Monday, October 26, 2009

ဖျက်မရသောအတိတ် ၈ - ကျွန်တော်နှင့် မကြည်ပြာ

ကိုရဲဆုံးပြီလို့ အောင်ဘာလေက လာပြောသည်။ သိပ်တော့ မယုံချင်သေး။ သူက သတင်းအခိုင်အမာရလို့ပြောတာပါ လို့ ဆိုလာသည်။ ရင်တထိတ်ထိတ်နှင့် ဆက်စောင့်ရသည်။ သိပ်မကြာခင် နောက်တစ်ယောက်က link တစ်ခုလှမ်းပေးသည်။ အစ်မ မနော်ဟရီရဲ့ blog။ သတင်းသေချာသွားပြီပေါ့။

စိတ်မကောင်းခြင်းကြီးစွာနဲ့ပဲ လက်ခံလိုက်ရသည်။ ကိုရဲစာတွေ နောက်ထပ်ဖတ်ရဖို့မရှိတော့။ အစ်မမနော်ဟရီက သူ့ကိုဆူတော့ သူက ဟိုမှာသားကြီးရှိတယ်။ ရွှေဘုန်းရှိတယ် ကိုအောင်မင်းသိမ်းရှိတယ် ပျော်စရာကြီးလို့ ပြန်ပြောဖူးသည်။ ခုတော့လဲ သူတို့တွေနဲ့ပျော်ပျော်ရွှင်ရွှင် မကြည်ပြာဇာတ်လမ်းတွေများ ဆက်ရိုက်နေလေမလား။ (အတည်ပြောရင်းနဲ့ ကြောင်နှစ်ကောင်ကိုမျိုးနဲ့ ဒါရိုက်တာကိုမျိုး (မောင်မျိုးမင်း) တို့ပါအတူတူရှိရင် သူပိုပျော်မယ် လို့တွေးမိသည်။ ဆရာတွေတော့ ကြားရင် ဆဲနေတော့မှာပဲ)

အပေအတေမှတ်တမ်းများကို ဆက်မရေးဖြစ်ခဲ့တာတော်တော်ကြာပြီ။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမှာတွေ နည်းနည်းရှက်နေတာလဲပါသည်။ ခု ကိုရဲကိုခေါင်းထဲရောက်လာတော့ နီကိုရဲနဲ့ တွဲလျှက်ပါလာတာက မကြည်ပြာ။ အဲဒီလိုပဲ ကျွန်တော့်ကို ရဲဝင်း ဖြစ်အောင်လုပ်ခဲ့သော မကြည်ပြာတစ်ယောက် ရှိခဲ့ဖူးသည်။ ကိုရဲအမှတ်တရ ကျွန်တော့်မကြည်ပြာအကြောင်းကို အပေအတေမှတ်တမ်းများထဲမှ တစ်ခုအဖြစ် ဆက်ရေးရသော် ကောင်းမည်ဟုတွေးမိသဖြင့် ဆက်ရေးပါသည်။ ထိုမကြည်ပြာကြောင့် သူငယ်ချင်းများက ကျွန်တော့်ကို "ရဲဝင်း" လို့ခေါ်ကြပါသည်။ ရိုက်ကွင်းပေါ်မှအလွဲများ စာအုပ်ထဲမှာ ကိုရဲက မကြည်ပြာ ကို ကားကြီးအဖြစ် ရိုက်စဉ်က ရဲဝင်း လို့ တစ်ခါခေါ်သံကြားတိုင်း တစ်ခါ ဝမ်းသာလှိုက်မောရသည် ဟုပြောဖူးပါသည်။ ခု ကျွန်တော်လည်း ရဲဝင်း ဟု တစ်ခါခေါ်သံကြားတိုင်း ကျွန်တော့်မကြည်ပြာ၊ ကိုရဲ၏မကြည်ပြာ နှင့် ကိုရဲတို့ကို သတိရ ဝမ်းသာလှိုက်မောနေရတော့မည်။

ထိုနေ့က မိုးမရွာပါ။ လေတိုက်လားမတိုက်လား ကျွန်တော်မမှတ်မိတော့။ ၈ တန်းကျောင်းသားများ၏ ထုံးစံအတိုင်း ကျူရှင်ဆရာ မလာခင် ကျွန်တော်တို့ ဆော့နေကြသည်။ ဖိုးဇော်ယူလာသော ရာဘာမြွေရုပ်လေးနှင့်ဆော့နေခြင်းဖြစ်ကြောင်း ကျွန်တော်မှတ်မိပါသည်။ အချင်းချင်း စရင်းနောက်ရင်းဖြင့် တစ်ခါတွင် ထိုမြွေရုပ်မှာ ဘယ်သူပစ်လိုက်မှန်းမသိပဲ ကျွန်တော်တို့အုပ်စုတွင်းမှကျော်ပြီး အတန်းရှေ့ဘက်ရှိ မိန်းကလေးအုပ်စုအတွင်းသို့ ကျသွားပါသည်။ လန့်အော်သံများကြားရပြီး ဆူဆူညံညံဖြစ်ကုန်သည်။ ကောင်မလေးတစ်ယောက် မေ့လဲသွားသည်တဲ့။ ရုပ်ရှင်ထဲကလိုတော့မဟုတ်ပေမယ့် နောက်တော့အဲဒီကောင်မလေးနှင့်ကျွန်တော် အခင်ဆုံးသူငယ်ချင်းတွေဖြစ်သွားသည်။ ကျွန်တော်က သူ့ကို သူ့အိမ်ကခေါ်သလိုပင် မိငယ်ဟုခေါ်ပါသည်။ မိငယ်က ချောသည်။ ယဉ်သည်။ အမြဲတမ်း ရင်ဖုံးအင်္ကျီနှင့် လုံချည်နှင့် အပြင်ထွက်တတ်သည်။ သို့သော် ... ဟုတ်ကဲ့ ... သို့သော်သူသည် ထိုအချိန်ကတည်းက အတော်လေးရည်းစားများသူဖြစ်လေသည်။

သို့နှင့်ပဲ ရှစ်တန်းမှ ကိုးတန်းသို့ရောက်လာသည်။ သူ ရည်းစားတစ်ယောက်နှင့် ပြတ်ပြန်သည်။ အသည်းကွဲသည်ဟုပြောပြီး ကျွန်တော့်ရှေ့မှာ ထိုင်ငိုနေသည်။ ကျွန်တော်က ဆရာကြီးလုပ်ပြီးသူ့ကိုဆူသည်။ မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကို တန်ဖိုးထားရကြောင်း၊ ရည်းစားများတာမကောင်းကြောင်း။ လူမလေးစားကြောင်း။ ရည်းစား ခဏခဏ မပြောင်းသင့်ကြောင်း သူ့ကို ဆူနေမိသည်။

မိငယ်အငိုတိတ်ပြီး ကျွန်တော့်ကို တစ်ခွန်းပဲပြန်ပြောပါသည်။ "စနေ ... ငါနင့်နဲ့ဆိုရင် နောက်တစ်ယောက်မပြောင်းတော့ဘူးလေ ... နော်" တဲ့။ အဲဒီတုန်းက ကိုရီးယားကားတွေ အခုလိုခေတ်မစားသေးပါ။ တီဗီမှာ မင်းသားချောစွန်းဝူခုန်း အထူးပါဝင်သရုပ်ဆောင်တဲ့ အနောက်သို့ခရီးသွားခြင်း ဇာတ်လမ်းက နာမည်ကြီးနေသည်။ ဒါပေမယ့်လဲ ကျွန်တော်တို့တွေ သမီးရည်းစားဖြစ်ခဲ့ကြသည်။

