Friday, May 23, 2008

ပုံပြင်သစ် - ၁ (မြည်းတစ်ကောင်နဲ့ သားအဖနှစ်ယောက်ပုံပြင်)

မှတ်ချက်။ ။ ပုံပြင်ဖြစ်ပါသဖြင့် ပုံပြင်ဟုသာ သဘောထားဖတ်ကြပါခင်ဗျား။ မည်သူတစ်ဦးတစ်ယောက်ကိုမှ စောင်းချိတ်ရေးသားခြင်း တည့်တည့်ပြောခြင်းများ မရှိပါကြောင်း။

********************************************************

“ကိုကိုကြီး ပုံပြောပြဗျာ။”
ဖိုးစနေတစ်ယောက် ပိတ်ရက်နေ့လည်ဘက် မီးလာတုန်းလေး ဂိမ်းဆော့မလို့ကြံတုန်းရှိသေး ညီဝမ်းကွဲ ပေတူး ရောက်လာပြီး ဂျီကျပါတော့တယ်။ သူပြောခိုင်းတာကို မပြောရင် မပြီးနိုင်မစီးနိုင် ရစ်ပြီး ငိုကြောရှည်တော့မှာမို့ ဂိမ်းကို ခဏချပြီး ပေတူးကို ပုံပြောပြဖို့ ပြင်ဆင်ရပါတယ်။

“ဟိုးရှေးရှေးတုန်းက သားအဖနှစ်ယောက်ဟာ မြည်းဝယ်ဖို့ မြို့ကိုလာကြတယ်တဲ့။”
ပုံပြင်စလိုက်တယ်ဆိုရင်ပဲ ပေတူးတစ်ယောက် အပြတ်ငြင်းပါတော့တယ်။ “အာ ... ရဘူးရဘူး အဲဒါ နားထောင်ပြီးသားကြီး။ နောက်ဆုံး မြည်းသေတာနဲ့ ပြီးသွားတာ။ အတစ်ကြောကြ။ ရဘူး”
ငစနေ တော်တော်လေး စိတ်ညစ်သွားပါတယ်။ ပေတူးနားမထောင်ဖူးတဲ့ပုံပြင်ကလဲ ခပ်ရှားရှားမို့ ရှိပြိးသားအဟောင်းကိုပဲ လုပ်ကြံပြောဖို့ စဉ်းစားရပါတော့တယ်။
“ဒါက အသစ်ပါဟ ပေတူးရ။ နားထောင်ကြည့်ပါဦး။ ဒီတစ်ခါ မြည်းမသေဘူး။ စိတ်ချ”
“ဂယ်နော်၊ ဂယ်ကြောတာလား၊ ဂယ်သေဘူးနော်” မသေပါဘူးဆိုတာတောင် အရစ်က ရှည်နေသေးတာမို့ “အေးပါကျေးဇူးရှင်ရယ်၊ မသေပါဘူး။ ကောင်းကောင်းနားထောင်၊ ဟုတ်ပြီလား” လို့ပြောပြီး ပုံပြင်ကို ခပ်မြန်မြန်ပဲ အစပြန်ကောက်ရပါတယ်။

ဟိုးရှေးရှေးတုန်းက သားအဖနှစ်ယောက်ဟာ မြည်းတစ်ကောင်ဝယ်ဖို့ မြို့ကိုလာကြသတဲ့။ မြို့ရောက်တော့ တိရစ္ဆာန်ဈေးမှာ သူတို့စိတ်ကြိုက် မြည်းတစ်ကောင်ကိုဝယ်ပြီး ကြိုးနဲ့ဆွဲလို့ အိမ်ပြန်လာကြသတဲ့ကွယ်။ လမ်းမှာတွေ့တဲ့သူတွေက ဒီသားအဖတော်တော်တုံးတာပဲ မြည်းတစ်ကောင်လုံးရှိရဲ့သားနဲ့ မစီးပဲ အပင်ပန်းခံပြီး လမ်းလျှောက်ကြတယ် ဆိုပြီး ပြောကြတာပေါ့။ အဲဒီတော့ အဖေလုပ်တဲ့သူလဲ “သားရေ .. သူတို့ပြောတာ ဟုတ်သဟ။ မြည်းရှိရဲ့သားနဲ့ မစီးတာ ငါတို့တော်တော်တုံးတာပဲ။ စီးရအောင် လာကွာ” ဆိုပြီး နှစ်ယောက်သား မြည်းကို တက်စီးကြရော ပေတူးရေ။ မင်းသိတယ်မဟုတ်လား။ မြည်းဆိုတာက မြင်းလို အကောင်ကြီးကြီး ဗလကောင်းကောင်းမဟုတ်ဘူးကွ။ နားရွက်ရှည်ရှည်နဲ့ ပုပုညှက်ညှက်ကလေးရယ်။ အဲဒါကို လူ ၂ ယောက်တက်စီးတော့ မြည်းခမျာ လျှာထွက်နေတော့တာပေါ့။

ဒီလိုနဲ့ စီးလာကြတာ နောက်ထပ် လမ်းမှာတွေ့တဲ့သူတွေက ဒီလူတွေ အကြင်နာတရားမရှိကြဘူး။ တိရစ္ဆာန်ကို ညှင်းဆဲနေလိုက်ကြတာ မြည်းခမျာ မနိုင်ဝန်ကို ထမ်းနေရတာ သနားပါတယ် ဆိုပြီး ပြောကြပြန်တာပေါ့။ လူများပြောတာယုံတဲ့ သားအဖခမျာလဲ “သားရေ ဟုတ်သဟ။ မြည်းလေး သနားပါတယ်။ ငါဆင်းပြီးလမ်းလျှောက်မယ်။ မင်းပဲ ဆက်စီးခဲ့တော့” ဆိုပြီး အဖေကြီးက လမ်းဆင်းလျှောက်သတဲ့။ ဒါကိုလဲ လမ်းမှာတွေ့တဲ့သူတွေက “ကလေးလေးနှယ် အဂါရဝဖြစ်လိုက်တာ။ သူကျတော့ မြည်းပေါ်မှာ အခန့်သား။ အဖေအိုကြီးကိုတော့ လမ်းလျှောက်ခိုင်းတယ်။ ဒီခေတ်ကလေးတွေများ လူကြီးကို ရိုသေရကောင်းမှန်း မသိကြဘူး” ဆိုပြီး ကဲ့ရဲ့ကြပြန်သတဲ့။ ဒါနဲ့ သားလုပ်တဲ့လူလဲ “ အဖေရေ သူတို့ပြောတာလဲ ဟုတ်သဗျ။ အဖေပဲစီးတော့ သားလမ်းလျှောက်မယ်” ဆိုပြီး နေရာလဲကြပြန်တာပေါ့။

