Showing posts with label travellog. Show all posts
Showing posts with label travellog. Show all posts

Tuesday, September 11, 2007

KL သို့အလည်တစ်ခေါက် - ၎

ကဲဗျာ။ တစ်ခြားဟာတွေ အသာထားပြီး KL ကိုပဲ ဆက်သွားရအောင်။

ရထားက ဖြည်းဖြည်းပဲ မောင်းပါတယ်။ အပြင်မှာကတော့ မိုးက ရွာလိုက် ရပ်လိုက်ပါပဲ။ နေရာကွက်ကြား ရွာနေတာ ဖြစ်မယ်လို့ပဲ ခန့်မှန်းရပါတယ်။ သီချင်းနားထောင်ချင်နေပေမယ့် ဖုန်းက battery က ကုန်လုနီးပါး ဖြစ်နေတာနဲ့ အသာလေး switch-off လုပ်ပြီး အိတ်ထဲထည့်ထားလိုက်ရပါတယ်။ တော်ကြာ မနက် အရေးပေါ် ဆက်စရာကြုံတဲ့အချိန် battery ဒေါင်းသွားမှ ဒုက္ခရယ်။ ငစနေလဲ ပါလာတဲ့ စာအုပ်လေးဖတ်လိုက်၊ ဘီစကွတ်မုန့်လေး စားလိုက် ရေလေးသောက်လိုက် လုပ်နေပေမယ့် ည ၁ နာရီလောက်ရောက်တော့ မျက်လုံးက ဘယ်လိုမှ ဖွင့်မရတော့တာနဲ့ အိပ်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ ရထားက အချိန်စာရင်းအရ ငစနေဆင်းမယ့်ဘူတာကို မနက် ၆း၁၈ မှာ ၀င်မှာမို့ လက်ပတ်နာရီမှာ ၅း၄၅ alarm ပေးထားလိုက်ပြီး စိတ်ချလက်ချ အိပ်လိုက်ပါတော့တယ်။ မနက် နာရီ alarm သံကြားလို့ နိုးတော့ ကိုယ်စီးတဲ့ တွဲတစ်တွဲလုံး ဘယ်သူမှ မထကြသေးပါဘူး။ အပြင်မှာတော့ လင်းစပြုနေပါပြီ။ မကြာခင်မှာပဲ ရထားက အရှိန်နှေးလာပြီး ဘူတာတစ်ခုကို ၀င်ပါတယ်။ နာမည်ကို ကြည့်လိုက်တော့ Seremban လို့ ရေးထားတာနဲ့ ငစနေ ဆင်းရမယ့် ဘူတာမဟုတ်သေးဘူးဆိုပြီး အသာ ထိုင်နေလိုက်ပါတယ်။

မနက် ၆း၂၀ ရှိသွားပါပြီ ရထားကြီးကတော့ သွားလို့ကောင်းတုန်းပါပဲ။ ငစနေ့ စိတ်ထဲမှာတော့ ... အင်းပေါ့လေ ... နည်းနည်း နောက်ကျတာ ဖြစ်မှာပေါ့လို့ တွေးမိပါတယ်။ ၆း၃၀ ... ၆း၄၀ လောက်ကျတော့ ငစနေ စိတ်ပူလာပါတယ်။ ကိုယ်ဆင်းရမယ့် ဘူတာများ ကျော်သွားပြီလားလို့ စိတ်ထဲက တွေးမိပါတယ်။ ရထားပေါ်က လူတွေကတော့ အိပ်တဲ့သူက အိပ်တုန်း။ တစ်ချို့လဲ ခြေဆန့်လက်ဆန့် ... အိမ်သာသွားတဲ့သူကသွား နဲ့ သူတို့ကတော့ ပုံမှန်အတိုင်းလိုပါပဲ။ ငစနေ စီးတဲ့ရထားက Singapore - Kuala Lampur Night Express train ပါ။ KL မှာ ဂိတ်ဆုံးပါတယ်။ ငစနေ ဆင်းမယ့်ဘူတာက KL မရောက်ခင် ၁ ဘူတာအလို Kajang ဘူတာပါ။ KL နဲ့ 20 Km ပဲ ဝေးပါတယ်။ တစ်ကယ်လို့ ဘူတာကျော်သွားရင်တောင်မှ အခု ခုတ်နေတဲ့အရှိန်နဲ့ဆိုရင် KL ကို ရောက်ဖို့ကောင်းနေပြီမို့ KL ကိုများ ကျော်ပြီးတော့ Ipoh ဘက်အထိ ဆက်သွားနေပြီလားလို့ လန့်သွားမိပါတယ်။ တစ်ကယ် ဟုတ်တယ်ဆိုရင်တော့ Ipoh မှာပဲ ဆင်းပြီး Telok Intan မှာနေတဲ့ အစ်မကိုပဲ ဖုန်းဆက်ပြီး လာခေါ်ခိုင်းရ ကောင်းမလား ဘာလားနဲ့ စိတ်ထဲမှာ ယောက်ယက်တွေ ခတ်ကုန်ပါတော့တယ်။


