Diary မရေးတာ ဆယ်စုနှစ်တစ်စုမကတော့ဘူး။ အခုအချိန်မှာတော့ပြန်ရေးသင့်ပြီလို့ထင်လို့ ဒီနေ့ ပြန်စရေးဖြစ်တယ်။ Covid Dirary ဆိုတဲ့နာမည်အတိုင်း အခုလက်ရှိဖြစ်နေတဲ့ ကပ်ရောဂါနဲ့ပတ်သက်တဲ့ ခံစားချက်တွေပဲ အဓိက ချရေးဖြစ်လိမ့်မယ်။ Dairy Day-1 စလုံးမှာတော့ Covid Day-63 ပေါ့။ မနေ့က လူနာအသစ် ၇၉ ယောက်နဲ့ စလုံးမှာ အမြင့်ဆုံးစံချိန်ဖြစ်သွားတယ်။ အပြင်က ပြန်သယ်လာတဲ့ လူနာတွေ များသလို ပြည်တွင်းမှာပဲကူးစက်ခံရတဲ့ လူနာတွေလဲ ရုတ်တရက် တော်တော်များသွားတယ်။ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင်တော့ တော်တော်ကြီး ထိန်းထားနိုင်တယ်ပြောရမယ်။ USA က ရောဂါကူးစက်မှုနှုန်း အမြင့်ဆုံး . တစ်ရက်ကို လူ တစ်သောင်းနှစ်ထောင်ကျော် ကူးခံနေရတယ်။ အီတလီနဲ့ စပိန်က သေနှုန်းအမြင့်ဆုံး တစ်ရက်ကို လူ၆၀၀ ကျော်သေနေတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရောဂါကူးစက်ခံရသူပေါင်း လေးသိန်း ခုနစ်သောင်းနီးပါး ဖြစ်သွားပြီ။ မြန်မာနိုင်ငံမှာတော့ ခုလက်ရှိ ၃ ယောက်ပဲ ရှိသေးတယ်။
စလုံးမှ မနေ့က ရောဂါကူးစက်ခံရတဲ့သူ ရုတ်တရက်ကြီး ခုန်တက်သွားတာနဲ့ပတ်သက်ပြီး စိတ်မချမ်းသာရဘူးဖြစ်နေတယ်။ ထိန်းနိုင်ပြီလို့ ထင်ရင်းထင်ရင်းနဲ့ကို ထပ်ထပ်တိုးလာတာတွေ တွေ့နေရတယ်။ ဗလီတွေ ရက်အကန့်အသတ်မရှိ ပိတ်တယ်လို့ ကြေငြာတယ်။ အပြင်မှာ လူ၁၀ယောက်ထက် ပိုမစုရအမိန့် ထုတ်ပြန်ထားပြီ။ အလုပ်မှာလဲ Work-from-home အတွက် ပြင်ဆင်နေကြတယ်။ ဖြစ်နိုင်ရင်တော့ ရုံးမလာချင်တော့ဘူး၊ အိမ်ကပဲ အလုပ်လုပ်ချင်နေပြီ။ ဒါပေမယ့် အဖွဲ့အစည်းနဲ့လုပ်ရတာဆိုတော့လဲ သူတို့ ညွှန်ကြားချက်မထုတ်မချင်းတော့ လုပ်နေလာနေရဦးမှာပဲ။
Covid စဖြစ်ကတည်းက ခရီးစဉ်တွေဖျက်၊ လူတွေလဲ မလိုအပ်ပဲ အိမ်ထဲက အိမ်ပြင်မထွက်ရတာ ၂လကျော်ပြီဆိုတော့ ငြီးငွေ့လာပြီ။ ကာကွယ်ဆေး မထွက်မချင်း ထိုးမပြီးမချင်းတော့ ဒီလိုပဲဆက်သွားနေရဦးမယ်။ ကာကွယ်ဆေး မြန်မြန်ထွက်ပါစေ၊ မြန်မြန်ထိုးနိုင်ပါစေပဲ ဆုတောင်းနေရတော့မှာပဲ။
No comments:
Post a Comment