ဒါလဲမရပြန်ပါဘူး။ လူတွေက အဖိုးကြီးက ကလေးကျတော့ လမ်းလျှောက်ခိုင်းပြီး သူကျတော့ မြည်းစီးလို့။ ကလေးကို မသနား မညှာတာ တော်တော်လဲ ရက်စက်တာပဲ” ဆိုပြီး ပြောကြပြန်ပါလေရော။ ဒီလိုနဲ့ သားအဖနှစ်ယောက်လဲ ကြံရာမရတဲ့အဆုံး မြည်းကို ခြေတွေလက်တွေ တုပ်ပြီး ဝါးလုံးနဲ့ ထမ်းလို့ ပြန်လာကြသတဲ့။ လမ်းမှာ ရေစီးသန်တဲ့ ချောင်းတစ်ခုကိုအဖြတ် သားလုပ်တဲ့သူက ချော်လဲလေတော့ အဖေရော သားရော မြည်းရော ရေထဲပြုတ်ကျကြပါရောလား။ အဲဒီမှာ အဖေနဲ့သားကတော့ ပြန်ထ နိုင်ပေမယ့် ခြေတွေလက်တွေ အတုပ်ခံထားရတဲ့မြည်းခမျာ ပြန်မထနိုင်ပဲ ရေစီးနဲ့ မြောပါပြီး သေသွားရှာသတဲ့ ပေတူးရေ။
“အာ ... ကိုကြီးကလဲ။ ပြောတော့ မသေဘူးဆို။ ခု သေသွားပြီ။ ကိုကြီး သားကိုညာတယ်”
“နေပါဦးဟ မင်းကလဲ။ နောက် မသေတဲ့တစ်ကောင်လာလိမ့်မယ်။ ခုမှ ပုံပြင်က တစ်ဝက်ပဲရှိသေးတာ။ ဒီတစ်ခါ ပုံပြင်အသစ်ပါဆို”

သားအဖနှစ်ယောက်လဲစိတ်ညစ်သွားတာပေါ့။ အိမ်ပြန်လို့ မြည်းမပါလာရင် မိန်းမက ဆူဦးမှာကိုး။ ဘတ်ဂျက်ကလဲ မြည်းတစ်ကောင်စာပဲ ပေးလိုက်လေတော့ အဖေလုပ်တဲ့သူခမျာ နောက်ထပ်မြည်းတစ်ကောင်ဝယ်ဖို့ သူ့ ဘတ်ငွေထဲကပဲ ထုတ်ရတော့တာပေါ့။
“ကိုကြီး ဘတ်ငွေ ဆိုတာဘာတုန်းဗျ”
“ဘတ်ထားတဲ့ငွေ .... အဲလေ ... ဟိုဟာကွာ ... အန်ကယ်စိုး အခု ရောက်နေတဲ့ နေရာ သိတယ်မဟုတ်လား။ ဘန်ကောက်လေ ... အဲဒီမှာသုံးတဲ့ငွေကို ဘတ်ငွေလို့ခေါ်တယ်။”
“အဲဒီသားအဖကရော ဘန်ကောက်မှာမို့လို့ ဘတ်ငွေသုံးတာလား”
“အေး အစက ပက်ပုံးသွားဖို့စု ... အဲလေ ဟို... နယ်စပ်ကွာ သိတယ်မဟုတ်လား။ မြဝတီတို့ မဲဆောက်တို့။ အဲဒီဘက်မှာက ဗမာငွေရော ဘတ်ငွေရော ၂ ခုလုံးသုံးတယ်။ တော်တော့ ထပ်မရှည်နဲ့တော့ ပုံပြင်ကို ကောင်းကောင်းနားထောင်”
ဒီလိုနဲ့ သားအဖနှစ်ယောက်လဲ မြည်းတစ်ကောင်ထပ်ဝယ်ပြိး ပြန်လာကြတာပေါ့။ လူတွေကလဲ အရင်တစ်ခေါက်အတိုင်းပဲ အမျိုးမျိုး ပြောကြဆိုကြ ပြန်တာပေါ့ကွာ။ ဒီတစ်ခါတော့ သားအဖ၂ယောက်လဲ မြည်းကို မထမ်းရဲကြတော့ဘူး။ နောက်တစ်ခါ ချောင်းထဲကျသွားမှာစိုးတာကိုး။ ဒါနဲ့ ကြံရာမရ ဖြစ်ပြီး ငုတ်တုတ်ပဲ ထိုင်မှိုင်နေကြတော့တာပေါ့။ အဲဒီမှာ စပ်စုတတ်တဲ့လူတစ်ယောက်က ရောက်လာတော့ စပ်စပ်စုစုနဲ့ ဘာများထိုင်လုပ်နေကြတာလဲ ဘာညာ နဲ့ မေးတာပေါ့ကွာ။ အကြောင်းစုံကိုသိရတော့ ကိုစပ်စုက ဟား .. ဒါဆိုရင်တော့ မပူနဲ့ ရှေ့ကရွာထဲမှာ ပညာရှိကြီးဘိုးစနေ ဆိုတာရှိတယ် သူ့ဆီသာသွားပြီး အကြံတောင်း အဆင်ပြေလိမ့်မယ်လို့ ညွှန်ပေးလိုက်တာပေါ့။

