Monday, December 24, 2007

Merry Christmas and Happy New Year 2008


မိတ်ဆွေများ အားလုံးကို ပျော်ရွှင်ဖွယ်ရာ Christmas နဲ့ နှစ်သစ်ကူး ဖြစ်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။ ကျွန်တော် မောင်စနေတစ်ယောက်တော့ ကျောပိုးအိတ်တစ်လုံးနဲ့ ရွာရိုးလျှောက်ဦးမှာမို့ နောက်နှစ်ကျမှပဲ ပြန်လည်ဆုံဆည်းကြပါစို့ဗျာ။ ဇာတ်လမ်းကောင်းကောင်း၊ ပုံကောင်းကောင်းလေးတွေတော့ ရလောက်ပါရဲ့။

Friday, December 21, 2007

ရောင်စုံဘောလုံး

ကိုသခင်ကြီးက Native Myanmar Forum မှာ weekly photo contest တစ်ခုလုပ်ပါတယ်။ ဒီတစ်ပတ် ခေါင်းစဉ်က Colors ပါ။ အဲဒီ title လေး ဝင်ပြိုင်ဖို့ ကြိုးစားရင်းနဲ့ ဒီပုံလေးဖြစ်လာပါတယ်။ “ရောင်စုံဘောလုံး” တဲ့။

Wednesday, December 19, 2007

Knockin' On Heaven's Door (Bob Dylan)


Bob Dylan ရဲ့ Knockin' On Heaven's Door ပါ။ ခံစားကြည့်ကြပါဦး။ Avril ဆိုထားတာကိုကြိုက်သလို ဒီ version ကလဲ ရသတစ်ခု ပေးနိုင်ပါလိမ့်မယ်။


ဒါကတော့ Guns N' Roses ရဲ့ original version ပါ။

Tuesday, December 18, 2007

မူတူးဆာမိစံ

ဒီ post ကို ရေးမယ်လို့ စဉ်းစားနေတာ ကြာပါပြီ။ မူရင်းဝတ္ထုကို အစအဆုံး စဉ်းစားလို့ မရသေးတာနဲ့ ကြာနေတာ။ ခုတော့ စဉ်းစားလို့ ရသလောက်လေးပဲ ဖြတ်ပြီး တင်လိုက်တော့တယ်။ တစ်ရက်က ကျွန်တော်တို့ သူငယ်ချင်းတွေဆုံကြတော့ စပ်မိစပ်ရာပြောကြရင်းနဲ့ ကိုယ့်အလုပ်အကြောင်း ကိုယ်ပြောဖြစ်ကြတယ်။ များသောအားဖြင့်ကတော့ အလုပ်ထဲမှာ သိပ်အဆင်မပြေကြတဲ့အကြောင်း၊ သူဌေးက ကပ်တဲ့အကြောင်း၊ အထက်ကလူက ကိုယ့်ကို သူများလောက် တန်းတူအခွင့်အရေးမပေးတဲ့အကြောင်း စသည်ဖြင့်ပေါ့ ... မကောင်းတာချည်းပဲပြောလို့ အလုပ်တွေအကုန် မကောင်းဘူးလို့တော့ မဟုတ်ပါဘူးဗျာ။ ကောင်းတဲ့နေရာတွေလဲ ကောင်းပါတယ်။ ဒါပေမယ့် လူများရှေ့သွားပြီး ငါ့အလုပ်က ဘယ်လောက်ကောင်းတာလို့ပြောနေရင် အသားလွတ် လွှတ်ကြွားသလိုဖြစ်နေမှာ စိုးကြတော့ မကောင်းတာတွေပဲ ပြောကြတာပေါ့။ ပြီးတော့ စိတ်ထဲမှာ မကျေနပ်တာလေးတွေ ပြောလိုက်ရတော့ ပေါ့သွားတာပေါ့။ အဲဒီမှာ သူငယ်ချင်းတစ်ယောက်က မင်းတို့ ဒီသီချင်း နားထောင်ပြီးပြီလား ဆိုပြီးတော့ သူ့ဖုန်းထဲက သီချင်းတစ်ပုဒ်ကို ဖွင့်ပြတယ်။ 9MM ရဲ့ သီချင်းသံစဉ်ကို စာသားပြောင်းထားတဲ့ သီချင်းတစ်ပုဒ်ပါ။ ဘွဲ့ရတောသားတစ်ယောက် ရှိသမျှ ရောင်းချပေါင်နှံပြီး မလေးရှားကို အလုပ်လုပ်ဖို့ ထွက်လာတဲ့အကြောင်းလေး ဆိုထားတာပါ။ ရီရပေမယ့် ခါးလည်းခါးတယ်။ အဲဒါလေး နားထောင်မိတော့ အခု ရေးမယ့် ၀တ္ထုတိုလေးကို သွားသတိရမိတယ်။ တော်တော် ငယ်ငယ်တုန်း၊ စာကောင်းကောင်းဖတ်တတ်စ အရွယ်တုန်းက ကလျာ မဂ္ဂဇင်းမှာ ဖတ်ခဲ့တာ ဆိုတာရယ်၊ ရေးတဲ့သူကစာရေးဆရာမတစ်ယောက် ဆိုတာရယ်ပဲ မှတ်မိတော့တယ်။ အလည်ပိုင်းက စာသားတွေကလဲ မေ့နေပြီဆိုတော့ သတိရသလောက်လေးပဲ ခံစားကြတာပေါ့ဗျာ။ ဒီဝတ္ထုတိုလေးကို သိတဲ့သူရှိရင် သူ့ blog မှာပဲဖြစ်ဖြစ် ဒီ post ရဲ့ comment ထဲမှာပဲဖြစ်ဖြစ် ပြန်တင်ပေးပါလို့လဲ တောင်းဆိုပါတယ်ဗျာ။ ခံစားကြည့်ကြပါ။

ဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝ


“မူတူးဆာမိစံ”

“မူတူး ....”
“ဆပ်”

“ဆာမိ ....”
“မမ် ဆပ်”

မူတူးနဲ့ ဆာမိဆိုတာ ကျွန်တော် ငယ်ငယ်တုန်းက အိမ်မှာ ခိုင်းဖို့ဝယ်ထားတဲ့ ငွေဝယ်ကျွန် ၂ ယောက်ပါ။ ဘင်္ဂလားက လာကြတဲ့ ကုလားလူမျိုး ညီအစ်ကို ၂ ယောက်ပေါ့။ မူတူးက အဖေခိုင်းတဲ့ အလုပ်တွေ အကုန်လုပ်ပေးရတယ်။ ထင်းခွဲတာ ရေခပ်တာ၊ အလုပ်ကြမ်းလုပ်တာက အစ အဖေနဲ့ ပက်သက်တဲ့ ဗာဟီရကိစ္စတွေ အကုန်လုပ်ပေးရသလို ဆာမိကလဲ အမေခိုင်းတဲ့ အဝတ်လျှော် ကြမ်းတိုက်၊ ဈေးသွားတာ၊ ချက်ပြုတ်တာက အစ၊ ကလေးထိန်းတာအဆုံး အကုန်လုပ်ပေးရတယ်။ သူတို့ကိုပေးတဲ့ လုပ်အားခက မဖြစ်စလောက် အနည်းငယ်လေးပါပဲ။ ဒါပေမယ့်လဲ သူတို့ ၂ ယောက် ပျော်ပျော်ရွှင်ရွှင်ပဲ ကျွန်တော်တို့အိမ်မှာ နေပြီး ခိုင်းသမျှကို လုပ်ကိုင်ပေးနေကြတယ်။

တစ်ခါတုန်းက အဖေက မူတူးကို မေးဖူးတယ်။

“မူတူး ... မင်း ဘင်္ဂလားကို မပြန်ချင်ဘူးလား၊ ဟိုက ဆွေမျိုးတွေကို မလွမ်းဘူးလား”

“ဆပ် ... ကျွန်တော် ဘင်္ဂလားပြန်ရင် ဟိုမှာ ဘာအလုပ်အကိုင်မှလဲ ရှိမှာမဟုတ်ဘူး။ လမ်းဘေးပဲ ပြန်ရောက်သွားမှာ။ ဒီမှာ ကျွန်တော့်မှာ လုပ်စရာ အလုပ်ရှိတယ်။ နေစရာလဲ နေရာရှိတယ်။ ကောင်းကောင်းလဲ စားရတယ်။ (အရှေ့နားမှာ သူတို့ထမင်းစားရင် ထမင်းကို ဆားနဲ့ ငရုတ်သီးနဲ့ပဲ စားတယ်ဆိုတာလေး ပါတယ်။ ကျွန်တော် နေရာမမှတ်မိလို့ မထည့်လိုက်ရဘူး)။ ပြီးတော့ ငွေစုပြီး ဘင်္ဂလားက အဖေနဲ့အမေဆီကို ပြန်ပို့ပေးလို့ရတယ်။ ကျွန်တော်တို့ ဒီမှာပဲ ပျော်တယ်။ ဘင်္ဂလားကို မပြန်ချင်တော့ဘူးဆပ်”

