Wednesday, January 16, 2008

အမှတ်တရ

(11-Jan-2008) သောကြာနေ့ ...
ဖိုးစနေတစ်ယောက် အသည်းအသန် အလုပ်များနေသည်။ MSRS 2005 ကို အခုမှ စကိုင်တာမို့ ဘာတွေမှန်း မသိတာတွေနဲ့ ချာလပတ်လည်နေပေမယ့် သောကြာနေ့မို့ စောစောရုံးဆင်းချင်သည်နှင့် မီးကုန်ရမ်းကုန် ကျဲနေမိသည်။ နာရီက ၅ နာရီခွဲ ကျော်နေပြီ။ ၆ နာရီ တိတိမှာပင် ဖိုးစနေ၏ ပါလေရာဖုန်းက ပကျိပကျိနှင့် ထမြည်ပါတော့သည်။ phone screen ပေါ်မှာ ပေါ်နေသည့် နာမည်ကို ကြည့်ပြီး ဖိုးစနေ မျက်ခုံးတစ်ဖက် တွန့်တက်သွားသည်။

"Incoming call from ဘုန်းနိုင် ... "

ဘာပါလိမ့်။ ဒီကောင်ကြီးက ကိစ္စအထူးမရှိပဲ ဖုန်းဆက်လေ့မရှိ။ GTalk ထဲလှမ်းကြည့်တော့လဲ သူ့ status က busy တဲ့။ သိချင်ဇောနှင့် ဖုန်းကို ကောက်ဖြေလိုက်သည်။

“ဟေး ဘုန်းနိုင် ပြော ... ဘာတုန်းဟ”

“ဟာ ... ဟေ့ကောင် ... မင်းညီမအကြောင်း ပြောမလို့ကွ”

ကိုင်ရုံရှိသေး မင်းညီမအကြောင်းဆိုပါလား။ ဒါနောက်စရာအချိန်မဟုတ် .... ဖိုးစနေ ရင်ထဲ ထိတ်ကနဲဖြစ်သွားသည်။

“ဘယ်ညီမလဲဘုန်းနိုင် ... ဘာဖြစ်လို့လဲ”

“မေဖြိုး”

သွားပြီ ... ဘုန်းနိုင် ဆက်မပြောခင်မှာတင် ဆုံးပြီ ဟူသော အသိတစ်ခု ခေါင်းထဲမှာ လက်ကနဲပေါ်သည်။ ကိုယ့်စိတ်ကို မယုံတစ်ဝက်နှင့် ဘုန်းနိုင်ကို ခပ်လောလောပဲ မေးရသည်။

“မေဖြိုးဘာဖြစ်လို့လဲ”


“မင်းညီမလေး အခုပဲ ဆုံးတယ်ငစနေ။ ငါ့ညီမ ရန်ကုန်ကနေ လှမ်းပြောလို့သိတာ။ အဲဒါ မင်းသိအောင် ချက်ချင်းလှမ်းပြောတာ။ စိတ်မကောင်းဘူးကွာ သူငယ်ချင်း”

ဘုန်းနိုင် စကားအဆုံးမှာ ငစနေတစ်ယောက် ငိုင်ကျသွားသည်။

“အေးကွာ ... သတင်းပေးတာ ကျေးဇူးပဲ။ ငါ ရန်ကုန်ကို ဖုန်းလှမ်းဆက်ကြည့်လိုက်ဦးမယ်။”

ဖုန်းချပြီး အတော်ကြာသည်အထိ ငစနေ ငိုင်နေမိသည်။ လုပ်လက်စ အလုပ်ကို အပြီးသတ်ဖို့ ကြိုးစားကြည့်ပေမယ့် အရာမထင်။ လုပ်ဖော်ကိုင်ဖက်များကတော့ ငစနေတစ်ယောက် solution ရှာမရလို့ ငိုင်နေသည်ပဲ အောက်မေ့ကြသည်ထင့်၊ တစ်ယောက်ပြီးတစ်ယောက် နုတ်ဆက်ပြီး ပြန်သွားကြသည်။ ငစနေကတော့ တစ်ယောက်တည်းကျန်ခဲ့သည်အထိ ငိုင်ကောင်းတုန်းပင် ဖြစ်သည်။ မငိုပါဘူးဟု တင်းထားသည့်ကြားမှပင် မျက်ရည်နှစ်ပေါက် ပါးပေါ်သို့ ကျလာခဲ့သေးသည်။