သားအဖနှစ်ယောက်လဲ ဟုတ်ပြီဟုတ်ရဲ့ နဲ့ ဘိုးစနေဆီ ကိုစပ်စု ညွှန်လိုက်တဲ့အတိုင်းသွားကြတာပေါ့။ အဲဒီအချိန်မှာ ဘိုးစနေကြီးတစ်ယောက်ကတော့ စိတ်ညစ်နေတာပေါ့။ ဒီတစ်ပတ် အပိုင်ပဲဆိုပြီး အကုန် ပုံအောလိုက်တာ တက်တက်စင်အောင် လွဲသွားတယ်လေ။ သူနံပါတ်ပေးတာ မမှန်တော့ လူတွေလဲ သူ့ဆီ သိပ်မလာကြတော့ ဘိုးစနေကြီးခမျာ ဘိုင်ပြတ်နေတာပေါ့။ အဲဒီမှာ ဟိုသားအဖ၂ယောက်က ဝင်လာလေတော့ ဘိုးစနေလဲ ခပ်တည်တည်နဲ့ ...
“လာကြလာကြ။ ဒီတစ်ပတ်တော့ ၂ ကောင်းသဟေ့။ ပတ်လည်သာကိုင်လိုက်”
“မဟုတ်ဘူးဘိုးဘိုး ... ကျွန်တော်တို့ အကူအညီတောင်းစရာလေးရှိလို့ပါ။”
“အေးလေ ... မင်းတို့က အကူအညီလိုမယ်မှန်းသိလို့အခု တန်းပေးပြီပဲဟာကို။ ၂ ကောင်းတယ်။ စိတ်သာချ၊ ပတ်လည်ထိုးလိုက်။ ပေါက်မှာဗျား”
“ဟုတ်ဘူး ဘိုးဘိုးရဲ့။ မေးစရာလေးရှိလို့ပါဆို။”
“ထိုးရမယ့်နေရာမသိတာကလား။ အေးလေ ဒီနယ်ကမှ မဟုတ်ပဲကိုး။ ဟိုးရှေ့က တရုတ်အစိန် ဆိုင်မှာသွားထိုးဗျား။ ဘိုးဘိုးလွှတ်လိုက်တယ်လို့သာပြော” (ဒါမှ ငါကော်မရှင်လေးဘာလေးရမှာဟ)
“ဟုတ်ဘူးဘိုးဘိုးရဲ့။ ခက်တော့တာပဲ။ မြည်းကိစ္စ မြည်းကိစ္စ။ မြည်းကိစ္စမေးချင်တာ”
“ဟေ ... မြည်းသားတင်တာတော့ ငါမကျွမ်းဘူးကွ။ ရွာနောက်ပိုင်းက ကိုမူတူးကိုသွားမေးချေ။ သူက တွေ့သမျှအကုန်သားတင်တယ်။ မိန်းမတော့ ခေါ်မသွားလေနဲ့နော်။ ကြားရဲ့လား။”
“ခက်တော့ နေပါပြီဘိုးဘိုးရယ် ... ကျွန်တော်ပြောတာလေးလဲ နားထောင်ပါဦး။ ဒီလိုဗျ ဒီလို ...

“...................................
“...................................
“...................................”

“အော ... မင်းတို့က စောစောမှ မပြောပဲကိုးကွ”
“ပြောဖို့လုပ်နေတာပဲ။ ဘိုးဘိုးမှ အခွင့်မပေးတဲ့ဟာကို”
“ကဲကဲ .. ဒီလိုလုပ်ဗျား။ (ဘိုင်ပြတ်နေတာနဲ့ အတော်ပဲဟ)။ ဟော ဟို ခြံဝိုင်းထဲမှာ လှည်းတစ်စင်း တွေ့လား။ အဲဒီလှည်းကိုဝယ်။ မင်းတို့မြည်းကို လှည်းမှာတပ်ပြီးတော့သာ ဆွဲခိုင်းပေတော့ဗျား။ အားလုံးအဆင်ပြေလိမ့်မယ်။ (ငါလဲအဆင်ပြေတာပေါ့။ ဘိုင်ပြတ်လို့ ရောင်းစရာရှာနေတာ ဟေးဟေး)။”
“ကျေးဇူးကြီးလှပါတယ်ဘိုးဘိုးရယ်။ ဥာဏ်ပူဇော်ခလေးတော့ လက်ခံပါနော။ ကန်တော့ပါရစေ”

ကဲ ပေတူးရေ။ အဲဒီလိုနဲ့ သားအဖနှစ်ယောက်လဲ မြည်းကို လှည်းမှာတပ်လို့ အတူတူ လှည်းစီးပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်သွားကြသတဲ့ကွယ်။ ပညာရှိကြီးဘိုးစနေလဲ သူ့ရဲ့ ရောင်းမစွံတဲ့လှည်းကို ရောင်းလိုက်ရလို့ ဝမ်းသာပီတိတွေ ဖြစ်သွားတာပေါ့။ ပုံပြင်ကတော့ ဒီလောက်ပါပဲ။ အိပ်တော့ ငါဂိမ်းဆော့တော့မယ်။
“ကိုကြီး လူလည်ကျတယ်။ ပုံပြင်အဟောင်းကို ကြံဖန်ပြီး အသစ်လုပ်သွားတယ်။ ဒီတစ်ခါမို့ ခွင့်လွှတ်လိုက်တာ။ နောက်တစ်ခါမရဘူး။ ဒါပဲ” လို့ ပြောပြီး ထွက်သွားတဲ့ ညီတော်မောင် ပေတူးကိုကြည့်ရင်း ဂိမ်းကိုပြန်ဆော့မယ်အလုပ်မှာပဲ မီးပျက်သွားပါတော့တယ်ခင်ဗျား။
ပြုံးရယ်နိုင်ကြပါစေ။

Friday, March 14, 2008

တန်ဆေးလွန်ဘေး

မယုံရင် ပုံပြင်မှတ်လို့သာ ပြောရတော့မှာပေါ့။ အဖြစ်အပျက်က မြန်မာနိုင်ငံမှာ အင်တာနက် ပေါ်ဦးပေါ်ဖျားကာလတုန်းက အဖြစ်အပျက်တစ်ခု ဖြစ်လေသည်။ နာမည်များကို လွှဲထားသည်မှအပ ကျန်တာတွေ ဟုတ်သလိုလို ရှိပါကြောင်း။ တိုက်ဆိုင်မှုရှိသော် တမင်တကာ ရေးသည်ဟု ယူဆစေလိုကြောင်း အရင်ပြောလိုက်ပါရစေ။ ဇာတ်လမ်းကို ဖတ်ကြည့်ကြပါဦး။