Map of Malaysia and the rail-road across Malay Peninsula

အဲဒီအချိန်မှာပဲ ရထားကြီးက ဥသြတစ်ချက်ဆွဲပြီး အရှိန်လျှော့လိုက်ပါတယ်။ နောက်တစ်ဘူတာ ၀င်ခါနီးပါပြီ ... နာမည်ကို ကမန်းကတန်း ဖတ်ကြည့်လိုက်တော့ ... ဟုတ်ကဲ့ Kajang Station ပါခင်ဗျာ။ အဲဒီတော့မှပဲ ငစနေ့ရင်ထဲက အလုံးကြီး ပြုတ်ကျသွားပါတော့တယ်။ အချိန်ကတော့ မနက် ၆း၄၇ ပါခင်ဗျာ။ ၂၉ မိနစ်တိတိ နောက်ကျပါတယ်။ ခရီးသည်တွေကတော့ ရထားနောက်ကျတာကို အဆန်းမဟုတ်သလိုပဲ လုပ်စရာရှိတာလုပ်ကြ၊ ဆင်းတဲ့သူဆင်း အိပ်တဲ့သူ အိပ်ပါပဲ။ ဘူတာထဲက ထွက်လာတော့ အပြင်မှာ ငစနေ သိတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ လာသာလာခဲ့ပါ ... ငါကျိန်းသေပေါက် လာကြိုပါ့မယ် လို့ အာမဘန္တေခံထားတဲ့ အစ်မ၀မ်းကွဲရော ... သူ့အမေ၊ ငစနေ့အဒေါ်ရော ... ဘယ်သူမှ မရှိပါ။ အဲဒါနဲ့ပဲ အိတ်ထဲက ဖုန်းကို ပြန်ထုတ်ပြီး switch-on လုပ်၊ ငစနေ့ အဒေါ် ဖုန်းကို လှမ်းခေါ်လိုက်တော့မှ ... သားရေ ... ခဏစောင့်ဦး၊ အန်တီ အိမ်ခဏပြန်နေလို့။ နောက် ၅ မိနစ်ဆိုရောက်မယ် လို့ အန်တီက လှမ်းပြောပါတယ်။ ၅ မိနစ်လောက် အကြာမှာပဲ ငစနေ့ရှေ့နားကို Proton Wira မီးခိုးရောင်လေး ထိုးရပ်လာလို့ ကြည့်လိုက်တော့ အန်တီကိုယ်တိုင် ကားမောင်းပြီး ငစနေ့ကို ပြန်လာခေါ်တာ ဖြစ်နေပါတယ်။ အဲဒီတော့မှ အန်တီက သူ မနက် ၆ နာရီကတည်းက စောင့်နေတဲ့အကြောင်း ၆ နာရီခွဲလောက် ကျတော့မှ ဘူတာက ၀န်ထမ်းကိုမေးကြည့်တော့ နောက်ကျဦးမယ်ဆိုတာနဲ့ အိမ်ခဏပြန်ပြီး သမီးကြီး ကို ရုံးလိုက်ပို့ပေးနေရကြောင်း အခု သူ့ရုံးကနေ တစ်ဆက်တည်း ၀င်ခေါ်တာ ဖြစ်ကြောင်း ရှင်းပြပါတယ်။

Tuesday, August 28, 2007

KL သို့အလည်တစ်ခေါက် - ၃

အချိန်က ည ၉း၃၀ ပဲရှိပါသေးတယ်။ ရထားက ည ၁၁း၃၀မှ လာမှာမို့လို့ ပထမတော့ ငစနေတစ်ယောက် ဘူတာထဲမှာ ကျီးကြည့်ကြောင်ကြည့်နဲ့ အနေအထားကို လှည့်ပတ်ကြည့်မိပါတယ်။ ဘူတာက ခပ်သေးသေး၊ ခပ်ဟောင်းဟောင်းပါပဲ။ အပေါ်ထပ်မှာတော့ ရုံးခန်းတွေဘာတွေ ရှိမယ်နဲ့တူပါရဲ့။ အောက်ထပ်မှာတော့ အ၀င်ဝကနေကြည့်ရင် အရှေ့တည့်တည့်က ရထား platform ပေါ်ကိုဆင်းတဲ့ တံခါးပါ။ ဘယ်ဘက်ကိုကြည့်ရင် ဟောခန်းကြီးရဲ့အဆုံးမှာ လက်မှတ်ရောင်းတဲ့ ကောင်တာရှိပါတယ်။ အလယ်တစ်ခုလုံးကတော့ ခရီးသည်တွေ နားနေဖို့ ထိုင်ခုံတန်းတွေဖြစ်ပြီး ညာဘက်မှာ သက်သာအရောင်းဆိုင်လေး တစ်ခုရှိပါတယ်။ သက်သာဆိုင်ရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ ရထားနဲ့ စင်္ကာပူကိုဝင်မယ့်လူတွေအတွက် immigration office နဲ့ အပေါ်ထပ်ကိုတက်တဲ့ လှေခါးကို တွေ့ရတယ်။ ခန်းမတစ်ခုလုံးကို ceiling mounted aircon တွေ တပ်ထားပေမယ့် တံခါးတွေ ဖွင့်ထားလို့လား၊ ဒါမှမဟုတ် aircon တွေ အကုန်မဖွင့်လို့လားတော့မသိ၊ လူနည်းပေမယ့် လေထုက ခပ်အိုက်စပ်စပ်ရယ်။