မေဖြိုးတစ်ယောက် မကြာမီအချိန်မှာပင် ဖိုးစနေတို့ကို နှုတ်ဆက်ထွက်သွားတော့မည်ဖြစ်ကြောင်း ဖိုးစနေ သိခဲ့သည်မှာ ၃ နှစ်ခွဲခန့် ရှိခဲ့ပြီ။ ဆရာဝန်၏ ခန့်မှန်းချက်အရ နောက်ထပ် ၃ နှစ်ခန့်သာ ဆက်လက် နေနိုင်တော့မည်ဟု ကြားခဲ့ရစဉ်ကလဲ ဖိုးစနေ ငိုခဲ့ဖူးပါသည်။ သိနေသည့် ကြားမှပင် ယခု တစ်ကယ် နှုတ်ဆက်ထွက်ခွာသွားတော့လဲ အလွန်စိတ်ထိခိုက်မိသည်။ အော် ... သံယောဇဉ်ကြိုးကတော့ပြတ်ခဲလှသည်ပဲလေ။

Thursday, January 10, 2008

ဆရာတစ်ယောက်အကြောင်း

အမှန်ကတော့ အဲဒီဆရာ အကြောင်းကို ဖျက်မရတဲ့ အတိတ် မှာ သူ့အခန်းရောက်လာမှ ရေးမလို့ပဲ။ အခုတော့ တော်တော်လေး ရေးချင်စိတ်ပေါက်လာလာနဲ့ ကြိုရေးလိုက်တယ်။ မှတ်မှတ်ရရ ကျွန်တော့်ကို စာသင်ပေးခဲ့တဲ့ ဆရာတွေထဲမှာ ၁ ရက် (၄၅ မိနစ်) ပဲ ကျွန်တော့်ဆရာ ဖြစ်လိုက်ရတဲ့ ဆရာပါ။ ဒါပေမယ့် သူ့ lecture ကို ဒီနေ့အထိ မမေ့သေးပါဘူး။

ကျွန်တော် တက္ကသိုလ် ပထမနှစ် စတက်တဲ့အချိန်ပေါ့။ ကျွန်တော်တို့ တက်တဲ့နှစ်မှာပဲ တက္ကသိုလ် ပထမနှစ် အတန်းတွေအားလုံး မြန်မာစာကို မသင်မနေရ စံနစ်နဲ့ သင်ရပါတော့တယ်။ ကျောင်းက သေးသေးဆိုတော့ မြန်မာစာ ဌာနမှာ ဆရာ/ဆရာမ အင်အားက ပြေးကြည့်မှ ၃ ယောက်ပဲရှိတယ်။ ပါမောက္ခရယ်။ ကထိက ရယ် လက်ထောက်ကထိက ရယ်။ ၃ ယောက်တည်း။ ပထမ တစ်ပတ်မှာ ပါမောက္ခနဲ့ ကထိက ဆရာမတွေ အတန်းဝင်ပြီး နောက်တစ်ပတ်လည်းကျရော အဲဒီ ဆရာ အလှည့်ရောက်လာပါလေရော။ မှတ်မိသလောက် ဆရာက အသားညိုညို ပိန်ပိန်ပါးပါး ပါပဲ။ အတန်း စစဝင်တာနဲ့ သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။

“ကျွန်တော့်နာမည် ဌေးဝင်းပါ၊ ကျွန်တော် ခင်ဗျားတို့အတန်းကို အထွေထွေမြန်မာစာ ဆိုတဲ့ အပိုင်းကို သင်ပေးဖို့လာတာပါ။”

“စာမသင်ခင် နည်းနည်းပြောရဦးမယ်ဗျ။ ကျွန်တော်တို့ဌာနမှာ ပါမောက္ခ ဆရာမကြီးက အရမ်းတော်တာ။ သူက အရမ်းတော်တော့ မြန်မာ ကဗျာ အပိုင်းကို သင်ရတယ်ဗျ”

“ကထိက ဆရာမကြီးလဲ တော်တာပဲ။ သူကျတော့ မြန်မာစကားပြေ သင်တာပေါ့။ ကျွန်တော်ကတော့ ညံ့တယ်ဗျ။ အဲဒီတော့ အထွေထွေမြန်မာစာ ဆိုတာကိုပဲ သင်ရတယ်။”