ကိုဇင်နှင့် ဖိုးစနေမှာ ကိုးတန်းနှစ်မှ စ၍ တွဲဖြစ်ခဲ့သော သူငယ်ချင်းများဖြစ်သည်။ ဆယ်တန်းဖြေပြီးတော့လဲ ကွန်ပျူတာသင်တန်းတွေ အတူတကွ တက်ကြပြန်သည်။ ထိုစဉ်က အင်တာနက်ဆိုသည်မှာ ပေါ်ဦးပေါ်ဖျား ဖြစ်သည်။ ဖိုးစနေတို့ အင်တာနက်ဆိုတာကို ကွန်ပျူတာပြပွဲကြီးကြီးတွေရှိမှ တွေ့ဖူးမြင်ဖူးရသည်။ ဒါတောင် သူများလုပ်တာ ထိုင်ကြည့်ရတာ။ ကိုယ့်ရှေ့ချပေးလျှင် ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိ။ ကွန်ပျူတာ သင်တန်းတွေ တက်ပြီးတော့ ကိုဇင်က အိမ်တွင် ကွန်ပျူတာ ဝယ်လိုက်ပြီး အင်တာနက် လိုင်း လျှောက်လိုက်လေသည်။ တက္ကသိုလ်တွေ ဖွင့်ပြီမို့ ဖိုးစနေတစ်ယောက် ကျောင်းချင်းမတူတော့သော ကိုဇင်နှင့် တစ်ခါတစ်ရံသာ တွေ့ဖြစ်သည်။ တစ်ခြား သင်တန်းတွေ ဆက်တက်ချင်သဖြင့် အဝေးသင်တက္ကသိုလ်ကိုသာ လျှောက်ဖြစ်ကြောင်း။ ကိုဇင့် တစ်ဦးတည်းသော ညီမ မိုးမိုး မှာ ဆယ်တန်းအောင်ပြီးနောက် စင်္ကာပူတွင် ကျောင်းသွားတက်နေကြောင်း ဟိုအကြောင်းဒီအကြောင်းများကို ကိုဇင်နှင့်တွေ့လျှင် အမြဲလို ကြားရလေ့ ရှိသည်။ တစ်ရက် ကိုဇင်တစ်ယောက် ထူးထူးခြားခြား ပေါက်ချလာသည်။ မျက်နှာကလဲ မှိုရတဲ့မျက်နှာ ဆိုတာမျိုးဖြစ်သည်။

"ဖိုးစနေ ... ငါရည်းစားရပြီကွ"

"ဒါများကိုဇင်ရာ အထူးအဆန်းလုပ်လို့၊ ခင်ဗျားလိုက်ကြိုက်နေတဲ့ ကောင်မလေး တစ်ရာ့တစ်ယောက်ထဲက ဘယ်အရုပ်ဆိုးဆိုး အသားမည်းမည်း ကောင်မလေးက ခင်ဗျားကို ပြန်ကြိုက်လိုက်သလဲ ... ပြော" ကျွန်တော်က အရွှန်းဖောက်၍ ပြန်ပြောလိုက်သည်။

"ဟားဟား ... ဖိုးစနေရယ်၊ ကွန်ပျူတာကျောင်းသားလုပ်နေပြီး ဒီလောက်တုံးရသလားဟ။ ငါရည်းစားရတာ အပြင်မှာမဟုတ်ဘူးမောင်၊ online မှာရတာဗျ။ chatting ထဲမှာတွေ့ရင်း ကြိုက်ကြတာ။"

ကိုဇင့်စကားကြောင့် ဖိုးစနေ မျက်လုံးပြူးသွားသည်။ မြတ်စွာဘုရား ... ကိုဇင်တို့ အတော် တိုးတက်နေပါလား။ ကွန်ပျူတာကျောင်းသား ဖိုးစနေပင် ကျောင်းမှာ အင်တာနက် မပြောနှင့် ရိုးရိုး Local Network ကိုတောင် မမြင်ဖူးလို့ စာတွေ့နှင့်သာ မှန်းရမ်နေရတာ၊ ကိုဇင်တို့က ကမ္ဘာ့ကွန်ယက်ထဲ ရည်းစားတောင်ရနေပြီဆိုပဲ။

"ဟ လုပ်စမ်းပါဦးဆရာသမားရ၊ ခင်ဗျားတော့ ကော်တာပဲ။ ကောင်မလေးက အမေရိက တို့ အင်္ဂလန်တို့ကဆိုရင် ခင်ဗျားကိုလှမ်းခေါ်ရင် အေးအေးဆေးဆေး ထ လိုက်သွားယုံပဲ၊ ပိုင်ပါ့ဗျာ။"

"နိုးနိုး ... ဖိုးစနေ၊ ငါက မျိုးချစ်စိတ်ဓါတ်အပြည့်ရှိတယ်ဟ။ တိုင်းတပါးသူ မျက်နှာဖြူမျက်နှာဝါများတော့ ယောင်လို့တောင် ကြိုက်လိမ့်မယ်မထင်နဲ့။ မြန်မာမိန်းကလေးပဲကြိုက်တာ။ ကောင်မလေးက နိုင်ငံခြားမှာ ကျောင်းသွားတက်နေတာကွ။"

ဖိုးစနေ ကိုယ့်နဖူး ကိုယ်ပြန်ရိုက်တော့ ကိုဇင်တစ်ယောက် တဟားဟား ရယ်လေသည်။

"ကြည့်လဲလုပ်ပါဦးကိုဇင်ရာ၊ တော်ကြာနေမှ ကိုဇင့်ညီမ သူငယ်ချင်းဖြစ်နေလို့ ဟိုက အိမ်ပြန်တိုင်နေရင် ခင်ဗျား ပြေးပေါက်မှားနေပါဦးမယ်"

"စိတ်မပူပါနဲ့ဖိုးစနေရာ ငါ check ပြီးပါပြီ။ ညီမလေးနဲ့ ကျောင်းမတူဘူးကွ။ သူတက်နေတဲ့ကျောင်းက သပ်သပ်"
"အင်းပေါ့ဗျာ ... ကောင်းပါလေ့။ ခင်ဗျားတို့ခေတ်ဆိုတော့လဲ လုပ်ကြပေါ့"
ငစနေတစ်ယောက် ခေါင်းကိုသာ တွင်တွင်ကုတ်ရတော့သည်ပေါ့။


ကျောင်းနဲ့အိမ်၊ အိမ်နဲ့ကျောင်း ချောင်းပေါက်ရုံမက မြစ်ပါ ပေါ်လောက်အောင်ပြေးနေရသော ငစနေတစ်ယောက် သစ်ရွက်တို့ တဖွေးဖွေးကြွေမှပင် နွေရောက်ပြီဖြစ်ကြောင်း သတိထားမိတော့သည်။ အရွက်မရှိ အရိပ်မရှိသော် နေပူရှိန်က ပြင်းလွန်းလှသည်။ ဘာလိုလိုနဲ့ သင်္ကြန်တောင် ရောက်ပေတော့မည်။ ထုံးစံအတိုင်းပင် ငစနေ ကျောင်းအားရက်တစ်ရက် ကိုဇင် ရောက်ချလာပြန်သည်။

"ဟေး ဖိုးစနေ။ လုပ်ပါဦးဟ။ ကိုယ် မောင်ရင့်အကူအညီလိုတယ်။"