travelers' lounge and ticket counter

ပထမတော့ ငစနေလဲ ဘူတာထဲမှာပဲ စာဖတ်ရင်းနဲ့ ရထားထိုင်စောင့်နေသေးတယ်၊ နောက်တော့ ပျင်းလဲပျင်း၊ ဗိုက်လဲဆာလာတာနဲ့ အထုပ်ဆွဲပြီး JB မြို့ထဲကို ပြန်ထွက်လာခဲ့ပါတယ်။ ဘူတာရုံရဲ့ ရှေ့တည့်တည့်မှာရှိတဲ့လမ်းကနေ တစ်ဘလောက် လျှောက်လိုက်ရင် JB ရဲ့ မြို့လည်ကို ရောက်ပါပြီ။ မြို့လည်ဆိုတော့ တစ်ခြားနေရာတွေနဲ့မတူ ပိုပြီး သပ်ရပ်ပါတယ်။ လမ်းတွေလဲ ကောင်း၊ shopping centre တွေလဲ ကောင်း၊ ဆိုင်တွေလဲ အများကြီးဖွင့်ထားပါတယ်။ shopping centre တွေကတော့ ည ၁၀ နာရီဆို ပိတ်ပြီမို့ ငစနေ ရောက်သွားတဲ့အချိန်မှာ ဘာမှမရှိတော့ပါ။ ဒါပေမယ့် McDonald ဆိုင်တစ်ဆိုင်တော့ ဖွင့်ထားသေးတာနဲ့ ညစာကို Mc ပဲ စားတော့မယ်ဆိုပြီး ဆိုင်ထဲကိုဝင်လိုက်ပါတယ်။ counter မှာ menu ကြည့်လိုက်တာနဲ့ မျက်လုံးပြုးစရာက စပါတယ်။ Burger နဲ့ Chicken Nugget ကလွဲလို့ SG မှာရှိတဲ့ တစ်ခြားဟာတွေ မရှိပါ။ ကောင်းနိုးရာရာလေး လျှောက်ကြည့်ရင်း Grilled Beef Foldover တစ်ခု နဲ့ အာလူးချောင်းကြော်နဲ့ အအေးနဲ့ စားလိုက်ပါတယ်။ ဟုတ်ကဲ့ ဈေးကတော့ စင်္ကာပူက ဈေးရဲ့ တစ်ဝက်သာသာပဲ ကျပါတယ်။ အစားသောင်းကျန်းနေတာ နာရီကို ကြည့်မိတော့ ည ၁၁း၁၅ ရှိပါပြီ။ ရထားက ၁၁း၃၅ မှာ လာမှာမို့လို့ စားလက်စကို ကမန်းကတမ်း လက်စသတ်ပြီးတော့ ဘူတာကို ပြန်ပြေးရပြန်ပါတယ်။ ဟိုရောက်တော့ လူတွေအကုန် platform ကိုဆင်းနေကြပါပြီ။ ငစနေလဲ ရောယောင်ပြီး platform ကိုဆင်းလိုက်ပါတယ်။ platform မှာ ကိုယ်စီးရမယ့်တွဲက ဘယ်နားထိုးမယ်ဆိုတာကို label တွေပြထားတဲ့အတွက် ငစနေတစ်ယောက် ကိုယ်စီးရမယ့် တွဲအမှတ် K2 ထိုးမယ့်နေရာမှာ ထိုင်စောင့်နေလိုက်ပါတယ်။ မကြာပါ ရထားကြီး ၀င်လာပါပြီ။ (စုတ်ပြတ်မှုန်ဝါးနေသော ပုံအတွက် သည်းခံပေးကြပါ)