တော်လှန်ရေးအစိုးရတက်လာပြီး နိုင်ငံခြားသားတွေကို သူတို့တိုင်းပြည်ကို ပြန်ခိုင်းတဲ့အခါ မူတူးနဲ့ ဆာမိလည်း ဘင်္ဂလားကို ပြန်သွားခဲ့တယ်။ အဖေ့လုပ်ငန်းတွေ ပြည်သူပိုင်သိမ်းခံရပြီးနောက်ပိုင်း ကျွန်တော်တို့ မိသားစုရဲ့ စီးပွားရေးအခြေအနေလည်း တဖြည်းဖြည်း ကျပ်တည်းလာခဲ့တယ်။ အကျပ်အတည်းကြားထဲမှာပဲ ရုန်းကန်ရင်းနဲ့ အဖေ အိပ်ယာထဲ လဲတဲ့အခါမှာတော့ အိမ်ရဲ့ စီးပွားရေးအခြေအနေဟာ ကျွန်တော်တို့ ညီအစ်ကို ၂ ယောက်ရဲ့ ပုခုံးပေါ်ကို ရောက်လာခဲ့တယ်။

(ပြီးတော့ ညီအငယ်က အရင် shore job လုပ်ဖို့ ဂျပန်ကို ထွက်သွားတဲ့အကြောင်းနဲ့ နောက် ၁ နှစ်ကျော်လောက် ကြာတဲ့အခါမှာ ဟိုမှာ အလုပ်အကိုင်ကောင်းတယ်ဆိုပြီး သူ့ကိုပါ လိုက်လာဖို့ခေါ်လို့ သူပါ ဂျပန်ကို လိုက်သွားပါတယ်။ အဲဒီအချိန်က ၁၉၇၀ နဲ့ ၁၉၈၀ ကြားဖြစ်မယ်လို့ ကျွန်တော် ခန့်မှန်းမိပါတယ်)

အငယ်ကောင်က သူလုပ်နေတဲ့ စားသောက်ဆိုင်မှာပဲ ကျွန်တော့်ကို အလုပ်သွင်းပေးတယ်။ သူက ရောက်နေတာ ၁ နှစ်ကျော်ကြာပြီ၊ ဂျပန်စကားပြောတတ်နေပြီဆိုတော့ အရှေ့ပိုင်းမှာ စားပွဲထိုးအလုပ်လုပ်နေရပြီ။ ကျွန်တော်ကတော့ ခုမှ ရောက်စ ဆိုတော့ နောက်ပိုင်းမှာ ပန်းကန်ဆေးတဲအလုပ်ကနေ စလုပ်ရတာပေါ့။ မနက်မိုးမလင်းခင် ဆိုင်ဖွင့်တဲ့အချိန်က စလို့ ညမိုးချုပ်လို့ ဆိုင်ပိတ်တဲ့အချိန်အထိ လာသမျှ ပန်းကန်တွေကို ဒိုင်ခံ ဆေးပေးရတယ်။ တစ်ရက်ကျတော့ ညီငယ်က သတင်းတစ်ခု လာပေးတယ်။ ဆိုင်က အလုပ်သိပ်မကောင်းလို့ လူလျှော့ချင်နေတဲ့အကြောင်း၊ နိုင်ငံခြားသားတွေကို အရင်ဆုံး အလုပ်ထုတ်မယ်လို့ ကြားမိတယ်လို့ ပြောလာတယ်။ နောက် သိပ်မကြာခင်ပဲ အလုပ်လုပ်နေတုန်း သူ့ကို မန်နေဂျာက တွေ့ချင်တဲ့အကြောင်း လာပြောတယ်။ ရုံးခန်းကိုသွားတဲ့လမ်းမှာ သူက ပြောတယ်

“အခု မန်နေဂျာက အလုပ်သမားတွေကို ခေါ်တွေ့ပြီးတော့ အလုပ်ဖြုတ်ဖို့ ကြည့်တာ။ တစ်ကယ်လို့ သူက အိမ်ကိုလွမ်းလား အိမ်ပြန်ချင်လားလို့ မေးရင် မပြန်ချင်ဘူးလို့သာပြော။ လွမ်းတယ်ဆိုလို့ကတော့ တစ်ခါတည်း အိမ်ပြန်ပို့လိမ့်မယ်။ မင်းက ဂျပန်လို့မတတ်တော့ ငါ စကားပြန်လုပ်ပေးမယ်။ ကြည့်သာပြော။ ငါလည်း အခြေအနေကြည့်ပြီး ပြင်ပေးမယ်”