လူမမြင်ရသေး အကူအညီတောင်းသံက အရင်ထွက်လာသည်။

"ဆို ဆရာသမား။ ဘာတွေ ဂျောက်ပေါက်ကျအောင် လုပ်ဦးမလို့တုန်း။ ခင်ဗျားကို လိုက်ကူညီရင်းနဲ့ ပြေးပေါက်မှားပေါင်းလဲ မနည်းတော့ဘူး"

ဖိုးစနေက အရွှန်းဖောက်ပြီးပြောလိုက်တော့ ကိုဇင်တစ်ယောက် မျက်နှာကြီး ရှုံ့မဲ့သွားသည်။

"ဒီတစ်ခါ အကောင်းပါ ဖိုးစနေရာ။ ဒီလိုကွ ... ဒီသင်္ကြန်ကျရင် ငါ့ကောင်မလေး ပြန်လာလိမ့်မယ်"

"အဲဒီတော့? ကျွန်တော်က ဘာလုပ်ပေးရမှာတုန်း"

"ဒီလို ဖိုးစနေရာ ... ကောင်မလေးက သူ့အိမ်က မသိအောင်ပြန်လာမှာ။ ငါနဲ့အတူတူ သင်္ကြန်မှာ အတူတူပျော်ရအောင် တိတ်တိတ် ပြန်လာတာ။ အဲဒါ ငါ သွားကြိုမှရမယ်။ သွားကြိုတဲ့နေ့ မင်းပါ လိုက်ခဲ့ပါကွာ၊ အထုပ်လေးဘာလေးထမ်း .... အဲလေ ... အဖော်ရတာပေါ့။"

မြတ်စွာဘုရား ... လောကကြီး ဘာတွေ ဇောက်ထိုးမှောက်ခုံဖြစ်နေပါလိမ့်။ ငစနေတစ်ယောက် စိတ်ရော လူပါ ညစ်သွားသည်။ ကောင်မလေးက အိမ်က မသိအောင် ပြန်လာမတဲ့။ သင်္ကြန်မှာ အတူတူ ပျော်ကြမတဲ့။

"ဖြစ်ပါ့မလား ကိုဇင်ရာ။ သင်္ကြန် လည်တာတော့ ဟုတ်ပါပြီ။ ညကျတော့ ခင်ဗျားကောင်မလေးကို ဘယ်နားသွားထားမှာတုန်း။ ခင်ဗျားအိမ်ခေါ်သွားမလို့လား" ငစနေက တမင် ရွဲ့ပြီးမေးလိုက်တော့ ကိုဇင် တဟားဟား ရယ်လေသည်။

"ဖိုးစနေ ... မောင်ရင် တုံးချင်ယောင်ဆောင်နေတာလား၊ ဒါမှမဟုတ် တစ်ကယ်ပဲ တုံးလွန်းနေတာလားဟ။ ငါ အကုန်စီစဉ်ထားပြီးပြီကွ။ ကောင်မလေးအတွက် ဟိုတယ်မှာတည်းဖို့ စီစဉ်ထားတယ်။ နေ့ဘက် သင်္ကြန်လည်။ ညဘက် ဟိုတယ်မှာ နားပေါ့ကွာ။ အိမ်ကိုတော့ မဏ္ဍပ်မှာပဲ အိပ်မယ်လို့ ပြောထားတယ်။ ကျန်တာတော့ ဟဲဟဲပေါ့ကွာ ... ဟဲဟဲ။ "

ကိုဇင့်ဟဲဟဲက ငစနေ့ကို ပိုပြီး စိတ်ညစ်သွားစေသည်။

"တိဘူးဗျာ ... ခင်ဗျားတို့ဟာတွေ တစ်ကယ်ကို လိုက်မမှီတော့ဘူး။ တတ်လဲတတ်နိုင်ကြပါပေ့။ စိတ်ကြီးကိုညစ်တယ်"။ ငစနေတစ်ယောက် ကလေးပေါက်စ လေသံနှင့် ခြေထောက်ကို ဆောင့်၍ပြောတော့ ကိုဇင့်ရယ်သံက ပို၍ပို၍သာ ကျယ်လို့လာလေတော့သည်။

"ဒါနဲ့ ခင်ဗျားကောင်မလေးက ဘယ်နေ့ ပြန်လာမှာလဲ"

"သင်္ကြန် မတိုင်ခင် ၂ ရက်"

အချိန်က ငစနေ့အတွက် မြန်လွန်းလှသော်လည်း ကိုဇင့်အတွက်မူ နှေးလွန်းလှပေသည်။ ကောင်မလေး လာမည့်ရက်ကိုသာ လည်တစ်ဆန့်ဆန့် နှင့် လက်ချိုးရေတွက် စောင့်မျှော်နေသော ကိုဇင့်ကိုတွေ့တိုင်း ငစနေ ရယ်ရမလို ငိုရမလို ဖြစ်ရသည်။ သွားကြိုမည့်နေ့သို့ရောက်သော် မနက်အစောကြီး ကိုစနေတစ်ယောက် အိမ်သို့ ရောက်လာတော့သည်။ ငစနေကတော့ အိပ်ကောင်းတုန်း။

"ဟာ ... ဟေ့ဟေ့ ဖိုးစနေ။ ထပါဟ။ ဒီနေ့သွားကြိုရမှာလေ။ နောက်ကျကုန်တော့မှာပဲ။ " ပြောရင်းဆိုရင်းနှင့်ပင် ငစနေ့ကို အိပ်ယာပေါ်မှ အတင်းဆွဲချသဖြင့် ငစနေ ထလိုက်ရသည်။

"ကိုဇင် လုပ်ပြီဗျာ။ မနက် အစောကြီးပဲရှိသေးတယ်။ ခင်ဗျားကောင်မလေး လေယာဉ်က နေ့လည်မှ ဆိုက်မယ့်ဟာ။ ဘာတွေဖြစ်နေတာတုန်း" ငစနေ အိပ်မှုန်စုံမွှားဖြင့်အော်တော့ ကိုဇင် စပ်ဖြဲဖြဲလုပ်ပြသည်။

"ငါ စိတ်တွေ အရမ်းလှုပ်ရှားနေလို့ပါကွာ။ အစောကြီးလဲ နိုးနေတယ်။ တစ်ယောက်တည်းလည်း မနေချင်တာနဲ့ မင်းဆီထွက်လာတာ။ လာလာ ... မျက်နှာသစ်လိုက်၊ ပြီးရင် အပြင်မှာ breakfast ထွက်စားရအောင်၊ မော်ဒန် သွားမလား၊ သပြေရိပ်သွားမလား ... မင်းကြိုက်တာပြော။"