train approaching to platform 1

ငစနေ လက်မှတ်ယူထားတဲ့ Airconed Secondary Class (ASC) ဆိုတာ အကောင်းစား မဟုတ်ပါဘူး။ သူ့အောက်မှာ Economy Class တစ်ခုပဲ ရှိပါတော့တယ်။ ဒါပေမယ့် ညရထားမှာက ပထမတန်းထိုင်ခုံတွေအစား အိပ်စင်တွဲတွေ အစားထိုးထားတဲ့အတွက် အိပ်စင် မယူချင်တဲ့ ငစနေတစ်ယောက် ဒုတိယတန်းခုံပဲ ယူလိုက်ရပါတယ်။ ရထားတွဲထဲမှာတော့ အတော်လေးကို သပ်သပ်ရပ်ရပ် ရှိပါတယ်။ ရထားပေါ်မှာ သန့်ရှင်းရေးဝန်ထမ်းတွေ ရှိပြီး ဘူတာ တစ်ခါဝင်လို့ လူအတက်အဆင်း တစ်ခါလုပ်ပြီးတိုင်း သန့်ရှင်းရေးတစ်ခါလုပ်ပါတယ်။ ရထားထိုင်ခုံတွေက တစ်ဖက်တည်းကို မျက်နှာမူထားတာမဟုတ်ပဲ နီးတဲ့ အပေါက်ဘက်ကို မျက်နှာလှည့်ထားတာပါ။ တစ်မျိုးတော့ ထူးဆန်းနေတာပေါ့။ နှစ်ခုံတွဲ ခုံတွေက အလယ်လက်တန်းက ခေါက်သိမ်းလို့ရသော ထိုင်ခုံများဖြစ်၍ စုံတွဲများအတွက် များစွာ အဆင်ပြေလေသည်။ စုံတွဲမပါသော ငစနေအတွက်လဲ ဘေးခုံက လူမရှိသဖြင့် လက်တန်းခေါက်က တစ်ယောက်တည်း နှစ်ခုံထိုင်ပြီး အတော်လေး ဇိမ်ကျခဲ့သည်ပေါ့။

inside view of KTM railway car (Airconed Second Class)


Sunday, August 19, 2007

KL သို့ အလည်တစ်ခေါက် - ၂

“အလျင်လိုမှ အနှေးဖြစ်” ဆိုသော စကားမှာ ငစနေအတွက်များ တမင်ရည်ရွယ်ထားလေသလားမသိပေ။ အမြန်ရောက်ချင်ပါတယ်ဆိုမှ ပြဿနာက တစ်မျိုးပြီးတစ်မျိုး တက်လေသည်။ ဘတ်စ်ကားက တံတားကိုကျော်၍ တစ်ဖက်ကမ်းရှိ မလေး Immigration office အထိသာ ပို့ပေးလေသည်။ ကိုယ့်အထုတ်ကိုယ်ဆွဲ၍ ခြေကျင်ပဲ ပြေးရတာပေါ့။ Immigration counter ကိုရောက်တော့ ငစနေ ဆိုင်းဘုတ်ကိုကြည့်သည်။ တစ်ဖက်က Malay Passport Only ဟုရေးထားတာ တွေ့ရပြီး ၀င်တဲ့သူ မရှိချေ။ နောက် counter တစ်ခုကတော့ All Passports ဟုသာ ရေးထားပြီး လူတွေ အတော်များများ တန်းစီဝင်နေကြသည်။ ငစနေလဲ သူများနောက် လိုက်ဝင်ပြီး တန်းစီ counter ရောက်တော့ immigration officer က မျက်နှာကိုသာ တစ်ချက်လှမ်းကြည့်ပြီး ခေါင်းညိတ်ပြလေသည်။ သွားလို့ရပြီ ဆိုသည့်သဘော။ ငစနေလဲ ကောင်တာမှ အမြန်လစ်တော့သည်။ အချိန်က ၈း၅၅။ အဲဒီတော့မှ စောစောက ကားပေါ်တွင် တွေ့ခဲ့သည့် မလေးလူမျိုးက ငစနေ့ကို လှမ်းခေါ်တော့သည်။ ပြီးတော့ ငစနေ့ကို ကောင်တာကို အမြန်ပြန်သွားပြီး white card ဖြည့်ရန်နှင့် အ၀င် တံဆိပ်တုံး ထုရန် ပြောလေသည်။ သေဟဲ့ နန္ဒိယ ဟုသာ စိတ်ထဲမှ ရေရွတ်ပြီး ကောင်တာကို တစ်ခေါက်ပြန်ပြေးရလေသည်။ အဲဒီတော့မှ ဆရာသမား immigration officer က ရယ်ကျဲကျဲနှင့် ငါက မင်းကို မလေးနိုင်ငံသားမှတ်လို့ မကြည့်ပဲ လွှတ်ပေးလိုက်တာ ဟုပြောလေသည်။ အားနာသွားလေသလားမသိ၊ သူကိုယ်တိုင် white card ကိုဖြည့်ပေးပြီး ဘယ်သွားမလဲ ဘာညာ စပ်စုလေသည်။ ငစနေက KL အထိ သွားမည်ဖြစ်ကြောင်း၊ ငစနေ့ အစ်မ၀မ်းကွဲတစ်ယောက်၏ မင်္ဂလာဆောင် အခမ်းအနားသို့ တက်ရောက်ရန်ဖြစ်ကြောင်း စကားစမည် ပြောရင်းနဲ့ ငစနေက JB Station ကို ဘယ်လိုသွားရမလဲ ဟုမေးသောအခါ စိတ်ရှည်လက်ရှည် လမ်းညွှန်ပေးလေးသည်။

Johor Baru Railway Station (@ the left side of the road)