ပျော်ခဲ့သောအကြောင်းများတော့ စာမဖွဲ့လိုတော့ပါ။ ဒါပေမယ့် ကျွန်တော်တို့ ပျော်ခဲ့ကြပါသည်။ ကလေးသဘာဝ ရည်းစားထားသည် ဆိုသည်မှာ အတူသွားအတူလာခြင်း၊ မုန့်အတူစားခြင်း၊ တစ်ယောက်ပါးကို တစ်ယောက်နမ်းခြင်း စသည်မျှသာဖြစ်သည်ဟု နားလည်ရင်း ပျော်ခဲ့ကြပါသည်။ ထိုစဉ်ကအချစ်သည် ယခုအချစ်နှင့်နှိုင်းယှဉ်သော ပကတိ ဖြူစင်သန့်ရှင်းသော မေတ္တာသက်သက်သာဖြစ်ကြောင်း နောင် နှစ်ပေါင်းများစွာကြာမှ ကျွန်တော်နားလည်ခဲ့ရသည်။

နင်နဲ့ဆိုရင် နောက်တစ်ယောက်မပြောင်းတော့ပါဘူး ဟုဆိုခဲ့သော မိငယ်သည် နောက် တစ်နှစ်ကျော်အကြာ၊ ဆယ်တန်းကျောင်းများ ပြန်ဖွင့်ပြီး တစ်လခန့်အကြာတွင် နောက်တစ်ယောက် ပြောင်းသွားခဲ့ပါသည်။ ဤနေရာတွင် ရက်ရက်စက်စက်ဟူသောစကားကို ကျွန်တော်မသုံးပါ။ အဘယ်ကြောင့်ဆိုသော် မိငယ်သည် မရက်စက်တတ်သောကြောင့်ဖြစ်သည်။ သူသည် ငြင်ငြင်သာသာလေးပင် နောက်တစ်ယောက်ဆီသို့ ပြောင်းသွားခဲ့ပါသည်။

မောင် ... နင်နဲ့ငါ သူငယ်ချင်းပဲပြန်လုပ်ရအောင်ဟာ။ နော်။ နော်လို့။

နင် ဘာဖြစ်လို့ အဲဒီလိုပြောရတာလဲငယ်ရယ်။ မပြောပါနဲ့ဟာ။ နော်။

နင်က ငါ့ကို ဂရုမှ မစိုက်တော့တာ။ ငယ်ပျင်းတာပေါ့။ မောင်ကကျောင်းလဲနေ့တိုင်းတက်တယ်။ ကျူရှင်လဲ ငယ်နဲ့ အတူမတက်တော့ဘူး။ ငယ့်ဆီကို တစ်ပတ်တစ်ခါတောင် မနည်းလာနေရတာမဟုတ်လား။ သူငယ်ချင်းပဲပြန်လုပ်ပါမောင်ရာ။ လိမ္မာပါတယ်ဟာ။ နော်။ ပြီးတော့ ....

ပြီးတော့ ဘာဖြစ်လဲငယ်။ နင့်ကို ငါ့ထက်ပိုဂရုစိုက်တဲ့သူ ရှိနေပြီမို့လို့လား။

ဟုတ်တယ်မောင်။ သူက ငယ်နဲ့ ကျူရှင်အတူတူတက်တာဆိုတော့ မောင့်ထက် အများကြီးပိုပြီး အချိန်ပေးနိုင်တယ်။ ငယ့်ကိုလဲ အရမ်းချစ်တယ်။ ငယ် သူ့ကို ပြန်ကြိုက်ချင်လို့။ အဲဒါ မောင် ငယ်နဲ့ သူငယ်ချင်းလုပ်ပေးကွာ။ နော်။

... အေးပါငယ်ရယ်။ ... အဲဒီလိုလုပ်မှ နင်ပျော်မယ်ဆိုရင် ငါနင့်သဘောအတိုင်း လုပ်ပေးဖို့အဆင်သင့်ပါ။

ဝေး ... ဒါမှမောင်ကွ (ရွှတ်) ဒါမို့လို့ မောင့်ကိုငယ်အရမ်းချစ်တာ။ လာ .. သူငယ်ချင်းပြန်ဖြစ်တဲ့ အထိမ်းအမှတ်နဲ့ မုန့်သွားစားမယ်။ လျှောက်လည်မယ်။

ငယ်သည် ဤသို့တတ်နိုင်သော ကောင်မလေးတစ်ယောက်ဖြစ်သည်။ သူ ငြင်ငြင်သာသာလေး ကျွန်တော့်ကိုထားခဲ့သလို ကျွန်တော်လည်း ငြင်ငြင်သာသာလေး အသည်းကွဲခဲ့ပါသည်။ ငယ်နှင့်ကျွန်တော် နှစ်တွေအများကြီး (အများကြီးဟုထင်ပါသည်) ကွဲကွာသွားခဲ့ပါသည်။

တစ်ရက်၊ ကျွန်တော်၊ ယုန်လေးနှင့် ပိပိ တို့ မြရိပ်ညိုရှိုးပွဲ သွားကြည့်ကြသည်။ ပြန်ထွက်အလာတွင် လူအုပ်ထဲမှ ခေါ်သံတစ်သံကြားလိုက်ပါသည်။

မောင် ... မောင်ရေ။ ငယ်ဒီမှာ။

၅ နှစ်ကြာခဲ့ပေမယ့် မနေ့တစ်နေ့ကပင် ခေါ်ခဲ့သေးသလိုမျိုး၊ အသံသည် စိမ်းမနေပဲ ရင်းနှီးနွေးထွေးနေသည်။

ငယ် .... ကျွန်တော် ကမန်းကတမ်း လိုက်ရှာမိသည်။ ဟော ... တွေ့ပါပြီ။ လူအုပ်ကြားထဲမှာ ငယ့်မျက်နှာလေးတွေ့ရသည်။ လွန်ခဲ့သော ၅ နှစ်ကလိုပင် လန်းဆန်းနုပျိုဆဲဟု စိတ်ထဲမှာထင်မိသည်။

ငယ် ... ဟယ် .. .နင် ဝလာလိုက်တာ ... အဲလေ ... ဟိုက် ....

ကျွန်တော် ဘာပြောရမှန်းမသိပဲ စကားတစ်ဝက်တစ်ပျက်မှာ ရပ်သွားပါသည်။

မောင်။ နင်ကတော့လုပ်ပြီ။ ဒါ ဝ တာဖြစ်မလား။ သေချာလဲကြည့်ပါဦး။

သေသေချာချာကြည့်စရာမလိုပဲ ကျွန်တော်သိလိုက်ပါသည်။ ငယ့်မှာ ကိုယ်ဝန်ကြီးနှင့်ဖြစ်လေသည်။ ကိုယ်ဝန်ကြီးမှ အတော်ကို နေ့စေ့လစေ့ဖြစ်နေသော ကိုယ်ဝန်ကြီးဖြစ်သည်။

နေဦး။ ငယ်မိတ်ဆက်ပေးဦးမယ်။ ဒါ ငယ့်အမျိုးသားလေ။ ကို ........... ပေါ့။ ကို .. ဒါ ငယ့်အချစ်ဆုံးသူငယ်ချင်းလေ။ .............. ပေါ့။

ဟုတ် ... တွေ့ရတာ ဝမ်းသာပါတယ်။ (လက်ဆွဲနှုတ်ဆက်လိုက်ကြသည်)

ငယ် စကားတွေပြောပါသည်။ သူငယ်ချင်းတွေအကြောင်းရော ဘာရော ... ကျွန်တော် မကြားတစ်ချက် ကြားတစ်ချက်။ အသံတို့သည် ဝေးသွားလိုက် နီးလာလိုက် ...