အငယ်ကောင်ပြောတဲ့အတိုင်းပါပဲ။ စကားနည်းနည်း ပြောပြီးတော့ အိမ်အကြောင်းတွေ မေးပါတယ်။ အိမ်ကိုမလွမ်းဘူးလား။ မပြန်ချင်ဘူးလား လို့ မေးတဲ့အခါ ကျွန်တော် ရုတ်တရက် မူတူးနဲ့ ဆာမိကို သတိရမိတယ်။ အိမ်ကို မပြန်ချင်တဲ့အကြောင်း ဒီမှာ အလုပ်လုပ်ရတာ ပျော်တဲ့အကြောင်း။ ဝင်ငွေလည်း ကောင်းတဲ့အကြောင်း ပြန်ပြောလိုက်တယ်။ မန်နေဂျာက

“ကောင်းပြီလေ။ ထွန်းစံ ကြိုးစားပါ။ ဂျပန်စကားကိုလည်း ကြိုးစားပြီးသင်ပါ။ ဒါမှ ဒီထက် ကောင်းတဲ့နေရာမှာ လုပ်ရပြီး လခ ကောင်းကောင်းရမှာ။ ဒါထက် ထွန်းစံရဲ့ နာမည် အပြည့်အစုံကို ကျွန်တော် မခေါ်တတ်ဘူး။ ဘယ်လိုခေါ်ရတယ်ဆိုတာ ပြောပြပါဦး”

ကျွန်တော့်ခေါင်းထဲမှာ ရုတ်တရက် နာမည်တစ်ခုဝင်လာပြီး အားရပါးရပဲ ပြုံးပြီး ပြန်ပြောလိုက်တယ်။

“မူတူးဆာမိစံ”

မန်နေဂျာက အလွန်အဲ့သြတဲ့ မျက်နှာနဲ့

“မူတူးဆာမိစံတဲ့လား?”

Friday, December 14, 2007

ဟိုဟိုဒီဒီ UPDATE

ကျွန်တော် blog စရေးတဲ့ အချိန်တုန်းကတော့ ငါ့ blog ငါရေးတာပဲ။ ရေးချင်ရေးမယ် မရေးချင် မရေးဘူး ဆိုတဲ့စိတ်တစ်ခု ရှိနေပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ကိုယ့် blog ကို ကိုယ့် အိမ်ယာတစ်ခုလို သဘောထားလာမိတယ်။ ကိုယ့်အိမ်ကို လာလည်တဲ့သူတွေ ဘာမှ မကျွေးမွေးလိုက်ရပဲ ပြန်သွားရတာကို အားနာသလို ကိုယ့် blog ကို လာတဲ့သူတွေလဲ လာပြီးတော့ post အဟောင်းတွေပဲ ကြည့်ပြီး ပြန်သွားရမှာ အားနာမိနေတယ်။ Blog ရေးတာဟာ တာဝန်တစ်ရပ်လို ခံစားလာရတယ်။ ခုရက်ပိုင်းကတော့ အသည်းကွဲသီချင်းတွေနဲ့ပဲ လုံးလည်ခြာလည်နေလို့ ငစနေတစ်ယောက် blog ဘက်ကို စာဦးမလှည့်ဖြစ်ပဲ ပတ်ပြေးနေမိတယ်။ စိတ်လေတာ ပျောက်လိုပျောက်ငြား ကျွန်းသေးသေးလေးကိုပတ်ပြီး ဓါတ်ပုံတွေ လျှောက်ရိုက်နေပေမယ့် ဓါတ်ပုံတွေကလဲ အသက်မပါသလိုဖြစ်နေတယ်။ ဘာကိုမှ စိတ်တိုင်းက မကျမိ။

ဘာရယ်မဟုတ်ပါဘူး။ ခုရက်ပိုင်း blog လာဖတ်တဲ့သူတွေကို အရမ်းအားနာပါတယ်ဆိုတဲ့အကြောင်း၊ နောက်ပိုင်း စိတ်အခြေအနေ ကောင်းရင်ကောင်းသလို စာပြန်ရေးပါ့မယ်ဆိုတဲ့အကြောင်းလေး လာပြောတာပါ။ ဘော်ဒါကြီး ညီလင်းဆက် ကတော့ ဘယ်သူနဲ့သွားပြီး အဗျူးခံတယ်မသိဘူး သူ့ဗျူးကိုအဖြတ်ခံရလို့ဆိုပြီး ဒေါကန်နေလေရဲ့။ သူက လေးထောင့်ကြီးပြောလဲ ထောင့်တွေ အသပ်ခံရတော့ အဝိုင်းလိုလို ဖြစ်ရင် ဖြစ်သွားပေမပေါ့လေ။