၉း၀၀ ဖြစ်နေပြီမို့လို့ အထုတ်ဆွဲပြီး ထွက်ပြေးသော ငစနေ့ကို နောက်ထပ် လူတစ်ယောက်က လှမ်းခေါ်ပြန်လေသည်။ ကြည့်လိုက်တော့ custom officer တစ်ယောက်။ ဟုတ်သားပဲ။ custom မှာ ပစ္စည်းစစ်ရဦးမှာပေါ့။ သိပ်တော့ မကြာပါ။ ပါလာတဲ့ luggage ကို x-ray စက်ထဲ ကောက်ထည့်ပြီး ဟိုဘက် ထွက်လာတဲ့ဘက်က ပြန်ကောက်ပြီး ပြေးရတာပေါ့။ immigration office မှထွက်ပြီး officer ကြီး လမ်းညွှန်သည့်အတိုင်း underground passage way မှ ဖြတ်၍ အခြားတစ်ဖက်မှ ပြန်ထွက်သောအခါ JB မြို့ထဲသို့ တန်းရောက်လေသည်။ ငစနေတစ်ယောက် ယောင်ချာချာ ဖြစ်တော့တာပေါ့။ ဘယ်သွားလို့ ဘယ်လာရမှန်းမသိ။ သတိထားမိတာတစ်ခုက JB သည် ရန်ကုန်နှင့် အတော် တူသည် ဟူသော အချက်ဖြစ်သည်။ ခပ်လှမ်းလှမ်းမှ ဗိုလ်ချုပ်ဈေးနှင့် ခပ်ဆင်ဆင် အဆောက်အဦကြီး နှင့် ထိုနေရာတစ်ဝိုက်သည် တစ်ကယ့် ရန်ကုန် ဗိုလ်ချုပ်ဈေးရှေ့နှင့် ဆင်တူသည်ဟု မှတ်ချက်ချရင်း ငစနေ အထုတ်ဆွဲကာ အမြန် လမ်းလျှောက်လာခဲ့သည်။ ဘယ်သွားရမှန်းမသိတော့ ရုပ်ရှင်တွေထဲမှာ ခဏခဏ တွေ့ဖူးတာတစ်ခုကို လုပ်လိုက်သည်။ ဓါတ်ဆီဆိုင်နှင့် တွဲထားသော 7-11 ဆိုင်ထဲကိုဝင်ပြီး လမ်းမေးခြင်းဖြစ်သည်။ ကောင်တာမှ အရောင်းစာရေးလေးများက ရယ်၍ ဆိုင်ရှေ့မှ အဆောက်အဦကြီးမှာ JB Railway Station ဖြစ်ကြောင်း ပြောတော့မှ ငစနေလဲ ရယ်ကျဲကျဲနှင့် ပြန်ထွက်လာရတာပေါ့။ ကြည့်လိုက်တော့မှ တစ်ခြားအဆောက်အဦဟုတ်ရိုးလား ငစနေ စောစောက ဗိုလ်ချုပ်ဈေးနှင့်တူသည်ဟု မှတ်ချက်ချမိသော အဆောက်အဦဖြစ်နေတော့သည်။