မောင် ... နင်ကလဲ စကားလေးဘာလေးပြောလေဟာ

အော် ... အေး။ နင် ဘယ်တော့မွေးမှာလဲ။ ultra-sound ရော ရိုက်ကြည့်ပြီးပြီလား။ ဘာလေးလဲ။

ဟွန်း .. ခုမှမေးဖော်ရ ... ယောက်ျားလေးပါတဲ့ရှင်။ ရိုက်ကြည့်ပြီးပြီ။ ရှေ့လထဲမွေးမှာ။ မောင် ... သားကို နင့်နာမည် ပေးလိုက်မယ်နော်။ မကောင်းဘူးလား။

ကျွန်တော့်မျက်နှာတွေ ပူထူသွားပါသည်။

အာ နင်ကလဲ။ မနောက်ပါနဲ့ဟာ။

နောက်တာမဟုတ်ဘူး မောင်ရဲ့။ အကောင်းပြောတာ။ သားကို နင့်နာမည်ပေးလိုက်မယ်။ နော်။ ခုတော့ သွားပြီ။ ငါ လမ်းလျှောက်ထွက်လာတာ။ ငါတို့အိမ်က ဒီရှေ့လမ်းထဲမှာပဲ။ သွားပြီနော် မောင်။ တာ့တာ။

ကျွန်တော် ကျန်ခဲ့ပြန်ပါသည်။ ငိုင်၍ ကျန်ခဲ့ခြင်းဖြစ်သည်။ နောက်လှည့်ကြည့်တော့ ပိပိက တခွိခွိရီနေပြီ။ အိမ်ပြန်ရောက်တော့ ပိပိက ယုန်လေးကို ဖုန်းဆက်ပြီး ဖွသည်။ ယုန်လေးက chat room ထဲမှာ ဖွထားနှင့်သည်။ နောက်နေ့ ကျွန်တော် chat-room ထဲရောက်တော့ အားလုံးက ဝိုင်းနုတ်ဆက်ကြသည်။ ...

ကိုရဲဝင်းလာပြီ။ ကိုရဲဝင်း ... မကြည်ပြာနဲ့တွေ့ခဲ့တယ်ဆို။ ဝါးဟားဟား ...

ထိုစဉ်က လွင်မိုးနှင့် ထွန်းအိန္ဒြာဗို သရုပ်ဆောင်ထားသော ကြည်ပြာရောင် နက္ကတစ်များ ဇာတ်ကား ရုံတင်နေသည်။ လွင်မိုးကို ၆၄ ပေါင်သာရှိသော ရဲဝင်းနှင့် အစားထိုးရသည်မှာ တော်တော် ဂွတီးဂွကျ နိုင်လှသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ နာမည်တစ်လုံးထပ်တိုးသွားသည်။

ယခုထိ ယနေ့ထိ ... ထိုကိစ္စကိုသိသော သူငယ်ချင်းများက ရဲဝင်းဟု ခေါ်ဆဲ။ ခေါ်ကြဆဲ။

````````````````````````````````````````````````````````````````````````````

ကိုရဲရေ ... ရဲဝင်း လို့ တစ်ခါခေါ်သံကြားတိုင်း ... ခင်ဗျားကိုရော၊ ခင်ဗျားရဲ့ မကြည်ပြာ (သို့မဟုတ် မသီတာ)၊ ကျွန်တော့်ရဲ့မကြည်ပြာ၊ အကုန်လုံးကို သတိရနေဦးမှာပါ။ တစ်ခါခေါ်သံကြားတိုင်း တစ်ခါ ရင်မှာ နွေးထွေးလှိုက်မောနေရဦးမှာပါ။

အဲဒီနေ့ဟာ မိုးမရွာ၊ ဖုန်ထူပြီး လေတိုက်တဲ့နေ့တစ်နေ့ ဖြစ်ကြောင်းကိုပါပေါ့။





Sunday, August 16, 2009

ထူးအိမ်သင်

ကိုငှက်ဆုံးတဲ့နှစ်ပါတ်လည်ဆိုတော့ ကိုငှက်သီချင်းတွေပဲ နားထောင်ဖြစ်နေတယ်။ တစ်ပုဒ်ကိုတစ်မျိုး မရိုးရအောင်ကို ကောင်းလွန်းတဲ့ ကိုငှက်သီချင်းတွေထဲမှာ အကြိုက်ဆုံးနဲ့ အထိရှဆုံးသီချင်းကတော့ အမေ့ရဲ့ ဒုက္ခအိုးလေး သီချင်းပဲ။ ဖိုးစနေ အမေ့ကိုချွဲချင်တိုင်း အိမ်မှာဖွင့်နေကျသီချင်းပေါ့။ Jazz ဂီတကိုလဲ နက်နက်နဲနဲ ခံစားတတ်စေခဲ့တဲ့ သီချင်းပေါ့။

Wednesday, August 12, 2009

Homesick


ဖိုးစနေတစ်ယောက် Home sick ဖြစ်နေပါသည်။ ရယ်တော့လဲရယ်ချင်စရာ၊ ခြင်္သေ့ကျွန်းရောက်လို့ပဲ တစ်ယောက်တည်းနေလာတာ ၂ နှစ်ကျော် ၃ နှစ်နီးပါးရှိနေပြီ ရောက်တဲ့နေ့ကတည်းကစလို့ ခုထိအိမ်မလွမ်းဖူးတဲ့ကောင်က ခုမှ အိမ်လွမ်းသူဖြစ်နေသည်။

မတတ်နိုင်။ မတတ်နိုင်ခြေ။ အိမ်ကိုလဲ ခြင်္သေ့ကျွန်းကို မ ယူလို့မရ။ ဖိုးစနေလဲ အလုပ်တွေပိပြီး အိမ်မပြန်နိုင်သေး။ သတိရရုံ ဖုန်းဆက်ရုံမှတစ်ပါး မတတ်နိုင်တော့ခြေ။

Tuesday, August 04, 2009

Pics

ဒါက West Coast ရောက်တုန်းက ရိုက်ထားတာပါ။

Quay Cranes


Into The Storm


Dark & Light

Sentosa Island ရောက်တုန်း အပျင်းပြေရိုက်လာတဲ့ပုံလေးတွေပါ။

Beach Hut


Beach Hotel


Beach Guards

Monday, August 03, 2009

Weekend Diary

စနေတနင်္ဂနွေကတော့ ဘယ်လိုကုန်သွားမှန်းမသိလိုက်ပါဘူး။ သူငယ်ချင်းတစ်ယောက်အိမ်မှာ ကချင်မနဲ့ မွန်မ ၂ ယောက်ပေါင်းပြီး ရှမ်းခေါက်ဆွဲချက်ကြမယ်ဆိုတာနဲ့ သောကြာနေ့ ညကတည်းက ရုံးကပြန်ရောက်တာနဲ့ ဈေးဝယ်ထွက်ကြပါတယ်။ ပြီးတော့ မုန့်စားစကားပြောပြီး နောက်ဆုံးဘတ်စ်ကားနဲ့ အိမ်ပြန်အိပ်။ မနက်အိပ်ယာနိုးတာနဲ့ Peninsula မှာ ရှမ်းခေါက်ဆွဲနဲ့ ပဲငပိဝယ်ပြီးတော့ ချက်မယ့်သူငယ်ချင်းအိမ်ကို သွားပါတယ်။ ဟိုအိမ်ရောက်မှ ပဲငပိနဲ့ ငရုတ်ဆီနဲ့ မှားဆွဲလာမှန်းသိပါတယ်။ ရောက်ရောက်ချင်းပဲ SharePoint Portal က error alert mail တွေ ဖုန်းထဲကို တတိန်တိန်ဝင်နေတာနဲ့ အထုတ်တွေ ကမန်းကတန်းချ သူငယ်ချင်းတွေအော်နေတာ ဂရုမစိုက်နိုင်ပဲ ကွန်ပျူတာချက်ချင်းဖွင့်ပြီး server နဲ့ နပမ်းလုံးရပြန်ပါတယ်။ ပြီးမှ တစ်နေ့ကုန် စားလိုက်သောက်လိုက် စကားပြောလိုက်နဲ့ နေ၊ ညဘက်ကျမှ အိမ်အပြန် သူငယ်ချင်းတစ်ယောက်နဲ့ စကားများပါတယ်။ အပြန် ဘတ်စ်ကားပေါ်မှာအိပ်ပျော်သွားလို့ မှတ်တိုင်ကျော်သွား၊ အဲဒီကားကိုပဲ ပြန်ပတ်စီးလာတော့ နာရီဝက်ပိုကြာသွားပါတယ်။ အိမ်ရောက်တော့ အိပ်မပျော်၊ ဗော့ဒကာကို မုန်လာဥနီဖျော်ရည်နဲ့ ၃ ချိုး ၁ ချိုး ရော ရေခဲတုံး ၃ တုံးလောက်ထည့်ပြီး ကော်ဖီမတ်ခွက်နဲ့ ၂ ခွက်အပြည့်သောက်၊ မှောက်သွားပါတော့တယ်။

တနင်္ဂနွေမနက် အိပ်ယာထထချင်း ခေါင်းနည်းနည်းအုံနေပါတယ်။ အဲဒီကနေ ဗိုက်ဆာလို့ burger တစ်ခုနဲ့ ကော်ဖီတစ်ခွက်အသောက် အစာဝင်တာနဲ့ အန်ချင်သလိုဖြစ်လာပါတယ်။ ရေသောက်ချလိုက်တော့ အစာအိမ်နံရံကပ်နေတဲ့ alcochol အကျွင်းအကျန်လေးတွေ အူထဲပျော်ဆင်းပြီး ပြန်မူးပါတယ်။ မူးပြီးတော့ ခေါင်းပါ မခံမရပ်နိုင်အောင် ကိုက်လာပြန်ပါတယ်။ တစ်နေ့လုံး သံပုရာရည်သောက်လိုက် Panadol သောက်လိုက်နဲ့ အိပ်ယာထဲမှာခွေရင်း တနင်္ဂနွေနေ့လဲ အောင်မြင်စွာကုန်ဆုံးသွားပါတော့တယ်။

Thursday, July 30, 2009

Schumacher in for Massa!

Well well well,

F1 Race is getting more and more interesting one race after another this season. Earlier, it’s very boring with only Bawrn Mercedes cars dominating the circuit with their cut-through double diffusers. After some races, the red and blue colored Red Bull is surprisingly chasing white Bawrn cars. Vettle taking podiums and winnings as a youngest F1 racer are really challenges to Bawrn as well as the come-back Webber with his first win to the 130th F1 race.