"ကဲပါ ... ခင်ဗျားလုပ်တာနဲ့ အိပ်ချင်စိတ်လဲ ပျောက်သွားပါပြီ။ ခဏစောင့်။ ကျွန်တော် မျက်နှာသစ်ပြီး အဝတ်အစား လဲလိုက်ဦးမယ်၊ ပြီးရင် မော်ဒန်ပဲသွားကြတာပေါ့။"

လက်ဘက်ရည်တစ်ခွက်၊ နံပြားနှင့် ဆိပ်စွပ်ပြုတ် တပွဲမှာပြီးတော့ ငစနေ ဟာနေသော ဗိုက်ကို အရင်ဖြည့်လိုက်သည်။ ကိုဇင်ကတော့ စီးကရက်ကိုသာ တစ်လိပ်ပြီးတစ်လိပ် ဖွာနေသည်။ လက်ဘက်ရည်ခွက်က အရာမယွင်းသေး။

"ကိုဇင် ... ခင်ဗျားကောင်မလေးက ချောလားဗျ"

"အော် ... ကျေးဇူးရှင် ... မေးဖော်ရသေးတယ်နော်။ ဒီလောက် ကြာလှပြီ ခုမှပဲ မေးတော့တယ်။ ... ဟီးဟီး ... အမှန်အတိုင်းပြောမယ်ကွာ ... ငါ သူ့ကို မတွေ့ဖူးသေးဘူးကွ"

"အေးလေ ... ခင်ဗျားတို့က ခုမှတွေ့မယ်ဟာ။ ကျွန်တော်သိပါတယ်။ ကျွန်တော်မေးတာက ဓါတ်ပုံထဲမှာ လှလားလို့မေးတာ။"

"ဟီး ... ဓါတ်ပုံကို မတွေ့ဘူးသေးတာဖိုးစနေရေ။ ကောင်မလေးက သူ့အိမ်က သိမှာစိုးလို့ဆိုပြီး ဓါတ်ပုံတောင် ပို့မပေးဘူး။"

ထင်သည် ... ကိုဇင်တို့ တစ်ခုခုတော့ တစ်လွဲလုပ်ရမှ ကျေနပ်သည်ကို ဖိုးစနေ သိပြီးသား။ ခု ဇာတ်လမ်းက စပြီ။

"ကဲ .. အဲဒီတော့ ခင်ဗျားက လေဆိပ်ရောက်ရင် ဘယ်ကောင်မလေးကို ဘယ်လိုကြိုမှာတုန်း လုပ်စမ်းပါဦး။ လေယာဉ်ပေါ်ပါသမျှလူကို ခင်ဗျားကောင်မလေးလား လို့ လိုက်မေးရမှာတော့ မနိပ်သေးပါဘူးဗျာ"

ငစနေ နံပြားတဖဲ့ကို ပါးစပ်ထဲထိုးထည့်ရင်း ပလုပ်ပလောင်းမေးတော့ ကိုဇင်က ထုံးစံအတိုင်း ခပ်ထေ့ထေ့ ပြုံးပြန်သည်။

"လူမြင်ဘူးမှ ကြိုလို့ရမှာလား ငစနေရယ်။ နည်းတွေ အများကြီးရှိတယ်။ ဒီမှာ ... ဦးနှောက်ကို လွှာပြီးသုံး သိလား။ အတုံးလိုက်အတစ်လိုက်တွေ သိပ်မလုပ်နဲ့။ မောင်ရင့်ကွန်ပျူတာတောင် ဒီလို အကြံမျိုးတွေ ထုတ်နိုင်မှာမဟုတ်ဘူး။"
ကိုဇင်က နိုင်ဖဲကို ကိုင်ထားသော လေသံနှင့် ပြောလေသည်။

"ဟေ့လူ ပြောမှာပြောဗျာ။ ကျွန်တော့်ကွန်ပျူတာချည်းပဲ လာထိခိုက်မနေနဲ့"

"ကောင်မလေးနဲ့ငါနဲ့က အချိန်းအချက် လုပ်ထားတယ်ကွ။ သူက အင်္ကျီ အနက်ရောင် ဝတ်လာမယ်တဲ့"

"ဟားဟား ... ကောင်းလိုက်တဲ့ မဟာအကြံအစည်ကြီး။ အင်္ကျီအမည်းက ခင်ဗျားကောင်မလေးမှာပဲ ရှိတာကျနေတာပဲ။ လေယာဉ်တစ်စီးလုံး အင်္ကျီအမည်းဝတ်လာရင် ခင်ဗျားဘယ်လိုလုပ်မလဲ" .. ငစနေ ကြားဖြတ်၍ တဟားဟား အော်ရီတော့ ကိုဇင်က

"ဟ ... ဖြတ်မပြောနဲ့လေ ဖိုးစနေရ။ ဆုံးအောင် နားထောင်ပါဦးဟ။ သူက အင်္ကျီ အနက်ရောင် ဝတ်လာမယ်ကွာ။ ပြီးရင် လေဆိပ်ထဲမှာ အသိတွေ ရှိမရှိ အရင်ကြည့်မယ်။ မရှိဘူးဆိုရင် အချက်ပြတဲ့အနေနဲ့ ပန်းအနီရောင်လေးတစ်ပွင့် ရင်ဘတ်မှာ ထိုးလိုက်မယ်တဲ့။ အဲဒါဆိုရင် ငါက ဖဲပြား အနီရောင်လေးကို ရင်ဘတ်မှာ ထိုးပြီး သူ့ဆီကို သွားလိုက်ယုံပဲ။ ရှင်းပြီလား"

"ကဲပါဗျာ ... ထားပါတော့။ ခင်ဗျားကောင်မလေးက သူ့အသိတွေအမျိုးတွေနဲ့ တွေ့နေရင် ဘယ်လိုလုပ်မလဲ။ မတော် အိမ်က လူတွေပါ ရောက်နေရင် ပြဿနာ တက်ကုန်မှာပေါ့။ တစ်ကယ်ပဲ မစဉ်းမစားနဲ့ဗျာ။ ကျွန်တော့်ညီမသာ ဆိုလို့ကတော့ ဇက်ပိုးကိုချည်းပဲ နာနာအုပ်ပစ်မှာ"