JB Station night view

ဘူတာရုံထဲ ကသောကမျော ပြေးဝင်ပြီး လက်မှတ်ကောင်တာကို လှမ်းကြည့်လိုက်တဲ့အခါမတော့ "Closed" ဆိုတဲ့ ဆိုင်းဘုတ်လေးက ငစနေ့ကို ကြိုဆိုနေပါတယ်။ အချိန်က ၉း၁၀ ရှိနေပါပြီ။ ငစနေလဲ အတော်လေး စိတ်ညစ်သွားပြီး ဘာဆက်လုပ်ရမယ်ဆိုတာ စဉ်းစားရပါတော့တယ်။ စဉ်းစားနေတုန်းမှာပဲ ကောင်တာထဲမှာ လူအရိပ်အခြေ တွေ့လိုက်တာနဲ့ ကောင်တာနားကို အပြေးလေးသွားပြီး “can i get a ticket to Kajang?” လို့ ကမန်းကတမ်း လှမ်းမေးရပါတယ်။ လက်မှတ် အရောင်းစာရေးရဲ့ "which type of seat?” လို့ မေးလိုက်တဲ့ စကားသံအဆုံးမှာ ငစနေတစ်ယောက် ၀မ်းသာလုံး ဆို့မသွားအောင်ကို မနည်း သတိထားလိုက်ရပါတယ်။ စိတ်ထဲမှာတော့ ကောင်တာပိတ်သွားပေမယ့် လက်မှတ်ရောင်းပေးတဲ့ ၀န်ထမ်းကို အခါခါ ကျေးဇူးတင်နေတာပေါ့ဗျာ။ "Airconed Secondary Class" (ASC) ခုံတစ်ခုံကို RM27 ပေးပြီး ၀ယ်ပြီးတဲ့အခါမှာတော့ ငစနေတစ်ယောက် ပြုံးနိုင်သွားပါပြီ။ အဲဒီတော့မှပဲ ဘူတာရုံထဲက ခုံမှာထိုင်ပြီး ငစနေတစ်ယောက် ယူလာတဲ့ ပစ္စည်းတွေကို အေးအေးဆေးဆေး စစ်နိုင်ပါတော့တယ်။ ပစ္စည်း စစ်ပြီးတဲ့အခါမှာတော့ ငစနေတစ်ယောက် ဒုတိယံမ္မိ သေဟဲ့နန္ဒိယ ကို အော်မိပြန်ပါပြီ။ ဟုတ်ကဲ့ခင်ဗျာ၊ ကိုရဲဝင်းတို့ လွဲချက်ကတော့ camera, phone charger,film နဲ့ battery တွေထည့်ထားတဲ့ အိတ် ဘယ်နားထားခဲ့မှန်း မသိတာပါပဲ။ ပြေးရင်းလွှားရင်းနဲ့များ ကျကျန်ခဲ့လား။ SG ကအထွက် baggage check မှာများ အိတ်လိုက် ကျန်ခဲ့သလားနဲ့ စိတ်တွေ ပူရပြန်ပါတော့တယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကို မသင်္ကာတာနဲ့ အိမ်မှာကျန်ခဲ့တဲ့ room-mate ကို လှမ်းဖုန်းဆက် မေးလိုက်တော့မှ .... ဟုတ်ကဲ့ပါ။ သကောင့်သားအိတ်က ငစနေ့ အိပ်ယာပေါ်မှာ အခန့်သား သီတင်းသုံးနေကြောင်း room-mate ဆီက သတင်းစကား ကြားရပါတော့တယ်။ စာရှုသူမိတ်ဆွေ၊ အခုလောက်ဆိုရင် သဘောပေါက်လောက်ရောပေါ့။ အခု တင်နေတဲ့ ဓါတ်ပုံတွေထဲမှာ မှုန်တုန်တုန် ၀ါးတားတာား ဓါတ်ပုံတွေကလွဲရင် ကျန်တဲ့ ကြည်လင်ပြတ်သားနေတဲ့ပုံတွေက အခု ဒီစာရေးနေတဲ့အချိန်ကျမှ အင်တာနက်ထဲကနေ လိုက်ရှာ၊ လိုအပ်သလို ဖြတ်တောက်ပြီး ပြန်တင်ထားရတဲ့ပုံတွေ ဖြစ်လေသတည်းပေါ့ဗျာ။ Camera တွေကျန်ခဲ့တော့ ဖုန်းမှာပါတဲ့ camera လေးနဲ့ပဲ ဟိုလျှောက်ရိုက် ဒီလျှောက်ရိုက်လုပ်ခဲ့ရတယ်။ 1.3 mega pixels ဆိုတော့ အားမရလှဘူးပေါ့။ သီချင်းနားထောင်လို့ကောင်းအောင် music phone ၀ယ်ခဲ့တဲ့ကိုယ့်ကိုကိုယ် ခုမှ ပြန်ပြီး အပြစ်တွေ တင်နေမိတော့တာပေါ့ဗျာ။

Saturday, August 18, 2007

KL သို့ အလည်တစ်ခေါက် - ၁

ငစနေတစ်ယောက် ခရီးသွားမှတ်တမ်းများကို ဖတ်ရတာ အတော်ဝါသနာပါလေသည်။ ကင်းဝန်မင်းကြီးရဲ့ အင်္ဂလန်သွားမှတ်တမ်း ကစလို့ အန်တီ ပတ္တမြားခင် ရဲ့ မမရေ ဆိုပြီး အစချီတတ်တဲ့ “သန္တာစမ်းမှ အလွမ်းစာ”၊ မနန်းစိုး ရဲ့ ခရီးသွားမှတ်တမ်းများ အဆုံး အကုန်ဖတ်လေ့ရှိသည်။ သဘောအကျဆုံးကတော့ ဗိုလ်ဗကိုရဲ့ “ယေးလ်တက္ကသိုလ်ခရီးသည်” နှင့် ဗိုလ်ဗလ၏ “လွတ်လပ်ရေးခရီးတစ်ထောက်”။ ခရီးသွားမှတ်တမ်း ဖတ်ရတာ ရေးသူ တော်လျှင်တော်သလို စာဖတ်သူကိုယ်တိုင် ထိုနေရာသို့ ရောက်နေသလို ခံစားရစေသည်။ ငစနေလဲ အားကျမခံ ရေးကြည့်ဦးမှ လို့ အားခဲထားတာ ကြာပြီ။ ဒါပေမယ့် ဦးအရိုင်းတို့ ပျက်လုံးလိုပေါ့ “ကျန်းမာရေးကလဲမကောင်း၊ ကျန်းမာရေးကောင်းပြန်တော့လဲ လိုအင်ဆန္ဒက မပြည့်” ဆိုတာလိုမျိုး ခရီးက ထွက်ခဲသည်။ ထွက်မယ့်ထွက်တော့လဲ အလုပ်ကိစ္စတွေနှင့်သာ ဆိုတော့ ဘာမှ မှတ်တမ်းမှတ်ရာ မကျန်။ ပြီးခဲ့တဲ့ လကတော့ Malaysia နိုင်ငံ Kuala Lampur မြို့ကို အလည်တစ်ခေါက် ရောက်ခဲ့သည်။ ကိုယ်ရေးကိုယ်တာ ကိစ္စ နဲ့ အလည်အပတ်နဲ့ ပေါင်းပြီး ခရီးထွက်တာဖြစ်လို့ မှတ်တမ်းလေးတစ်ခုတော့ ရေးလိုက်မဟဲ့ လို့ အားတင်းမိသည်။ အစ်မမေငြိမ်းလို ဘယ်စာစောင်ကမှ လက်မခံလဲ ကိုယ့် blog ထဲကိုယ်တင်မှာပေါ့ လို့တော့ စိတ်ပိုင်းဖြတ်ထားရသပေါ့။ (မနှိုင်းကောင်း မနှိုင်းရာတွေ သွားနှိုင်းနေပြန်ပြီ။ အစ်မစာတွေက ကောင်းလွန်းလို့ စာစောင်တွေက လက်မခံရဲတာ။ နင်ရေးတာက ဘာမို့လို့တုန်း)။