Till then I though “Oh! Ok, rookies rocks”. Nothing more than that. But now!!! The Red and Silver McLaren Mercedes came back with the beloved KERS as well as the wicked red Ferrari devils. After Michael Schumacher retired in 2006, I’ve become the fan of “Nior” rookie who shook the F1 world, named “Lewis Hamilton”. This season, he’s faced with very tough events but this little English blackie never give up. Sloppy car at the start of the season, the “Lie-gate” scandal and unfortunate accidents all cannot hold him back for long time and last week, he came back to podium, not only to stand there but to grab the winning award. At the same time, our beloved “Red Devil” Massa was hit by a debris and warded in the ICU of a hospital. His come-back for next race has been ruled-out and also the rest of the season is not certain.

A lot of rumors came out of grapevines who’d replace to Massa’s seat and Michael Schumacher’s name was at the top of the list. But earlier, his spoke-person, and other people closed to him denied that he’s coming back highlighting the neck injury he’s got last April, as well as his age. Now, this morning, he announced that he’ll take that Ferrari seat again till Massa is fit enough to drive again. (That mean at least end of this season).

What can I say more. My favorite drivers, better cars, new teams, F1 is full of surprise and I can’t wait to see how Michael and Lewis race against each other. That’s a dream come true.

Wednesday, July 22, 2009

ဖျက်မရသောအတိတ် ၇ - အတိတ်ခါးခါး

ငစနေတစ်ယောက် ဘလော့ဘက် ခြေဦးလက်ဦး ဘာဦးမှ မလှည့်ဖြစ်ခဲ့သည်မှာ ကြာချေပြီ။ ဟိုအကြောင်းပြ ဒီအကြောင်းပြ ပြချင်ရာပြလို့ရသော်လည်း တစ်ကယ့်အကြောင်းအစစ်မှန်က ပြန်မလှန်လိုသော အတိတ်တို့ကြောင့်ဖြစ်သည်။ သို့သော်လည်း အတိတ်ဆိုသည်မှာမဖျက်စကောင်း၊ ပေးထားသောခေါင်းစဉ်ကလဲ ဖျက်မရသောအတိတ် ဆိုတော့ မရေးချင်လဲ ရေးရတော့သည်။ သူများအတွက် အထူးအဆန်းတော့ ဟုတ်ချင်မှဟုတ်မည်။ ငစနေအတွက်တော့ အသေအမွှားသည်လဲ မမေ့နိုင်စရာတွေပင်ဖြစ်သည်။

ချန်လှပ်သင့်တာကို ချန်လှပ်၍ ဇာတ်လမ်းကိုဆက်ရသော် ဆိုရှယ်လစ်စနစ်ကို သည်းမခံနိုင်သောသူတို့သည် ၁၉၈၈ တွင် မိမိတို့ဆန္ဒကို ထုတ်ဖော်ပြသကြလေတော့သည်။ ထိုနှစ်အစောပိုင်းလေတွင်ပဲ ငစနေ့အဖေသည် မြန်မာပြည်မြောက်ဖျားပိုင်း မြို့တစ်မြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေ ဟူသော အမိန့်စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ အဖေကတော့ ဘာမှတုန့်ဆိုင်းမနေ၊ သွားဆိုလျှင် ကြောပိုးအိတ်တစ်လုံးလွယ်ပြီး ဘယ်လိုသွားရသွားရ ဘယ်ကိုသွားရသွားရ သွားလိုက်သည်သာဖြစ်သည်။

အခြေအနေတွေက မကောင်းရာက ပိုပိုဆိုးလာသည်။ တစ်ရက် ကျောင်းတက်နေတုန်း အတန်းထဲသို့ အဖေအစ်ကိုဝင်လာသည်။ မလာစဖူး ရောက်လာသော ဘဘကြီးကိုကြည့်၍ ဖိုးစနေ အံ့အားသင့်သွားသည်။ ဘဘကြီးနှင့် ဆရာမတို့ တီးတိုးတိုင်ပင်ပြောဆိုကြပြီးနောက် ဆရာမကဖိုးစနေ၊ ဘဘကြီးနဲ့ ပြန်လိုက်သွားလိုက် ဟိုပြောသည်။ ထိုစဉ်မှာပဲ တစ်ခြားကျောင်းသားတွေကိုလဲ ကျောင်းသားမိဘတွေ လာခေါ်ကြသည်။ အပြင်မှာ အမေနှင့် ဘဘကြီးသားအလတ် ကိုလေးတို့က ကားနှင့်စောင့်နေကြသည်။ ချက်ချင်းပင် ဖိုးစနေတို့ အိမ်ကိုပြန်လာကြသည်။ အိမ်ရောက်တော့ မေမေက ဖိုးစနေတို့ကျောင်းတွေ ခဏပိတ်သည်ဟုပြောသည်။ တက္ကသိုလ်ကျောင်းသားကြီးတွေ ဆန္ဒပြကြသည်တဲ့။ ရဲတွေ လုံထိန်းတွေက သေနတ်နှင့်ပစ်ကြသည်တဲ့။ ကံကောင်းခြင်း ၂ ဆင့်ထပ်သော ၇ ရက် ၇ လသည် ရုတ်တရက် အကျည်းတန်လေသည်။

ဖေဖေနှင့် အဆက်အသွယ်မရ။ ရန်ကုန်နှင့် မြန်မာပြည်မြောက်ဖျားပိုင်းဆက်သွယ်ရေးက လုံးဝပြတ်တောက်လုနီးပါး။ တိုင်းရင်းသားတပ်ဖွဲ့များကြီးစိုးရာနယ်မြေမို့ အစိုးရဝန်ထမ်းတစ်ယောက်အနေနှင့် အတော်ပင် အန္တရာယ်များလှသည်။ လမ်းမတွေမှာ ဘုန်းမော် ဘုန်းမော် ဟူသောအသံတွေ ဆူညံနေသည်။ မေမေ့ကို ဘုန်းမော်ဆိုတာ ဘယ်သူလဲလို့မေးကြည့်တော့ တက္ကသိုလ်ကျောင်းသားအစ်ကိုကြီးတစ်ယောက်တဲ့။ ဆန္ဒပြရင်း လုံထိန်းတွေလက်ချက်နဲ့ သေသွားတယ်တဲ့။

လူတွေမကျေနပ်ချက်က ပိုများလာသည်။ နိုင်ငံတော်သမ္မတကြီးက စစ်တပ်ဆိုတာမိုးပေါ်ထောင်မပစ်ဘူး ပစ်ရင် တည့်တည့်ပစ်တယ် ဟုပြောသည်။ သို့သော် သူအလုပ်ကထွက်သွားသည်တဲ့။ သူ့နေရာတွင် နောက်ထပ်တစ်ယောက်ဝင်လာသည်။ ဆန္ဒတွေ မစောကြပါနဲ့၊ ဒီမိုကရေစီပန်းတိုင်ကို အတူတူချီတက်ကြတာပေါ့ ဟုပြောသည်။ ဒီမိုကရေစီဆိုသော စကားလုံးအသစ်တစ်ခု ထိုရက်ပိုင်းတွင် တော်တော်ကြားလာရသည်။ ထို နဖူးပြောင်ပြောင်လူကြီးလဲ သိပ်ကြာကြာမခံလိုက်ပါ။ အလုပ်ထွက်သွားပြန်သည်။ မေမေက ရုံးသွားနေရဆဲဖြစ်သည်။ ဖိုးစနေတို့ကျောင်းမှာ ရေတပ်က စစ်သားများဝင်နေကြသည်ဟုပြောသည်။ စစ်တပ်ကိုမကြိုက်လို့ စစ်တပ်ကနေ ခွဲထွက်လာသည်တဲ့။ လမ်းထိပ်မှာ TE11 စစ်ကားကြီးနှင့် စစ်သားများ သီချင်းတွေဖွင့်ပြီးရောက်လာသည်။ လူတွေကစံပါယ်ပန်းတွေ သပြေပန်းတွေနှင့် ကြိုဆိုကြသည်။ စစ်တပ်သည် ပြည်သူဘက်ကတစ်သားတည်းနေသည်ဟု သူတို့ကပြောကြသည်။ ဘာတွေမှန်းမသိပါ။ စစ်တပ်က လူထုဘက်ကဟုပြောသော်လည်း ဖိုးစနေတို့ဦးလေးများ၊ လမ်းထဲမှ အစ်ကိုကြီးများ အလုပ်ရှုပ်နေကြသည်။ လမ်းကို ဟိုဘက်ဒီဘက်ပိတ်၍ နံရံအမြင့်ကြီးများကာပြီး ကင်းစင်များဆောက်သည်။ လူကြီးများအကုန်လုံး အလှည့်ကျကင်းစောင့်ရသည်။

