လမ်းကို ပို့တာပေါ့။ အဲဒီတုန်းက မြစ်ကြီးနားမြို့ရဲ့ အခြေအနေက လုံးဝ KIA ရဲ့ လက်အောက်မှာ၊ မြန်မာ အစိုးရ ဆိုတာ ဟန်ပြသက်သက်ထားတာ။ ဘာပဲဖြစ်ဖြစ် အဖေကတော့ ပို့တဲ့နေရာကို ရောက်အောင်သွားပါတယ်။ ပေးတဲ့တာဝန်ကိုလဲ ကျေအောင် ထမ်းခဲ့တယ်။ တစ်ခါတစ်ခါ ၂ လ၃လ လုံးဝ အဆက်အသွယ် ပြတ်သွားတာမျိုးလဲ ဖြစ်တတ်တယ်။
အဖေနဲ့ ပက်သက်လို့ ရယ်စရာတစ်ခု ကြားဖြတ်ပြီး ပြောရဦးမည်။ တစ်ခါ ဆိုဗိယက် ပြည်ထောင်စုမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနား ကို တက်ရောက်ဖို့ အဖေ၊ အလုပ်သမား ၀န်ကြီးဌာန ၀န်ကြီးနဲ့ တစ်ခြား အဖွဲ့ဝင် ၄ ယောက်လောက် Moscow မြို့ကို ထွက်ခွာသွားကြတယ်။ နောက်နေ့ ဆိုဗီယက် နိုင်ငံ နေ့စဉ်သတင်းစာ မျက်နှာဖုံးမှာ “အလုပ်သမားနေ့ အခမ်းအနား တက်ရောက်ရန် ဗမာပြည်ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ်များ ရောက်ရှိလာခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ လေယာဉ်လှေခါးထိပ်ကနေ ဆင်းလာတဲ့ အဖေ့ပုံကြီးက ပြုံးဖြီးဖြီးနဲ့ရယ်။ ဘာပြောကောင်းမလဲ အိမ်မှာ ထောက်လှမ်းရေးတွေ ရှုပ်ရှက်ခပ်ကုန်တော့တာပေါ့။ တစ်အိမ်လုံးလဲ အမွှေခံရသေးတယ်။ နောက်နေ့ သတင်းစာမှာ အမှားပြင်ဆင်ချက် ပါလာမှပဲ အဲဒီကိစ္စ ပြီးတော့တယ်။ ဖြစ်တာက “မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ” ဆိုတာနဲ့ မှားရေးတာလေ။ အဖေတို့က လုပ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်း။ ဒါပေမယ့် အခု ပြန်စဉ်းစားမိတာက အဲဒီတုန်းက အတူသွားတဲ့ ၀န်ကြီးနဲ့ တစ်ခြား အဖွဲ့ဝင်တွေရဲ့အိမ်ကို ဘာဖြစ်လို့ အရှာမခံရတာလဲလို့။ အင်းလေ ... ဖြစ်နိုင်တာက သတင်းစာက ပုံမှာ ငစနေ့ အဖေပုံပဲပါပြီး ကျန်တဲ့သူတွေပုံ မပါလို့နေမှာပေါ့။
ဇွန်လ ကျောင်းတွေပြန်ဖွင့်တော့ ငစနေ ပထမတန်း ကိုတက်ရပြီပေါ့။ ဇူလိုင်လ၊ မိုးမရွာတဲ့ ရက်တရက် ရုတ်တရက် ကျောင်းစောဆင်းတယ်။ ဒါပေမယ့် ဆရာမက ကျောင်းသားတွေကို အကုန်ပြန်မလွှတ်ပေး။ အိမ်က လာကြိုမှ လွှတ်ပေးတယ်။ ပုံမှန်ဆိုရင် ငစနေ့ အမေရုံးက ကျောင်းနဲ့ တစ်လမ်းတည်း၊ ကျောင်းဆင်းရင် ငစနေတစ်ယောက် ကိုယ့်ဖာသာကိုယ် အမေ့ရုံးပေါ်ကို တက်သွားနေကျ။ ဒီနေ့ ဘယ်လိုဖြစ်တာပါလိမ့်လို့ ငစနေ စိတ်ပူလာတယ်။ ခဏနေတော့ ငစနေ့နာမည်ကို ခေါ်သံကြားလို့ လှည့်ကြည့်တော့ ငစနေ့ ဘကြီး (အဖေ့အစ်ကိုကြီး) ကိုတွေ့လိုက်တယ်။ “ဟေ့ကောင် - ငါမင်းကို လာကြိုတာ။ ပြန်ရအောင်” လို့ ဘကြီးကပြောတယ်။ ဘကြီး နဲ့လိုက်သွားတော့ ဘကြီးရဲ့ ကားပေါ်မှာ ငစနေ့ အမေကလဲ စောင့်နေတယ်။ အိမ်ပြန်ရောက်တော့ အမေက ပြောတယ်။ ငစနေတို့ ကျောင်းတွေ ပိတ်လိုက်ပြီတဲ့။ ဘယ်တော့ ပြန်ဖွင့်မလဲဆိုတာလဲ မသိသေးဘူးတဲ့။
အစကတော့ ကျောင်းပိတ်တယ်ဆိုလို့ နည်းနည်း ပျော်သလို ဖြစ်သွားသေးတယ်။ ဒါပေမယ့် လူကြီးတွေရဲ့ အရိပ်အချည်ကို ကြည့်ပြီး တစ်ခုခု လွဲနေတယ်လို့ ထင်မိတယ်။ ဟိုတစ်လောကလေးတင် တက္ကသိုလ်ထဲမှာ ကျောင်းသားတွေကို လုံထိန်းတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်သတ်တယ်၊ ဒုတ်နဲ့ ရိုက်သတ်တယ်၊ ရေနှစ်သတ်တယ်လို့ လူကြီးတွေပြောတာ တစ်စွန်းတစ်စ ကြားမိသေးသည်။ ခု ကျောင်းတွေပိတ်ပြီတဲ့။ အိမ်ကို လူတွေ အ၀င်အထွက် များနေကြသည်။ ဘာတွေမှန်းတော့ မသိ။

No comments:
Post a Comment