Petronus Twin Tower taken from Presidential State Room of Hotel Istana

ငစနေတစ်ယောက် ဒီခရီးကိုသွားဖို့ အတော်လေး စိတ်အားထက်သန်မိလေသည်။ အားသန်ဆို တစ်သက်လုံးနေမှ တစ်ခေါက်သာ တွေ့ဖူးသော အဒေါ်နှင့် အစ်မ၀မ်းကွဲ ၄ယောက်ကို တွေ့ရမည်က တစ်ကြောင်း၊ ပထမဆုံး ကိုယ်တစ်ယောက်တည်း သွားရမည့်ခရီး ဖြစ်သည်ကတစ်ကြောင်း၊ အတော်လေး စိတ်လှုပ်ရှား နေမိသည်။ မသွားခင် တစ်လလောက်ကတည်းက ကြိုတင်၍ ရထားလက်မှတ်ကို online မှ ကြိုတင် ၀ယ်ယူထားခြင်း၊ လိုအပ်မည်ထင်သည့် ပစ္စည်းများ ၀ယ်ယူစုဆောင်းခြင်းတို့နှင့် မအားလပ်ရအောင် ရှိနေလေသည်။ တစ်ကယ်တမ်းကျတော့ ငစနေဆိုတာ ဘာမို့တုန်း ... သူငယ်ချင်းများက “ရဲဝင်း” ဟု အနွတ္တသညာ ချီးမြှင့်ခံထားရတဲ့ကောင်ပဲဟာ ... မလွဲပဲ ဘယ်နေပါ့မတုန်း။ ပထမဆုံးအလွဲက ရထားလက်မှတ်ထုတ်ဖို့ မေ့ခြင်းဖြစ်လေသည်။ သတိရလို့ booking confirmation ကိုထုတ်ကြည့်တော့ လက်မှတ်ထုတ်ရမယ့် နောက်ဆုံးရက်က ကျော်နေပြီ။ ရထားဘူတာကို ကမန်းကတန်း ဖုန်းဆက်တော့ မရတော့ပါတဲ့။ သွားမယ့်ရက်မှ လက်မှတ်ဝယ်ပြီး စီးသွားပါ ဆိုပြီးတော့ပဲ အကြောင်းပြန်ပါတယ်။ ရုံးက ခွင့်ယူလိုက်တာက ဗုဒ္ဓဟူးနေ့ကနေ တနင်္ဂနွေနေ့အထိပါ။ ဒါပေမယ့် အင်္ဂါနေ့ ညနေ ရုံးဆင်းတာနဲ့ သွားမယ်ဆိုပြီး ရည်ရွယ်ထားတာကြောင့် ရုံးဆင်းတာနဲ့ လက်မှတ်ဝယ်ဖို့ Tanjong Pagar မှာရှိတဲ့ KTM Railway Station ကို တန်းပြေးရပါတယ်။ ရထား အချိန်စာရင်းအရတော့ SG ကနေ ည ၁၀း၃၀ မှာ ထွက်တဲ့ ရထားက JB ကို ည ၁၁း၃၅ မှာ ၀င်မှာဖြစ်ပြီး အဲဒီကနေ KL ကို နောက်နေ့မနက် ၆း၃၅ မှာ ၀င်မယ် လို့ ရေးထားပါတယ်။

