ငစနေတစ်ယောက် ခရီးသွားမှတ်တမ်းများကို ဖတ်ရတာ အတော်ဝါသနာပါလေသည်။ ကင်းဝန်မင်းကြီးရဲ့ အင်္ဂလန်သွားမှတ်တမ်း ကစလို့ အန်တီ ပတ္တမြားခင် ရဲ့ မမရေ ဆိုပြီး အစချီတတ်တဲ့ “သန္တာစမ်းမှ အလွမ်းစာ”၊ မနန်းစိုး ရဲ့ ခရီးသွားမှတ်တမ်းများ အဆုံး အကုန်ဖတ်လေ့ရှိသည်။ သဘောအကျဆုံးကတော့ ဗိုလ်ဗကိုရဲ့ “ယေးလ်တက္ကသိုလ်ခရီးသည်” နှင့် ဗိုလ်ဗလ၏ “လွတ်လပ်ရေးခရီးတစ်ထောက်”။ ခရီးသွားမှတ်တမ်း ဖတ်ရတာ ရေးသူ တော်လျှင်တော်သလို စာဖတ်သူကိုယ်တိုင် ထိုနေရာသို့ ရောက်နေသလို ခံစားရစေသည်။ ငစနေလဲ အားကျမခံ ရေးကြည့်ဦးမှ လို့ အားခဲထားတာ ကြာပြီ။ ဒါပေမယ့် ဦးအရိုင်းတို့ ပျက်လုံးလိုပေါ့ “ကျန်းမာရေးကလဲမကောင်း၊ ကျန်းမာရေးကောင်းပြန်တော့လဲ လိုအင်ဆန္ဒက မပြည့်” ဆိုတာလိုမျိုး ခရီးက ထွက်ခဲသည်။ ထွက်မယ့်ထွက်တော့လဲ အလုပ်ကိစ္စတွေနှင့်သာ ဆိုတော့ ဘာမှ မှတ်တမ်းမှတ်ရာ မကျန်။ ပြီးခဲ့တဲ့ လကတော့ Malaysia နိုင်ငံ Kuala Lampur မြို့ကို အလည်တစ်ခေါက် ရောက်ခဲ့သည်။ ကိုယ်ရေးကိုယ်တာ ကိစ္စ နဲ့ အလည်အပတ်နဲ့ ပေါင်းပြီး ခရီးထွက်တာဖြစ်လို့ မှတ်တမ်းလေးတစ်ခုတော့ ရေးလိုက်မဟဲ့ လို့ အားတင်းမိသည်။ အစ်မမေငြိမ်းလို ဘယ်စာစောင်ကမှ လက်မခံလဲ ကိုယ့် blog ထဲကိုယ်တင်မှာပေါ့ လို့တော့ စိတ်ပိုင်းဖြတ်ထားရသပေါ့။ (မနှိုင်းကောင်း မနှိုင်းရာတွေ သွားနှိုင်းနေပြန်ပြီ။ အစ်မစာတွေက ကောင်းလွန်းလို့ စာစောင်တွေက လက်မခံရဲတာ။ နင်ရေးတာက ဘာမို့လို့တုန်း)။
ငစနေတစ်ယောက် ဒီခရီးကိုသွားဖို့ အတော်လေး စိတ်အားထက်သန်မိလေသည်။ အားသန်ဆို တစ်သက်လုံးနေမှ တစ်ခေါက်သာ တွေ့ဖူးသော အဒေါ်နှင့် အစ်မ၀မ်းကွဲ ၄ယောက်ကို တွေ့ရမည်က တစ်ကြောင်း၊ ပထမဆုံး ကိုယ်တစ်ယောက်တည်း သွားရမည့်ခရီး ဖြစ်သည်ကတစ်ကြောင်း၊ အတော်လေး စိတ်လှုပ်ရှား နေမိသည်။ မသွားခင် တစ်လလောက်ကတည်းက ကြိုတင်၍ ရထားလက်မှတ်ကို online မှ ကြိုတင် ၀ယ်ယူထားခြင်း၊ လိုအပ်မည်ထင်သည့် ပစ္စည်းများ ၀ယ်ယူစုဆောင်းခြင်းတို့နှင့် မအားလပ်ရအောင် ရှိနေလေသည်။ တစ်ကယ်တမ်းကျတော့ ငစနေဆိုတာ ဘာမို့တုန်း ... သူငယ်ချင်းများက “ရဲဝင်း” ဟု အနွတ္တသညာ ချီးမြှင့်ခံထားရတဲ့ကောင်ပဲဟာ ... မလွဲပဲ ဘယ်နေပါ့မတုန်း။ ပထမဆုံးအလွဲက ရထားလက်မှတ်ထုတ်ဖို့ မေ့ခြင်းဖြစ်လေသည်။ သတိရလို့ booking confirmation ကိုထုတ်ကြည့်တော့ လက်မှတ်ထုတ်ရမယ့် နောက်ဆုံးရက်က ကျော်နေပြီ။ ရထားဘူတာကို ကမန်းကတန်း ဖုန်းဆက်တော့ မရတော့ပါတဲ့။ သွားမယ့်ရက်မှ လက်မှတ်ဝယ်ပြီး စီးသွားပါ ဆိုပြီးတော့ပဲ အကြောင်းပြန်ပါတယ်။ ရုံးက ခွင့်ယူလိုက်တာက ဗုဒ္ဓဟူးနေ့ကနေ တနင်္ဂနွေနေ့အထိပါ။ ဒါပေမယ့် အင်္ဂါနေ့ ညနေ ရုံးဆင်းတာနဲ့ သွားမယ်ဆိုပြီး ရည်ရွယ်ထားတာကြောင့် ရုံးဆင်းတာနဲ့ လက်မှတ်ဝယ်ဖို့ Tanjong Pagar မှာရှိတဲ့ KTM Railway Station ကို တန်းပြေးရပါတယ်။ ရထား အချိန်စာရင်းအရတော့ SG ကနေ ည ၁၀း၃၀ မှာ ထွက်တဲ့ ရထားက JB ကို ည ၁၁း၃၅ မှာ ၀င်မှာဖြစ်ပြီး အဲဒီကနေ KL ကို နောက်နေ့မနက် ၆း၃၅ မှာ ၀င်မယ် လို့ ရေးထားပါတယ်။
Singapore ကနေ KL အထိကို ရထား တိုက်ရိုက် ပေါက်ပါတယ်။ တစ်ရက်ကို အနည်းဆုံး ၃စီး ပုံမှန်ထွက်လေ့ရှိသည်။ ငစနေ့ ခရီးစဉ်က Singapore တစ်ဖက်ကမ်း Johor Baru ကို ကားနဲ့သွားပြီး JB ကနေတစ်ဆင့် ရထားပြောင်းစီးရန်ဖြစ်လေသည်။ JB ကို ရောက်ဖူးချင်တာက တစ်ကြောင်း၊ ရထားကို JB ကနေ စစီးရင် လက်မှတ်ဈေးက တစ်ဝက်လောက် သက်သာတာက တစ်ကြောင်း ဖြစ်လေသည်။ KTM Station ကိုရောက်တော့ ပြဿနာတက်တော့သည်။ JB မှ ငစနေ့ အဒေါ်နေသော Kajang (KL မရောက်မီ တစ်ဘူတာအလို) အထိ လက်မှတ်ပေးပါ ဆိုသောအခါ S$27 ကျပါသည် ဟုဆိုလေသည်။ ငစနေ online မှာ booking လုပ်တုန်းကတော့ RM27 (S$12) သာ။ ယခု ၂ ဆကျော်ကွာနေသောအခါ ငစနေ complaint တက်တော့သည်။ လက်မှတ်ရောင်းက အဲဒီဈေးနဲ့လိုချင်ရင် JB Station ကနေ ၀ယ်စီးပါဟု အကြံပြုလေသည်။ ကြားရက်မို့လို့ လက်မှတ်မရမှာ မပူပါနဲ့။ ရထားက အချောင်ကြီးပါ ဟု အားပေးလေသောအခါ ငစနေလဲ သူ့အကြံအတိုင်း လိုက်နာရန် သဘောတူရတာပေါ့။ ဒါပေမယ့် ဆရာသမားက Ticket counter က ည ၉ နာရီ ပိတ်မှာမို့ အမှီသွားရန်လိုကြောင်း ထပ်ကွန့်သောအခါ ငစနေ ဗျာများရတော့သည်။ နာရီကြည့်လိုက်တော့ ၆း၁၅။ ငစနေ ဘတ်စ်ကား မစောင့်နိုင်၊ အိမ်ကို Taxi တစ်စီးတားပြီး လစ်ရတော့သည်။ SG မှာ ညနေ ၅ နာရီခွဲမှာ ၇ နာရီခွဲကြားအချိန်မှာ တစ်ကယ့် rush hour ဖြစ်လေသည်။ ငစနေတစ်ယောက် မြန်ချင်ပါတယ်ဆိုမှ traffic jam ကြားထဲတွင် ပိတ်မိပြီး ပုံမှန် ၁၅ မိနစ်ခန့်သာ ကြာရမည့်ခရီးကို နာရီဝက်ကျော် ကားပေါ်မှာ ထိုင်လိုက်ရလေသည်။



ဆက်ရန် .....
No comments:
Post a Comment