“အလျင်လိုမှ အနှေးဖြစ်” ဆိုသော စကားမှာ ငစနေအတွက်များ တမင်ရည်ရွယ်ထားလေသလားမသိပေ။ အမြန်ရောက်ချင်ပါတယ်ဆိုမှ ပြဿနာက တစ်မျိုးပြီးတစ်မျိုး တက်လေသည်။ ဘတ်စ်ကားက တံတားကိုကျော်၍ တစ်ဖက်ကမ်းရှိ မလေး Immigration office အထိသာ ပို့ပေးလေသည်။ ကိုယ့်အထုတ်ကိုယ်ဆွဲ၍ ခြေကျင်ပဲ ပြေးရတာပေါ့။ Immigration counter ကိုရောက်တော့ ငစနေ ဆိုင်းဘုတ်ကိုကြည့်သည်။ တစ်ဖက်က Malay Passport Only ဟုရေးထားတာ တွေ့ရပြီး ၀င်တဲ့သူ မရှိချေ။ နောက် counter တစ်ခုကတော့ All Passports ဟုသာ ရေးထားပြီး လူတွေ အတော်များများ တန်းစီဝင်နေကြသည်။ ငစနေလဲ သူများနောက် လိုက်ဝင်ပြီး တန်းစီ counter ရောက်တော့ immigration officer က မျက်နှာကိုသာ တစ်ချက်လှမ်းကြည့်ပြီး ခေါင်းညိတ်ပြလေသည်။ သွားလို့ရပြီ ဆိုသည့်သဘော။ ငစနေလဲ ကောင်တာမှ အမြန်လစ်တော့သည်။ အချိန်က ၈း၅၅။ အဲဒီတော့မှ စောစောက ကားပေါ်တွင် တွေ့ခဲ့သည့် မလေးလူမျိုးက ငစနေ့ကို လှမ်းခေါ်တော့သည်။ ပြီးတော့ ငစနေ့ကို ကောင်တာကို အမြန်ပြန်သွားပြီး white card ဖြည့်ရန်နှင့် အ၀င် တံဆိပ်တုံး ထုရန် ပြောလေသည်။ သေဟဲ့ နန္ဒိယ ဟုသာ စိတ်ထဲမှ ရေရွတ်ပြီး ကောင်တာကို တစ်ခေါက်ပြန်ပြေးရလေသည်။ အဲဒီတော့မှ ဆရာသမား immigration officer က ရယ်ကျဲကျဲနှင့် ငါက မင်းကို မလေးနိုင်ငံသားမှတ်လို့ မကြည့်ပဲ လွှတ်ပေးလိုက်တာ ဟုပြောလေသည်။ အားနာသွားလေသလားမသိ၊ သူကိုယ်တိုင် white card ကိုဖြည့်ပေးပြီး ဘယ်သွားမလဲ ဘာညာ စပ်စုလေသည်။ ငစနေက KL အထိ သွားမည်ဖြစ်ကြောင်း၊ ငစနေ့ အစ်မ၀မ်းကွဲတစ်ယောက်၏ မင်္ဂလာဆောင် အခမ်းအနားသို့ တက်ရောက်ရန်ဖြစ်ကြောင်း စကားစမည် ပြောရင်းနဲ့ ငစနေက JB Station ကို ဘယ်လိုသွားရမလဲ ဟုမေးသောအခါ စိတ်ရှည်လက်ရှည် လမ်းညွှန်ပေးလေးသည်။