ရုတ်တရက် အကြောင်းမကြားပဲ ဖေဖေပြန်ရောက်လာသည်။ ခွင့် ၃ ရက်ရ၍ ပြန်လာသည်တဲ့။ သံကြိုးရိုက်ထားတယ် မရဘူးလားဟုမေးသည်။ ကြေးနန်းရုံးကြီးမှာ ဝန်ထမ်းတွေမရှိတော့တာ ဖေဖေမသိ။ မြောက်ဖျားပိုင်းတွင် ရန်ကုန်သတင်း ဘာမှမကြားဟုပြောသည်။ ရန်ကုန်နှင့်နီးလာမှ သတင်းတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ကြားလာရသည်တဲ့။ ဖေဖေသည် ဝန်ထမ်းကောင်းပီသစွာပင် ခွင့် ၃ ရက်စေ့သောအခါ ကျောပိုးအိတ်ကောက်လွယ်လေသည်။ ပြန်တော့မည်ဟုပြောသည်။ မေမေက အခြေအနေမကောင်း၊ ရန်ကုန်မှာပဲခဏနေပြီးမှ အေးအေးဆေးဆေးဖြစ်မှ ပြန်ရန်ပြောသည်ကိုလက်မခံ၊ အတင်းပြန်သွားသည်။ ထိုညတွင် နိုင်ငံတစ်ကာသတင်းဌာနများမှ နောက်နေ့တွင် ရန်ကုန်မြို့မှာ အထွေထွေသပိတ်ကြီးဆင်နွှဲမည်ဖြစ်ကြောင်း ကြေငြာကြသည်။ တရုတ်များ၏အယူအဆ ၈ နှစ်ထပ်ကွမ်းသည် ပျော်ရွှင်မှုများကို တစ်ကယ်ဆောင်ကျဉ်းမပေးနိုင်ကြောင်း သိလိုက်ရလေသည်။

နေကြတ်ခြင်း

မနေ့က ခေါင်းကိုက်တာနဲ့ ဆေးသောက်ပြီးအိပ်လိုက်တဲ့ဖိုးစနေ မနက်အိပ်ယာနိုးတော့ အတော်လေးကိုမှောင်နေပါသေးတယ်။ အဲဒါနဲ့ ဘယ်နှနာရီလောက်များရှိပါလိမ့် ဆိုပြီး နာရီကြည့်လိုက်တော့ ၇း၄၅ ရှိနေပါပြီ။ ၈ နာရီတက်တဲ့ရုံး၊ တက်ဆီနဲ့တောင် နာရီဝက်သွားရတဲ့ခရီးမို့ ဒီနေ့ခေါင်းကိုက်ပြီး အိပ်ယာထနောက်ကျလို့ ခွင့်ယူတယ်လို့ပဲ မန်နေဂျာဆီ အီးမေးလ် ပို့လိုက်ပါတယ်။ အပြင်မှာတော့ တော်တော်မှောင်နေတုန်းပဲ။ မိုးလဲရွာထားတော့ မိုးအုံ့ပြီးမှောင်တယ်ပဲအောက်မေ့လိုက်ပါတယ်။ မန်နေဂျာက ခွင့်တစ်ရက်အလကားကုန်သွားမယ်။ မင်းသက်သာတဲ့အချိန်လာခဲ့ ငါ HR ကိုပြောထားပေးမယ်ဆိုပြီး အီးမေးလ်ပြန်လာတာနဲ့ အေး ငါ ၁၀ နာရီလောက် ရောက်မယ် လို့ အီးမေးလ် ပြန်ပို့လိုက်ပြီး အေးအေးဆေးဆေးမှ ရုံးကိုလာခဲ့ပါတယ်။

ရုံးရောက်တော့မှ အီးမေးလ်စစ်၊ သတင်းတွေဖွင့်ကြည့်နဲ့လုပ်တော့ အော် ... ဒီမနက်နေကြတ်တယ်ဆိုပဲ လို့ သိလိုက်ရပါတယ်။ အိန္ဒိယဘက်မှာလဲ လူတစ်သိန်းလောက် နေကြတ်မယ့်လမ်းကြောင်းတည့်တည့်ကရွာတစ်ရွာမှာ စုပြီး နေကြတ်တာကြည့်ဖို့လုပ်တာ မိုးတွေ မတရားအုံ့နေလို့ အကုန်တပ်ခေါက်ပြန်သွားရတယ်ဆိုတဲ့အကြောင်းလဲ ဖတ်လိုက်ရပါတယ်။

Monday, July 13, 2009

Call The Police

ဟီး ... "တစ်နှစ်တစ်ခါ ပေါ်လို့လာ ငါသာမင်းလောင်း ထီးဖြူဆောင်း" ဆိုတာလောက်တော့ မဆိုးသေးဘူးနဲ့တူပါရဲ့။ ၄ လလောက် ပျောက်ပြီး ပြန်ပေါ်လာပြန်ပါပြီ။

ခေါင်းစဉ်ကတော့ ဒီနေ့ ရုံးမှာလွဲခဲ့တဲ့အလွဲလေးတစ်ခုပါ။ ညတုန်းက အိပ်ကာနီးလေးမှာ ဘေးခန်းကလင်မယား အသေသတ်ကြပါတယ်။ အပြင်ထွက်လိုက် အထဲဝင်လိုက် ထုရိုက်နှက်သံတွေနဲ့ ဆူညံအိပ်မရတာနဲ့ နောက်တစ်ခါ အသံထွက်လာလို့ကတော့ ငါရဲအခေါ်ပဲဆိုပြီး ဖုန်းကိုအဆင်သင့်ကိုင်ထားပါတယ်။ ဒင်းတို့ပဲကံကောင်းလေသလားတော့မသိ၊ ဖုန်းဆက်ပါတော့မယ်ဆိုမှ အသံငြိမ်သွားပါတယ်။ အဲဒါနဲ့ပဲကျွန်တော်လဲ အိပ်ပျော်သွားပါတယ်။ ဒါပေမယ့် အဲဒီ ရဲခေါ်မယ်ဆိုတာက စိတ်ထဲမှာဘယ်လိုစွဲကျန်နေမှန်းမသိလိုက်ဘူး။

ရုံးရောက်ပြီး အလုပ်လုပ်နေရင်နဲ့ (မရို့မသေ) အပေါ့အပါးသွားချင်လာတာနဲ့ အိမ်သာသွားတက်ပြီး ရေဆွဲအချမှာ ရေသန့်ပိုက်က ရေယိုနေတာတွေ့လိုက်ပါတယ်။ အဲဒါနဲ့ သန့်ရှင်းရေးအလုပ်သမားတစ်ယောက်ကိုခေါ်ပြီး "Call the police, the pipe is leaking" လို့ပြောချလိုက်ပါတယ်။ :D သန့်ရှင်းရေးကောင်လေးက ကိုယ့်ကို ပြူးကြည့်ပြီးကျန်ခဲ့တာကို ဒီကောင် ဘာကြောင်နေလဲမသိဘူး။ အင်္ဂလိပ်လိုမှ နားလည်ရဲ့လားမသိဘူး ဘာညာနဲ့ ပွစိပွစိ လုပ်လာပြီးတော့မှ လက်ဆေးနေရင်းနဲ့ ငါဘာများပြောမိပါလိမ့် လို့ သေချာပြန်စဉ်းစားကြည့်တော့မှ ကိုယ်ပြောတာလွဲနေမှန်းသိပါတော့တယ်။ အဲဒီတော့မှ သန့်ရှင်းရေးကောင်လေးကို လှည့်ကြည့်ပြီး "sorry, I mean call the maintenance" လို့ လှမ်းပြောလိုက်ရပါတယ်။ အဲဒီတော့မှလဲ ဆရာသမားလေး ရီကျဲရီကျဲနဲ့ ထွက်သွားပါတော့တယ်။

အလုပ်တွေများ အရှုပ်တွေများပြီး ဖိုးစနေခေါင်းလဲ ကြက်ဥဟတ်ဘွိုင်ဖြစ်နေပြီနဲ့တူပါရဲ့ဗျာ။

Saturday, March 14, 2009

၎လစာရှင်းတမ်း - ၂