"ဟားဟား ... မောင်ရင့်ညီမတော့ ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူးဖိုးစနေ။ သူ့ဥာဏ်ကလဲ မောင်ရင့်ထက် ပြေးသဗျ။ ကိုယ် အဲဒါကို မေးပြီးပြီ။ သူက အိမ်ကလူတွေကို လွမ်းလို့ surprise လုပ်ရအောင် တိတ်တိတ်လေး ပြန်လာတယ်လို့ ပြောမှာပေါ့ တဲ့။ ကဲ ... ဒီလောက် ဥာဏ်ကောင်းနေမှတော့ မောင်ရင့်ညီမ ဘယ်ကလာ ဖြစ်နိုင်တော့မှာတုန်းကွ။ ဟားဟား"

ငစနေတို့ လေဆိပ်ထဲရောက်ပြီး မကြာမီမှာပင် လေယာဉ်ဆိုက်လေသည်။ သိပ်မကြာလိုက်ပါ။ ခရီးသည်များ အလျှိုအလျှို သက်ဆိုင်ရာ ကောင်တာများမှ ထွက်လာကြသည်။

"ငစနေ ... လုပ်ပါဦးဟ ... ကူပြီးရှာပါဦး။ အင်္ကျီအနက်နဲ့ က လေးယောက်လောက်ဖြစ်နေတယ်။ ဘယ်တစ်ယောက်လဲမသိဘူး"

ငစနေ လေဆိပ်အတွင်းပိုင်းထဲ လှမ်းကြည့်လိုက်သည်။ အခုထွက်လာတဲ့ အင်္ကျီအနက် လက်ပြတ်နဲ့ကောင်မလေးကို မြင်ဖူးသလိုလို ....

"ဟိုက် ... ကိုဇင် ... ဟိုမှာ မိုးမိုးဗျ ... ခင်ဗျားညီမ မိုးမိုး။ ကွိုင်ပဲ။ ဘာဖြစ်လို့ ပြန်လာတာလဲမသိဘူး"

ငစနေ ပြမှပင် ကိုဇင်တစ်ယောက် သူ့ညီမကို မြင်လေသည်။

"ဟာ ... ဖိုးစနေ ... ဟိုတစ်ယောက်ကို တစ်ချက်ကြည့်ထား။ ငါ ညီမလေးဆီ သွားလိုက်ဦးမယ်။"

ကိုဇင် ပြေးသွားရာနောက်သို့ ငစနေပါ ပြေးလိုက်သွားရသည်။ အင်္ကျီအနက်ရောင်နှင့် ကောင်မလေးများကတော့ ပန်းအနီကို ရင်ဘတ်မှာ မထိုးကြသေး။

"မိုး ... ဘာဖြစ်တာလဲညီမလေး။ နင် ဘာဖြစ်လို့ ပြန်လာတာလဲ။ နေရောကောင်းရဲ့လား။ အဆင်ရောပြေရဲ့လား။ ငါစိတ်ပူလိုက်တာဟာ။"

ကိုဇင်တစ်ယောက် သူ့ညီမပုခုန်းကိုကိုင်ရင် တတွတ်တွတ် မေးလေသည်။

"ဟိုလေ ... ညီမလေး ကိုကြီးတို့ ဖေကြီးတို့ကို လွမ်းလို့ ခဏပြန်လာတာ။ ညီမလေးသူငယ်ချင်းက လေယာဉ်လက်မှတ် ဝယ်ပြီးမှ မပြန်ဖြစ်တာနဲ့ သူ့လက်မှတ် ကိုညီမလေး ယူလိုက်တာ။ ကိုကြီးတို့ အံ့သြသွားအောင်လို့ အကြောင်းမကြားပဲ ပြန်လာတာလေ။"

မိုးမိုးအဖြေကြောင့် ကျွန်တော်ရော ကိုဇင်ပါ ပါးစပ်အဟောင်းသား ဖြစ်သွားပါသည်။

"ဘာ .... နင်ဘာပြောတယ်" ရုတ်တရက် အော်လိုက်သည့် ကိုဇင့်အသံကြောင့် မိုးမိုး ဆတ်ကနဲတုန်သွားကာ လက်ထဲမှာ အရာတစ်ခု လွတ်ကျသွားသည်။

နှင်းဆီ အနီရောင်တစ်ပွင့် .... အင်္ကျီတွင် အသင့်ထိုးရန် ကလစ်လေးနှင့် ချိတ်ထားသော အနီရောင်နှင်းဆီ။

"ကိုကြီး ... ဘာဖြစ်လို့လဲဟင်။ ... ဘာဖြစ်သွားလို့လဲ။ ကိုကြီးကရော ဘာလို့ လေဆိပ်ကိုရောက်နေတာလဲ။ ညီမလေး ပြန်လာမှာကို သိလို့လား"

မျက်လုံးအဝိုင်းသားနှင့် အပြစ်ကင်းသူ ဘာမှ မသိသူတစ်ယောက်ပမာ မေးသောမေးခွန်းကို ကိုဇင် ပြန်မဖြေနိုင်ပါ။ လက်ထဲမှ ကိုင်ထားသော အရာတစ်ခုကိုသာ ကြမ်းပြင်ပေါ်သို့ ဒေါသတစ်ကြီး ပစ်ချလိုက်တော့သည် ...

အနီရောင် ဖဲပြားလေးတစ်ခု

ဘာမှ ထပ်ရှင်းပြစရာ မလိုတော့ပါ။ အားလုံးကို အလိုလိုနားလည်သွားသော မိုးမိုးတစ်ယောက် တသိမ့်သိမ့် ရှိုက်ကာ ငိုတော့သည်။ ကိုဇင်ကတော့ ဝုန်းကနဲလှည့်ကာ လေဆိပ်အပြင်ဘက်သို့ ပြေးထွက်သွားလေပြီ။ ကျွန်တော် ငစနေတစ်ယောက်သာ ကိုဇင့်နောက်သို့ လိုက်သွားရကောင်းနိုး၊ ငိုနေသူကို ချော့ရကောင်းနိုးဖြင့် ဝေခွဲမရနိုင် ဖြစ်နေလေတော့သည်။