၉း၀၀ ဖြစ်နေပြီမို့လို့ အထုတ်ဆွဲပြီး ထွက်ပြေးသော ငစနေ့ကို နောက်ထပ် လူတစ်ယောက်က လှမ်းခေါ်ပြန်လေသည်။ ကြည့်လိုက်တော့ custom officer တစ်ယောက်။ ဟုတ်သားပဲ။ custom မှာ ပစ္စည်းစစ်ရဦးမှာပေါ့။ သိပ်တော့ မကြာပါ။ ပါလာတဲ့ luggage ကို x-ray စက်ထဲ ကောက်ထည့်ပြီး ဟိုဘက် ထွက်လာတဲ့ဘက်က ပြန်ကောက်ပြီး ပြေးရတာပေါ့။ immigration office မှထွက်ပြီး officer ကြီး လမ်းညွှန်သည့်အတိုင်း underground passage way မှ ဖြတ်၍ အခြားတစ်ဖက်မှ ပြန်ထွက်သောအခါ JB မြို့ထဲသို့ တန်းရောက်လေသည်။ ငစနေတစ်ယောက် ယောင်ချာချာ ဖြစ်တော့တာပေါ့။ ဘယ်သွားလို့ ဘယ်လာရမှန်းမသိ။ သတိထားမိတာတစ်ခုက JB သည် ရန်ကုန်နှင့် အတော် တူသည် ဟူသော အချက်ဖြစ်သည်။ ခပ်လှမ်းလှမ်းမှ ဗိုလ်ချုပ်ဈေးနှင့် ခပ်ဆင်ဆင် အဆောက်အဦကြီး နှင့် ထိုနေရာတစ်ဝိုက်သည် တစ်ကယ့် ရန်ကုန် ဗိုလ်ချုပ်ဈေးရှေ့နှင့် ဆင်တူသည်ဟု မှတ်ချက်ချရင်း ငစနေ အထုတ်ဆွဲကာ အမြန် လမ်းလျှောက်လာခဲ့သည်။ ဘယ်သွားရမှန်းမသိတော့ ရုပ်ရှင်တွေထဲမှာ ခဏခဏ တွေ့ဖူးတာတစ်ခုကို လုပ်လိုက်သည်။ ဓါတ်ဆီဆိုင်နှင့် တွဲထားသော 7-11 ဆိုင်ထဲကိုဝင်ပြီး လမ်းမေးခြင်းဖြစ်သည်။ ကောင်တာမှ အရောင်းစာရေးလေးများက ရယ်၍ ဆိုင်ရှေ့မှ အဆောက်အဦကြီးမှာ JB Railway Station ဖြစ်ကြောင်း ပြောတော့မှ ငစနေလဲ ရယ်ကျဲကျဲနှင့် ပြန်ထွက်လာရတာပေါ့။ ကြည့်လိုက်တော့မှ တစ်ခြားအဆောက်အဦဟုတ်ရိုးလား ငစနေ စောစောက ဗိုလ်ချုပ်ဈေးနှင့်တူသည်ဟု မှတ်ချက်ချမိသော အဆောက်အဦဖြစ်နေတော့သည်။
JB Station night view
ဘူတာရုံထဲ ကသောကမျော ပြေးဝင်ပြီး လက်မှတ်ကောင်တာကို လှမ်းကြည့်လိုက်တဲ့အခါမတော့ "Closed" ဆိုတဲ့ ဆိုင်းဘုတ်လေးက ငစနေ့ကို ကြိုဆိုနေပါတယ်။ အချိန်က ၉း၁၀ ရှိနေပါပြီ။ ငစနေလဲ အတော်လေး စိတ်ညစ်သွားပြီး ဘာဆက်လုပ်ရမယ်ဆိုတာ စဉ်းစားရပါတော့တယ်။ စဉ်းစားနေတုန်းမှာပဲ ကောင်တာထဲမှာ လူအရိပ်အခြေ တွေ့လိုက်တာနဲ့ ကောင်တာနားကို အပြေးလေးသွားပြီး “can i get a ticket to Kajang?” လို့ ကမန်းကတမ်း လှမ်းမေးရပါတယ်။ လက်မှတ် အရောင်းစာရေးရဲ့ "which type of seat?” လို့ မေးလိုက်တဲ့ စကားသံအဆုံးမှာ ငစနေတစ်ယောက် ၀မ်းသာလုံး ဆို့မသွားအောင်ကို မနည်း သတိထားလိုက်ရပါတယ်။ စိတ်ထဲမှာတော့ ကောင်တာပိတ်သွားပေမယ့် လက်မှတ်ရောင်းပေးတဲ့ ၀န်ထမ်းကို အခါခါ ကျေးဇူးတင်နေတာပေါ့ဗျာ။ "Airconed Secondary Class" (ASC) ခုံတစ်ခုံကို RM27 ပေးပြီး ၀ယ်ပြီးတဲ့အခါမှာတော့ ငစနေတစ်ယောက် ပြုံးနိုင်သွားပါပြီ။ အဲဒီတော့မှပဲ ဘူတာရုံထဲက ခုံမှာထိုင်ပြီး ငစနေတစ်ယောက် ယူလာတဲ့ ပစ္စည်းတွေကို အေးအေးဆေးဆေး စစ်နိုင်ပါတော့တယ်။ ပစ္စည်း စစ်ပြီးတဲ့အခါမှာတော့ ငစနေတစ်ယောက် ဒုတိယံမ္မိ သေဟဲ့နန္ဒိယ ကို အော်မိပြန်ပါပြီ။ ဟုတ်ကဲ့ခင်ဗျာ၊ ကိုရဲဝင်းတို့ လွဲချက်ကတော့ camera, phone charger,film နဲ့ battery တွေထည့်ထားတဲ့ အိတ် ဘယ်နားထားခဲ့မှန်း မသိတာပါပဲ။ ပြေးရင်းလွှားရင်းနဲ့များ ကျကျန်ခဲ့လား။ SG ကအထွက် baggage check မှာများ အိတ်လိုက် ကျန်ခဲ့သလားနဲ့ စိတ်တွေ ပူရပြန်ပါတော့တယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကို မသင်္ကာတာနဲ့ အိမ်မှာကျန်ခဲ့တဲ့ room-mate ကို လှမ်းဖုန်းဆက် မေးလိုက်တော့မှ .... ဟုတ်ကဲ့ပါ။ သကောင့်သားအိတ်က ငစနေ့ အိပ်ယာပေါ်မှာ အခန့်သား သီတင်းသုံးနေကြောင်း room-mate ဆီက သတင်းစကား ကြားရပါတော့တယ်။ စာရှုသူမိတ်ဆွေ၊ အခုလောက်ဆိုရင် သဘောပေါက်လောက်ရောပေါ့။ အခု တင်နေတဲ့ ဓါတ်ပုံတွေထဲမှာ မှုန်တုန်တုန် ၀ါးတားတာား ဓါတ်ပုံတွေကလွဲရင် ကျန်တဲ့ ကြည်လင်ပြတ်သားနေတဲ့ပုံတွေက အခု ဒီစာရေးနေတဲ့အချိန်ကျမှ အင်တာနက်ထဲကနေ လိုက်ရှာ၊ လိုအပ်သလို ဖြတ်တောက်ပြီး ပြန်တင်ထားရတဲ့ပုံတွေ ဖြစ်လေသတည်းပေါ့ဗျာ။ Camera တွေကျန်ခဲ့တော့ ဖုန်းမှာပါတဲ့ camera လေးနဲ့ပဲ ဟိုလျှောက်ရိုက် ဒီလျှောက်ရိုက်လုပ်ခဲ့ရတယ်။ 1.3 mega pixels ဆိုတော့ အားမရလှဘူးပေါ့။ သီချင်းနားထောင်လို့ကောင်းအောင် music phone ၀ယ်ခဲ့တဲ့ကိုယ့်ကိုကိုယ် ခုမှ ပြန်ပြီး အပြစ်တွေ တင်နေမိတော့တာပေါ့ဗျာ။

No comments:
Post a Comment