အဖေ့အမိန့်ကြော်ငြာစာတွေကြောင့် ဖိုးစနေ စိတ်ရှုပ်အလုပ်ရှုပ်ဖြစ်ရပြန်ပါတယ်။ အဖေကတော့ အားရပါးရ သတင်းစာတွေ ကတ်ကြေးနဲ့ ထိုင်ညှပ်လိုက် နီပြာတံတွေနဲ့ တားလိုက်နဲ့ ဖိုးစနေကို အားတက်သရော အလုပ်ရှာပေးနေပါတယ်။ အဖေသည် ကွန်ပျူတာဆိုသော စကားလုံး ပါလျှင် သူ့သားလုပ်တတ်သည်ချည်း အောက်မေ့နေသောအခါ ဖိုးစနေ အခက်တွေ့လေသည်။ Hardware ရော networking ရော၊ computer operator ရော၊ ကွန်ပျူတာ စာရင်းကိုင်ပါမကျန် ကွန်ပျူတာ ဟုပါသော အလုပ်ကြော်ငြာတွေ့သည်နှင့် ငစနေ့ကို အားရပါးရ လျှောက်ခိုင်းတော့သည်။ ကျွန်တော် မတတ်ပါ၊ ကျွန်တော်နှင့်မဆိုင်ပါဟုပြောလျှင် အလွန်စိတ်ဆိုးတော့သည်။ "မင်းကို ငါကငွေကုန်ကြေးကျခံပြီး ကျောင်းထားပေးရ နိုင်ငံခြားလွှတ်ရနဲ့ ခု မင်းက ဒါလေးတောင် မလုပ်တတ်ဘူးလားကွ" ဟုဆူပူကြိမ်းမောင်းလေသည်။ အမေကလဲ "ရတာမရတာ အပထား၊ မင်းအဖေစိတ်ချမ်းသာအောင် လျှောက်လိုက်ပါသားရယ်" ဟု အားပေးလေသောအခါ ဖိုးစနေ ခေါင်းကုတ်ရတော့သည်။

အလုပ်များကလဲ ဘုရင့်နောင်ပွဲရုံ၊ ပျဉ်းမပင် စက်မှုဇုံ၊ လှိုင်သာယာစက်မှုဇုံ စသည်ဖြင့် တစ်မျှော်တစ်ခေါ်သွားရသည့်နေရာတွေချည်းဖြစ်သည်။
Programmer အလုပ်၏ demand သည် ကွန်ပျူတာကို လူများမည်မျှအသုံးချသည်ဆိုသည်နှင့် တိုက်ရိုက်အချိုးကျလေသည်။ လူများ ကွန်ပျူတာ သုံးဖို့ မတတ်နိုင်သောအခါ မီးမလာသောအခါ programmer များလဲ ထမင်းငတ်တော့သည်။ ဖိုးစနေသည် ပြည်တွင်းအလုပ်အကိုင်အခြေအနေကို ရိပ်စားမိလေသောအခါ ပြည်တွင်းတွင် အလုပ်ရှာဖွေသည့်နည်းတူ ပြည်ပကို ပြန်လည်ထွက်ခွာရေးအတွက်လည်း ကြိုးစားရလေသည်။ ပြည်ပအခြေအနေကား မကောင်း၊ ပြည်တော်ပြန်မည့်သူများသာ တန်းစီနေလေသည်။ ဖိုးစနေ၏ အကြံအစည်မှာ မတ်လဆန်းလောက်တွင် စင်္ကာပူသို့ ပြန်လည်ထွက်ခွာ၍ အလုပ်အကိုင်ရှာဖွေရန်ဖြစ်သည်။ သို့သော် ထုံးစံအတိုင်းပင် အဖေက အပြင်းအထန် ကန့်ကွက်ပြန်လေသည်။ ဖိုးစနေအား နိုင်ငံခြားသို့ သွားလိုပါက မရေမရာသွား၍ အလုပ်မရပဲ ဒုက္ခ ရောက်မည့်အစား အလုပ်အကိုင် ရှာဖွေးရေး ဌာနများနှင့် ချိတ်ဆက်၍ အလုပ်ရမှသာ ပြန်လည်ထွက်ခွာရမည်ဟု အမိန့်ချသောအခါ ဖိုးစနေ စိတ်ညစ်လေသည်။ Agent မှတစ်ဆင့် စင်္ကာပူနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဆိုလျှင် ကုန်ကျစရိတ်မှာ ပျမ်းမျှ သိန်း၄၀ ခန့်ရှိပြီး လခမှာလဲ စင်္ကာပူဒေါ်လာ ၁၂၀၀ ထက် မည်သို့မျှ ပိုမရနိုင်သည်ကို ဖိုးစနေသိ၏။ သို့သော်လည်း ဖခင်၏ တစ်ချက်လွှတ်အမိန့်ဖြစ်သောကြောင့် လွန်ဆန်၍ကား မရ။ သို့နှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးဌာနများနှင့် ပြန်လည်ချိတ်ဆက်ရတော့သည်။

သို့သော်လည်း ကံကောင်းချင်လာတော့ ခြင်္သေ့ကျွန်းတွင် နောက်ဆုံးမပြန်ခင်တစ်ရက်က အင်တာဗျူးဝင်ခဲ့သောအလုပ်က လုပ်ငန်းများစတော့မည်ဖြစ်သဖြင့် အမြန်လာစေချင်ကြောင်း၊ လုပ်ငန်းကိစ္စများ တိုင်ပင်လို၍ ဖုန်းဆက်ချင်ကြောင်း အီးမေးလ်ပို့လေတော့သည်။ ကမန်းကတမ်း ဝမ်းသာအားရ ဖုန်းနံပါတ်ကိုပြန်ပို့ပေးသောအခါ ခဏအတွင်းပင် ထိုလုပ်ငန်းမှ ဖုန်းဆက်လေသည်။ နေ့စွဲကား ဇန်နဝါရီ ၁၈ ရက်၊ မင်း နောက်လဆန်း စဝင်နိုင်မလား ဟု မေးလာသည်။ ခင်ဗျားတို့ဘက်က စာရွက်စာတမ်းအချိန်မှီပို့ပေးနိုင်ရင် ကျွန်တော်လာမည် ဟု အာမဘန္တေခံပေးလိုက်သည်။ လေယာဉ်လက်မှတ် ကပျာကယာတန်းစီသော် ဇန်နဝါရီ ၂၆ ရက်နေ့အတွက် လက်မှတ်တစ်စောင်ရလေသည်။ စာရွက်စာတမ်းများကလဲ အချိန်မှီရောက်လာပြန်ရာ ဖိုးစနေတို့ ခြင်္သေ့ကျွန်းသို့ ကဆုန်ဆိုင်းလေတော့သည်။

Monday, March 09, 2009

၎လစာရှင်းတမ်း - ၁

ဖိုးစနေတစ်ယောက် စိတ်အကြည်ဓါတ်မရလို့ တွင်းအောင်းနေရာကနေ အခုတော့ တွင်းဝမှာ ပြူတစ်ပြူတစ် ပေါ်လာပြန်ပါပြီ။ ဘဝဆိုတာကြီးကလဲ Roller Coaster စီးရသလိုပါပဲ။ အရှိန်နှေးနှေးနဲ့တက်သွားလိုက် အရှိန်မြန်မြန်နဲ့ ပြန်ပြုတ်ကျလိုက်နဲ့ပဲ သံသရာလည်နေသည်။ အောက်တိုဘာလမှစ၍ စာမရေးဖြစ်သည့်ကြားကာလများကို အကြမ်းဖျင်းပြန်ဖောက်သည်ချရသော် ...

အောက်တိုဘာလဆန်းမှစ၍ ရန်ကုန်ပြန်နေသော ဖိုးစနေ နိုဝင်ဘာ၈ရက်မှာ လေဆိပ်သို့ဆင်းလေသော် ကိုရဲဝင်းဇာတ်လမ်းက စတော့သည်။

လေဆိပ်ခွန်ဆောင်သည့်ကောင်တာတွင် လေဆိပ်ခွန်ဆောင်ပါမည်ဆိုမှ လေဆိပ်အရာရှိက လူစာရင်းမှာ နာမည်မပါပါဟု လုပ်လေသည်။ ထိုနေ့မတိုင်ခင် တစ်ရက်ကလဲ ဖိုးစနေအစ်မပြန်သောအခါ ထိုပြဿနာပင် ကြုံရ၍ လေကြောင်းလိုင်းသွားပြော ဟိုဖုန်းဆက် ဒီဖုန်းဆက်နှင့် ကံကောင်း၍ လေယာဉ်က စောင့်နေသဖြင့်သာ ပြန်လိုက်သွားရသည်ကို ကြုံထားသောဖိုးစနေ ဒီတစ်ခါတော့ ပေါက်ကွဲတော့သည်။ ကိုယ့်ဘက်က အပိုင်ပဲဟု ဖိုးစနေ ပြဿနာရှာလေသော် လေဆိပ်အရာရှိက ခပ်ပြုံးပြုံးပင် "ညီလေး လေကြောင်းလိုင်းကိုသွားမေးကြည့်ပါဦး။ အစ်ကိုတို့က သူတို့ပို့ပေးတဲ့နာမည်စာရင်းအရပဲပြောရတာ၊ သူတို့ရှင်းပေးရင် ရပါတယ်" ဟုသာပြန်လည်ဖြေကြားသဖြင့် ဖိုးစနေ လေကြောင်းလိုင်းရုံးခန်းသို့ ဒေါကန်ကန်နှင့်ပြေးတော့သည်။ သို့သော်လည်း ကိုရဲဝင်းဟု နာမည်ကြီးထားသည်ကို ပြန်သတိရသဖြင့် လေယာဉ်လက်မှတ်ကို ပြန်ဖွင့်ကြည့်သော် အပြန်ခရီးစဉ်မှာ နိုဝင်ဘာ၈ ရက်နေ့ဖြစ်ရမည့်အစား နိုဝင်ဘာ ၉ ရက်ဖြစ်နေလေသတည်း။ လွဲပဟ ရဲဝင်းရေ ဟုသာ ကိုယ့်နဖူးကိုယ်ရိုက်ရတော့သည်။ စပ်ဖြီးဖြီးနှင့်ပင် အထုပ်ဆွဲပြီး အိမ်ပေါ်ပြန်တက်ရတာပေါ့။ နောက်နေ့ တနေ့တစ်ခါ လေဆိပ်ဆင်းပြန်လေသော် လက်စွဲတော်ကင်မရာက အိမ်တွင် ခန့်ခန့်ကြီးကျန်နေခဲ့ပြန်လေသည်။ မတတ်နိုင်ပါ။ ပြန်ယူရင် မမှီနိုင်တော့သည့်အခြေအနေမို့ ထားလိုက်ရတော့သည်။