KTM Railway Station @ Tanjong Pagar

Singapore ကနေ KL အထိကို ရထား တိုက်ရိုက် ပေါက်ပါတယ်။ တစ်ရက်ကို အနည်းဆုံး ၃စီး ပုံမှန်ထွက်လေ့ရှိသည်။ ငစနေ့ ခရီးစဉ်က Singapore တစ်ဖက်ကမ်း Johor Baru ကို ကားနဲ့သွားပြီး JB ကနေတစ်ဆင့် ရထားပြောင်းစီးရန်ဖြစ်လေသည်။ JB ကို ရောက်ဖူးချင်တာက တစ်ကြောင်း၊ ရထားကို JB ကနေ စစီးရင် လက်မှတ်ဈေးက တစ်ဝက်လောက် သက်သာတာက တစ်ကြောင်း ဖြစ်လေသည်။ KTM Station ကိုရောက်တော့ ပြဿနာတက်တော့သည်။ JB မှ ငစနေ့ အဒေါ်နေသော Kajang (KL မရောက်မီ တစ်ဘူတာအလို) အထိ လက်မှတ်ပေးပါ ဆိုသောအခါ S$27 ကျပါသည် ဟုဆိုလေသည်။ ငစနေ online မှာ booking လုပ်တုန်းကတော့ RM27 (S$12) သာ။ ယခု ၂ ဆကျော်ကွာနေသောအခါ ငစနေ complaint တက်တော့သည်။ လက်မှတ်ရောင်းက အဲဒီဈေးနဲ့လိုချင်ရင် JB Station ကနေ ၀ယ်စီးပါဟု အကြံပြုလေသည်။ ကြားရက်မို့လို့ လက်မှတ်မရမှာ မပူပါနဲ့။ ရထားက အချောင်ကြီးပါ ဟု အားပေးလေသောအခါ ငစနေလဲ သူ့အကြံအတိုင်း လိုက်နာရန် သဘောတူရတာပေါ့။ ဒါပေမယ့် ဆရာသမားက Ticket counter က ည ၉ နာရီ ပိတ်မှာမို့ အမှီသွားရန်လိုကြောင်း ထပ်ကွန့်သောအခါ ငစနေ ဗျာများရတော့သည်။ နာရီကြည့်လိုက်တော့ ၆း၁၅။ ငစနေ ဘတ်စ်ကား မစောင့်နိုင်၊ အိမ်ကို Taxi တစ်စီးတားပြီး လစ်ရတော့သည်။ SG မှာ ညနေ ၅ နာရီခွဲမှာ ၇ နာရီခွဲကြားအချိန်မှာ တစ်ကယ့် rush hour ဖြစ်လေသည်။ ငစနေတစ်ယောက် မြန်ချင်ပါတယ်ဆိုမှ traffic jam ကြားထဲတွင် ပိတ်မိပြီး ပုံမှန် ၁၅ မိနစ်ခန့်သာ ကြာရမည့်ခရီးကို နာရီဝက်ကျော် ကားပေါ်မှာ ထိုင်လိုက်ရလေသည်။

Woodlands MRT Station & Regional Interchange


950 Cross border service at Woodlands regional interchange


Causeway bridge that connect Singapore with mainland Asia

အိမ်ပြန်ရောက်တော့ ၆း၄၀။ ဘာမှမစဉ်းစားနိုင်၊ ရေကို ကမန်းကတန်းချိုး တနင်္လာနေ့ ညကတည်းက ပြင်ထားသော အထုတ်အပိုးကို ကောက်ဆွဲပြီး အိမ်နှင့် မလှမ်းမကမ်းရှိ MRT Station ကို ပြေးရတော့သည်။ MRT စီး၍ မလေးနယ်စပ်နားရှိ Woodlands အထိသွား။ ထိုမှတစ်ဆင့် မလေးနယ်စပ်ကို ဖြတ်သွားသော 950 CBS (Cross Border Service) ကိုထပ်စီးလျှင် Woodlands checkpoint သို့ ရောက်လေသည်။ Woodlands checkpoint သို့ရောက်သောအခါ ည ၈း၃၀။ ကမန်းကတမ်း Immigration counter မှာ တန်းစီ၊ အထွက်ပြပြီး၊ ICA ရုံးအပြင်သို့ရောက်သောအခါ ငစနေ တိုင်ပတ်တော့သည်။ အထွက်ဘက်တွင် မလေးနှင့် စင်္ကာပူကြားကို ဆက်ထားသော တံတားကိုကျော်ရန် စောင့်နေသော ကားများမှာ အများကြီး ဘယ်ကားပေါ် တက်လို့တက်ရမှန်းမသိ။ နောက်ဆုံး မောင်ပေါက်ကျိုင်းထုံး နှလုံးမူကာ တွေ့သမျှလူ လျှောက်မေးရတော့သည်။ ပထမ Automatic Machine Pistol ကိုယ်စီကိုင်ပြီး ခန့်ခန့်ကြီး ရပ်နေကြသော စင်္ကာပူ ရဲများကို သွားမေးတော့ ဟိုဘက်မှာ ဟု လမ်းညွှန်သဖြင့် သူတို့ ညွှန်ပြရာ ဘက်ကို ပြေးရတော့သည်။ အချိန်က ၈း၅၀။ တွေ့ရာ ကားတစ်စီးပေါ် (170 CBS) ကောက်တက်ပြီးတော့မှ ဒီကားက ကိုယ်သွားချင်တဲ့နေရာ ရောက်မရောက် ဘေးကလူကို မေးရတော့သည်။ သဘောကောင်းလေသော စင်္ကာပူနိုင်ငံသား မလေးလူမျိုးက ငစနေ သွားချင်တဲ့နေရာ ရောက်ကြောင်း confirm လုပ်လေသည်။

ဆက်ရန် .....