Wednesday, December 05, 2007

some test shots

ကြွားပြီဗျို့။ မနေ့က စမ်းပြီးရိုက်လာတဲ့ ပုံလေးတွေ တင်လိုက်ပြီ။ Tripod မရှိတော့ တစ်ချို့ပုံတွေက handshake နည်းနည်း ထိထားတယ်။ ညဘက် ရိုက်တဲ့ပုံတွေ အတော်ထိတာပေါ့။ နောက်တစ်ခေါက် tripod ဝယ်ပြီးမှပဲ အပီ ထပ်ရိုက်တော့မယ်။ အခု ရိုက်ထားတဲ့အထဲက ပြင်လို့ပြီးသလောက်ကို တင်လိုက်တယ်။ ပြင်တယ်ဆိုတာက cropping လုပ်တာတစ်ခုတည်းပါ။ ကျွန်တော်က lighting နဲ့ color ကို camera က ပေးတဲ့အတိုင်း ထားတာကို ပိုသဘောကျတယ်။ အားမနာ ပါးမနာ ဝေဖန်ကြပါ။

no label


Singapore River


Durean ... Oops! sorry. I mean the Theater At The Bay!


Sparrow! ... or Chocobo for ppls who play Final Fantasy.

နဂိုလ်ကတည်းက တုန်ပြီး မှုန်သွားတာကို ထပ်ဝါးပေးလိုက်တယ်။ ဟီးဟီး

Monday, December 03, 2007

Coconut for the monkey

မျောက် အုန်းသီးရတဲ့ဇာတ်လမ်းကို စသူမှာ ကျွန်တော်တို့ ဘလော့ဂါဂုရုကြီးကိုမောင်လှဖြစ်သည်။ တစ်ခါတုန်းက Forum တစ်ခုတွင် "What's in your bag?" ဆိုသည့် ခေါင်းစဉ်လေးအောက်၌ ကျွန်တော်တို့ အပြိုင်ကြွား အဲလေ .. အပြိုင်ရေးခဲ့ကြတုန်းက ကိုမောင်လှက သူ့အိတ်ထဲတွင် အုန်းသီးတစ်လုံးရှိကြောင်း ပြောရာ ကျွန်တော်တို့ တော်တော်လေး ဦးနှောက်ခြောက်ခဲ့ရဖူးသည်။ နောက်မှ ထို အုန်းသီး ဆိုသောအရာမှာ prosumer digital camera တစ်လုံးဖြစ်ကြောင်း သိခဲ့ရသည်။ ယခုမူ ငစနေတစ်ယောက် အုန်းသီးတစ်လုံးဝယ်လိုက်လေပြီ။ မျောက်အုန်းသီးရတော့ ဘာဖြစ်တုန်းဆိုတော့ အဲဒီအုန်းသီးနဲ့ အလုပ်ရှုပ်တော့တာပေါ့။ ခါကြည့်လိုက်၊ လှုပ်ကြည့်လိုက်၊ လှည့်ပတ်ကြည့်လိုက်၊ အထဲက အသံကို နားထောင်ကြည့်လိုက်၊ သစ်ပင်ပေါ်က ပစ်ချကြည့်လိုက် နဲ့ မြင်ယောင်သာ ကြည့်ကြပါတော့။

မျောက် အုန်းသီးရရင်တော့ အဲဒီလိုလုပ်တာပေါ့ဗျာ။ camera ကိုတော့ အဲဒီလို လုပ်လို့ ဘယ်ရပါ့မလဲ။ အဲဒီတော့ ဟိုလိုလေး ရိုက်ကြည့်လိုက်၊ ဒီလိုလေး ရိုက်ကြည့်လိုက်၊ အပေါ်ကနေ စီးပြီးရိုက်လိုက်၊ အောက်ကနေ ပင့်ပြီးရိုက်လိုက်နဲ့ အလုပ်တွေရှုပ်နေတော့တာပေါ့ဗျာ။ ငစနေ့သူငယ်ချင်း Qwer Qwer ကတော့ အဲဒါ မျောက် အုန်းသီးရတာ မဟုတ်ဘူးတဲ့။ မျောက်လက် စက်သေနတ်ရောက်တာ တဲ့။ တွေ့သမျှ မြင်သမျှ မဲမဲမြင်ရာ လျှောက်ပစ် လျှောက်ရိုက်နေလို့ဆိုပဲ။ သူလဲ ဘာထူးလို့တုန်း Canon S5 Prosumer ကြီးကိုင်ပြီး လျှောက်ပစ်နေတာပဲဟာ။