“ကျွန်တော်က မြန်မာစာ တင်ညံ့တာလားဆိုတော့ အင်္ဂလိပ်စာလဲ မတော်ဘူးဗျ၊ ခင်ဗျားတို့ကတော့ တော်မှာပေါ့ဗျာ။ ဒီကျောင်းမှာ လာတက်ပြီဆိုမှတော့ အင်္ဂလိပ်စာ မတော်လို့ ဘယ်ရမလဲ”

“အဲဒီတော့ တစ်ခုလောက် မေးပါရစေဦး။ အထွေထွေဆိုတာ အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲဗျ။ ကျွန်တော်က အင်္ဂလိပ်စာ ညံ့တော့ အဲဒါကိုတောင် မသိဘူး”

ဖိုးစနေ စိတ်ထဲမှာတော့ ဟ ... ဒီဆရာ ဘယ်လိုလဲဟ။ စာတောင် မသင်ရသေးဘူး၊ သူညံ့ပါတယ်ချည်း လှိမ့်ပြောနေပါလား။ ဘာအကွက်တွေပါလိမ့် လို့ စဉ်းစားရင် တစ်ခြားကျောင်းသားတွေနဲ့အတူတူ
General လို့ခေါ်ပါတယ်ဆရာ လို့ ပြန်ဖြေလိုက်ပါတယ်။

အဲဒီတော့မှ ကိုယ့်ဆရာက

“အဲအဲ ... ဟုတ်ပြီဗျ .... အဲဒီ ဂျင်နရယ် ဆိုတာ .... ကျွန်တော်က အထွေထွေမြန်မာစာကို သင်တဲ့ ဌေးဝင်းဆိုတော့ အထွေထွေဌေးဝင်းပေါ့ဗျာ။ အင်္ဂလိပ်လို ဆိုရင်တော့ ဂျင်နရယ် ဌေးဝင်းပေါ့”

ကျွန်တော်တို့တွေ ပြုံးစိစိ ဖြစ်ကုန်ကြပါတယ်။

“ကျွန်တော်က ညံ့လို့ အသုံးမကျလို့ အထွေထွေဌေးဝင်းဖြစ်တာဗျ။ အဲဒီတော့ ခင်ဗျားတို့မှတ်ထားကြ။ အသုံးမကျရင် ဂျင်နရယ် ဖြစ်တတ်တယ်”

ရယ်တာလား အော်တာလားမသိ တစ်တန်းလုံး ဝေါကနဲ ဆူညံသွားပါတယ်။ ဆူပေမပေါ့ ... အတန်း တစ်ဝက်လောက်က စစ်တပ်အရာရှိတွေရဲ့ သားသမီးတွေဖြစ်နေတဲ့ အတန်းမှာ ဒါမျိုးပြောရဲတယ်ဆိုတာ နည်းတဲ့ သတ္တိမှာ မဟုတ်တာ။ မသိလို့ပြောတာလဲမဟုတ်။ ကျောင်းထဲက car parking မှာ စစ်တပ်အရာရှိကားတွေနဲ့ချည်း ပြည့်နေတာ။ စောစောကလေးတင် အဲဒီဆရာ car parking ဘေးက ကင်န်တင်းမှာ ထိုင်နေသေးတာပဲ။ မသိပဲ နေမလား။ သိသိကြီးနဲ့ပြောချသွားတာပါ။ ပြီးမှ စာဆက်သင်ပါတယ်။ နောက်နေ့တွေ ဆရာ ကျောင်းလာတာ မတွေ့တော့ဘူး။ သူသင်တဲ့ အထွေထွေမြန်မာစာကိုလဲ လက်ထောက်ကထိက ဆရာမ က ဆက်သင်ပါတယ်။ နောက်မှ သိရတာက အဲဒီ စာသင်ပြီး တစ်ရက်နှစ်ရက်အတွင်းမှာပဲ ဆရာဌေးဝင်း အဖမ်းခံရတယ်တဲ့။ နောက်ပိုင်း ပြန်လွတ်လာသလိုလို ... ထောင်ထဲမှာပဲ ဆုံးသွားသလိုလို သတင်းတွေထွက်လာပေမယ့် ဆရာ့သတင်းကို အတိအကျ မရပါဘူး။ သိပ်မကြာသေးခင်ကမှ ဆရာ ပြည်ပ နိုင်ငံတစ်ခုမှာ ရောက်နေတယ်ဆိုတဲ့သတင်းကို ကြားလိုက်ရပါတယ်။

ပြောင်မြောက်လွန်းတဲ့ ဆရာ့အကြောင်းကိုတော့ သူငယ်ချင်းတွေဆုံတိုင်း ပြောမိနေတုန်းပါပဲ။