တနင်္ဂနွေနေ့ အိမ်ပြန်ရောက်၍ တနင်္လာနေ့ ရုံးပြန်တက်သော် ဘောစိက အခန်းထဲကြွပါဆိုလေသည်။ အခန်းထဲရောက်တော့ စာအိတ်အဖြူလေးတစ်ခုထိုးပေးကာ စိတ်မကောင်းကြောင်းပြောသည်။ (စိတ်မကောင်းတော့လဲ နွားမွေးပေါ့ ဘောစိရယ်) စီးပွားရေးအကျပ်အတည်းအခြေအနေအရ ဖိုးစနေ၏စာချုပ်ကို ထပ်မတိုးပေးနိုင်တော့ကြောင်း။ ယခု စာချုပ်စေ့မည့် နိုဝင်ဘာလကုန်လျှင် ကတ်ပြားအစိမ်းကို ပြန်အပ်စေလိုကြောင်း လေကိုချွေတာစွာဖြင့် တိုတုတ်တုတ်သာပြောလေသည်။ မတတ်နိုင်ပါ၊ ရောင်တော်ပြန်နှင့်ရောလွှတ်ခံရကြောင်းသိသိကြီးပေမင့် သူ့လက်ခုပ်ထဲကရေဆိုတော့လဲ ခံလိုက်ရပါသည်။ ကျေးဇူးတင်ကြောင်း၊ ယခုလို ခွဲခွာရသည့်အတွက် စိတ်မကောင်းကြောင်း၊ ယခု ပြန်တော့မည်ဖြစ်ကြောင်း အလုပ်များမှာ အကုန်ရှင်းလင်းပြီးသားဖြစ်သဖြင့် နောက်နေ့များတွင်လဲ ရုံးလာတော့မည်မဟုတ်ကြောင်း ခပ်ပြတ်ပြတ်ပင်ပြော၍ ဖိုးစနေထွက်ခဲ့သည်။ ဘဝသည် အသစ်စမယ့်စတော့လဲ အလုပ်ကအစ အသစ်ပြန်စရလေအောင် ဖန်တီးလာလေတော့သည်ကိုး။

စင်္ကာပူသည် ကမ္ဘာ့စီးပွားရေးအကျပ်အတည်း၏ ရိုက်ပုတ်မှုကို အတော်လေးကြိုးစားကျားကန်နေရပြီဖြစ်သည်။ အခြေအနေမဆိုးပါဟုပြောသော်ငြားလည်း ဟိုကပြုတ်တာတွေ ဒီကလျှော့တာတွေ အသံတွေကြားလာရသည်။ လုပ်ငန်းတွေကလဲ ဟုတ်သည်မဟုတ်သည်အပထား ဘယ်လက ဘယ်လောက်ရှုံးပါသည်ဆိုပြီး အစိုးရဆီက ပိုက်ဆံရလိုရငြား အခွန်သက်သာလိုသက်သာငြား ခြူသံပါအောင် ငြီးပြနေကြသည်။ အလုပ်ကြော်ငြာများတွေ့နေရသေးသော်လည်း လျှောက်လွှာဘယ်လိုတင်တင် အင်တာဗျူးပင် ခေါ်မည့်သူမရှိပါ။ ထိုကြားထဲမှတစ်ဖန် စင်္ကာပူအစိုးရ၏ နိုင်ငံခြားသားအလုပ်သမားပေါ်လစီနှင့်ပက်သက်၍လည်း ကောလာဟလ က မျိုးစုံအောင်ထွက်နေသေးသည်။ EP တွေချမပေးတော့ဘူး။ ရှိတဲ့ဟာတွေတောင် သက်တမ်းကုန်လို့သွားတိုးတာ အလုပ်ရှင်က ထောက်ခံပေးတာတောင် အစိုးရက လက်မခံဘူး ဘာဖြစ်သည် ညာဖြစ်သည် မျိုးစုံအောင် အသံကြားရလေသောအခါ စိတ်အစုံသည် တုန်လှုပ်ခြောက်ခြားကုန်၏။

နေ့စဉ်နေ့တိုင်း Library မှာ မိုးလင်းမှမိုးချုပ်ထိုင်ကာ အင်တာနက်တွင် အလုပ်ရှာလိုက်၊ စာဖတ်လိုက် လေ့လာလိုက်နှင့် နိုဝင်ဘာ တစ်လသည် ကုန်မှန်းမသိကုန်လွန်၏။ အလုပ်ကလဲ မရသေး။ ကတ်အစိမ်းကလဲ ဒီဇင်ဘာ ၁ ရက်နေ့တွင် ပြန်အပ်လိုက်ပြီမို့ ဖိုးစနေတစ်ယောက် ပြည်တော်ပြန်ရေးသာ ရှေးရှုစီစဉ်ရတော့သည်။ လေယာဉ်လက်မှတ်သွားဝယ်တုန်း Peninsula Plaza တွင် ယောက်ဖဝမ်းကွဲတစ်ယောက်နှင့်တွေ့ရာမှ ယောက်ဖက သူတို့ရုံးတွင် IT ဘက်မှာ အလုပ်လိုသည်ဟုကြားတယ်၊ မင်းလာလျှောက်ပါလား ဟို အကြံပေးလေသည်။ စိတ်မပါတစ်ပါနှင့်ပဲ ယောက်ဖ၏ရုံးတွင် လျှောက်လွှာတင် အင်တာဗျူးဝင်ခဲ့ပြီး ဖိုးစနေတစ်ယောက် ဒီဇင်ဘာ၁၅ ရက်နေ့တွင် ပြည်တော်ပြန်ခဲ့တော့သည်။ အမိမြေသည် အောင်မြင်၍ပြန်လာသူကိုဖြစ်ဖြစ် ကျရှုံး၍ ပြန်လာသူကိုဖြစ်ဖြစ် တန်းတူကြိုဆိုထွေးပွေ့မြဲထွေးပွေ့လျှက်ပင်ရှိသည်။

ပြန်လာသော် သူငယ်ချင်းများက မင်း ဆီအုန်းခြံမှာလုပ်မလား ရာဘာခြံမှာလုပ်မလား ဟု ဝိုင်းမေးကြသည်။ နိုင်ငံတော်အစိုးရက စီးပွားရေးအကြပ်အတည်း၏ ဓားစာခံ ပြည်တော်ပြန်အလုပ်သမားများအတွက် ဆီအုန်းစိုက်ခင်းများ ရာဘာစိုက်ခင်းများ အဆင်သင့်ပြင်ဆင်စိုက်ပျိုးထားကြောင်း၊ အလုပ်လက်မဲ့ဖြစ်မည်ကို စိုးရိမ်စရာမလိုပဲ ဝမ်းသာစွာ ပြန်လာနိုင်ကြကြောင်း သတင်းစာများတွင်အကျယ်တဝင့်ရေးသားဖော်ပြနေကြသည်။ ငါ လပ္ပတ္တာသွားပြီး ငါးပဲရှာစားတော့မယ်ကွာ ဟုပြန်ပြောသော် သူငယ်ချင်းများက ရီကြသည်။ ရီစရာ၏နောက်တွင် မောစရာများကပ်ပါနေကြောင်း ဆရာမင်းလူက ရီစရာမောစရာစာအုပ်တွင် ပြောခဲ့ပြီးပါပြီ။ ရီစရာနှင့်မောစရာ အစပ်အဟပ် တည့်မတည့်ကို ကျွန်တော်တို့နောက်တစ်ကြိမ် ပြန်ခံစားကြ၏။

အိမ်ပြန်ရောက်ပြီးတစ်ပတ်ကြာသော် မွေးသဖခင်သည် ဖိုးစနေအလုပ်မရှိအကိုင်မရှိ လယ်ယာပြန်စားရေးလုပ်နေသည်ကို ကြည့်မရတော့ကြောင်း၊ ဒီအသက်ဒီအရွယ်မှာ ဘာပဲဖြစ်ဖြစ် လူရိုသေရှင်ရိုသေ အလုပ်တစ်ခုတော့ လုပ်နေရမည်ဖြစ်ကြောင်း၊ ငွေအတွက် စိုးရိမ်ပူပန်စရာမလိုကြောင်း၊ ရသည့်လခနှင့်မလောက်လျှင် လိုလျှင်လိုသလိုထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ မိမိနှင့် မိသားစု၏ ဂုဏ်သိက္ခာအတွက် အလုပ်တစ်ခု အမြန်လုပ်စေလိုကြောင်း စသည်တို့ပါဝင်သော အမိန့်ကြော်ငြာစာအမှတ် ၁၂၇၃/၂၀၀၈ ကို ယခင်လွတ်ငြိမ်းချမ်းသာခွင့်ကိုရုပ်သိမ်းကြောင်းအမိန့်ကြော်ငြာစာနှင့်တကွ တွဲဖက်ထုတ်ပြန်လေ၏။

... to be continued