Friday, January 04, 2008

The Lion Sleep Tonight



အနှစ်၆၀



အမိမြန်မာပြည်
သင် အသစ်တစ်ဖန် ပြန်လည်မွေးဖွားခဲ့သည်မှာ ယနေ့ နှစ်ပေါင်း ၆၀ ပြည့်မြောက်ခဲ့လေပြီ။ အို ... မိခင် ကိုယ်ကျန်းမာ စိတ်ချမ်းသာ ရှိပါ၏လော။ ရောဂါဘယတို့ နှိပ်စက်မှုဒဏ်မှ ကင်းလွတ်ပါ၏လော။ ရန်သူမျိုးငါးပါးတို့ နှိပ်စက်ခြင်းဒဏ်မှ ကင်းဝေးပါ၏လော။ ကပ်ဆိုးအမျိုးမျိုးတို့၏ ဘေးအန္တရာယ်မှ ကင်းလွတ်ပါ၏လော။ ထို ဘေးရန်တို့မှ ကင်းဝေးအောင် ငါဆုတောင်းပါ၏။ သင်၏မွေးနေ့ကို ငါတို့ အမှတ်ရပါ၏။ သင့်ထံ ပြန်မလာနိုင်ခြင်းအတွက် အမျက် ဒေါသမထွက်ပါလင့် မိခင်။ အားမလျှော့ပါလင့်။ သင်အားကိုးအားထားထိုက်သော သားကောင်းသမီးကောင်းတို့ များစွာ ရှိနေကြပါသည်။ သင့်အား ငြိမ်းချမ်းစေရန် သူတို့ ကြံဆောင်နေကြပါသည်။ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပါလော့။ နောက်ထပ် အသစ်တစ်ဖန် ပြန်လည်မွေးဖွားရန်အတွက် အားယူပါလော့။

ငြိမ်းချမ်းပါစေ။
သင့် ... ချစ်သား

Wednesday, January 02, 2008

၂၀၀၇ အချုပ်

ဘလော့မိတ်ဆွေတို့ရေ
၂၀၀၇ ဆိုတာကြီးကတော့ ကုန်သွားပါပြီ။ ၂၀၀၈ ဆိုတဲ့ နှစ်ထဲကို ရောက်လာခဲ့ပြီပေါ့။ ၂၀၀၇ ရဲ့ နောက်ဆက်တွဲတွေ အနေနဲ့ကတော့

၁၀၉ - ၁၁၀ ရဲ့ နောက်ဆက်တွဲ အနေနဲ့ ငစနေတစ်ယောက် S-pass အသစ်ကိုင်ဖို့ ၂၇ ရက်နေ့က approval ကျလာပါတယ်။ ဒီနေ့ မိုးလင်းရင် MOM ကိုသွားပြီး အဟောင်းပြန်အပ်၊ အသစ်ပြန်လဲတဲ့ကိစ္စတွေ အလုပ်ရှုပ်ရပါဦးမယ်။

ပျင်းကြောထူတဲ့ ပေါက်စန ငစနေ့တူမကတော့ ပျင်းကြောထူရုံမက အစားကပါ ပုပ်သေးတော့ သူနည်းနည်းကြီးရင် ဝတ်ဖို့ ၆ လကနေ ၁ နှစ်အတွင်း ကလေးများဝတ်ရန်ဆိုတဲ့ အင်္ကျီလေးမှာ အဲဒီ တစ်လသမီးနဲ့ မဆိုစလောက်ကလေး ပွသယောင်ယောင်ကလွဲလို့ ကွက်တိ တော်နေပါတယ်။

ရောင်စုံဘောလုံးကတော့ Native Myanmar Forum ရဲ့ Weekly Photo Contest မှာ ဒုတိယဆု ချိတ်သွားလေရဲ့။ ဟီး ... ကြွားရတာ ရှက်တော့ရှက်သား။

သူများဘလော့တွေကတော့ နှစ်သစ်မှာ အသွင်သစ် template အသစ်တွေနဲ့ ထင်တိုင်းလှနေကြပါတယ်။ ငစနေတစ်ယောက်လဲ template လဲဖို့နဲ့ WEFT သုံးဖို့ ကြိုးစားလိုက်ပါဦးမယ်။

ကဲ ... အိပ်မယ်ဗျာ။ ၂း၁၅ ရှိနေပြီ။ Good Night everybody.