Thursday, February 28, 2008

ဖျက်မရသောအတိတ် ၆ - မူလတန်း၏ နောက်ဆုံးနေ့များ

ငစနေတစ်ယောက် အလုပ်တွေများလိုက်တာမှ အမေတို့ပြောသလို ယားတာတောင် မကုတ်အားလို့ ထုံးတို့ပြီးမှတ်ထားရတယ် ဆိုတဲ့အတိုင်းပါပဲ။ မယားလို့ ထုံးမတို့လိုက်ရပေမယ့် တစ်ပတ်လောက်ဆက်တိုက် နေ့လည်စာလွတ်သွားတဲ့ဒဏ်က အရင်ရှိထားဖူးတဲ့ အစာအိမ်ပြဿနာကို ပြန်အစဖော်လာပါတယ်။ ကိုယ့်အကြောင်းကိုယ်သိပြီး ခြင်္သေ့ကျွန်းမှာ ရောဂါတစ်ခါဖြစ်ရင် အနည်းဆုံး ၃၀၀ လောက် အောက်ထစ်ကုန်တတ်တာမို့ အခြေအနေမဆိုးခင် အလုပ်ကိုလျှော့ပြီး ကျန်းမာရေးအခြေအနေကို ကမန်းကတမ်းပြန်ထိန်းလိုက်ရတယ်။ အစ်မတွေ အစ်ကိုတွေကလဲ အော်လှပြီမို့ ဒီနေ့တော့ အလုပ်များချင်ယောင်ဆောင်ပြီး Blog တင်မယ့် post တစ်ခု ခိုးရေးဖြစ်ပါတယ်။ ရုတ်တရက် အသစ်ရေးဖို့ အကြံမရတော့လဲ ရေးလက်စ အဟောင်းဖြစ်တဲ့ ငယ်ဘဝအကြောင်းကိုပဲ ဆက်ရေးရတာပေါ့။

ငစနေ၏ငယ်ဘဝ၌ အထင်ရှားဆုံးအမူအကျင့်ကိုပြောပြပါ ဆိုလျှင် အပျင်းထူခြင်းပင် ဖြစ်လေသည်။ အထူးသဖြင့် ကျောင်းစာကိုလုပ်ရမှာပျင်း၏။ အမေကတော့ ငစနေတို့များ ကျောင်းစာဆိုရင် တီ ဆားကြောက်တာထက်တောင် ကြောက်သေးတယ် လို့ပြောတတ်သည်။ ဟုတ်ပ။ ထိုကျောင်းစာလုပ်သည့်အထဲမှာမှ အပျင်းဆုံးမှာ ကျောင်းမှ သင်ပြီးသားစာများကို ပြန်လုပ်ရခြင်းပင်ဖြစ်သည်။ ငစနေတို့ငယ်ငယ်တုန်းက ကျူရှင်သင်ကြားပုံမှာ ယနေ့ဆရာများကဲ့သို့မဟုတ်ပေ။ ရောက်သည်နှင့် ဆရာမက ဒီနေ့ ကျောင်းမှာ ဘာသင်လဲ ဆိုတာ အရင်မေးသည်။ သင်္ချာသင်သည့်နေ့ဆိုလျှင် အကုန် အစအဆုံး တစ်ခေါက်ပြန်တွက်ရသည်။ ကျက်စာပါလာလျှင် ချက်ချင်း ကျက်ပြီး ပြန်အံ (အလွတ်ပြန်ဆို) ရသည်။ ငစနေကလဲ ဒါမျိုးဆို ပျင်းမှပျင်း။ ကျူရှင်ဆရာမနှင့် ခဏခဏ ပြဿနာတက်ဖန်များလာတော့ အမေ့ကို ကျူရှင်မတက်တော့ဟု ငစနေကြေငြာလေသည်။ (အဲဒါ ၂ တန်းကျောင်းသားတဲ့နော်)။ အမေကတော့ အေးအေးဆေးဆေးပင်၊ “အေးလေ။ နင်ပျင်းရင်လဲ မတက်နဲ့ပေါ့။ လပတ်စာမေးပွဲမှာ အဆင့် ၁၀ အောက် မကျစေနဲ့။ ကျရင်တော့ နင့်ကိုကျူရှင်ပြန်ပို့မယ်” ဟုသာ ပြောလေသည်။ အလွန်ပေ အလွန်ကတ်သော ငစနေကလဲ အဆင့် ၇၊ ၈၊ ၉ တို့ကိုသာ တစ်လှည့်စီယူ၍ ကျူရှင်တက်ခြင်းမှ ကင်းလွတ်အောင်ကြံဆောင်တော့သည်။

စတုတ္ထတန်းသို့ရောက်သောခါ ငစနေတစ်ယောက် ရင်တထိတ်ထိတ်ပေါ့။ အစိုးရစစ်ပေကိုး။ အစ်မလုပ်သူက လေးတန်းအစိုးရစစ်မှာ ဂုဏ်ထူးတွေ တပွေ့တပိုက် ရထားလေတော့ ငစနေ့အလှည့်ကျမှ ဘာမှမရရင် ခေါင်းကျိန်းပေတော့မည်။ ကိုယ့်မာနနဲ့ကိုယ် ကျူရှင်ကလဲ ပြန်မတက်ချင်သည်မို့ စာကိုသာ အသေကုန်းရုန်းကျက်ရတော့သည်။ ကျောင်းမှ ဆရာမများကလဲ “လေးတန်းကို ဘာမှတ်နေလဲ။ ဒါ အစိုးရစစ် စာမေးပွဲ၊ ၈တန်းတို့ ၁၀ တန်းတို့နဲ့ အတူတူပဲ ” ဟုဆိုကာ အတင်းမောင်းအ တင်းတွန်းကြသည်။ မနှစ်က စာမေးပွဲတုန်းက ကျောင်းမှ မြို့နယ်အလိုက် ပထမရသူတစ်ယောက် ပါသည်မို့ ဒီနှစ် မြို့နယ်ဆုတွေ ပိုများများချိတ်အောင် ကြိုးစားကြသည်။ အထူးသဖြင့် အတန်းပိုင်ဆရာမ သင်သော သင်္ချာနှင့် ပထဝီက အဆိုးဆုံး။ သင်္ချာဆိုလျှင် တစ်ခါသင်လျှင် အခန်းတစ်ခန်း ပြတ်အောင်သင်ပြီး ရှိသမျှ လေ့ကျင့်ခန်းအကုန် အိမ်စာပေးပစ်လေ့ရှိသည်။ အိမ်မှာ ငစနေတစ်ယောက် စာချည်းပဲ ကုန်းရုန်းလုပ်နေသည်မို့ လူကြီးများကပင်အံ့သြသော အမူအယာ ပြကြသည်။ ဒီလိုနဲ့ ပထမအစမ်း စာမေးပွဲကြီးမှာ တစ်ဖြည်းဖြည်း နီးကပ်လာလေတော့သည်။

ပထမအစမ်း စာမေးပွဲစစ်ခါနီး တစ်လခန့်အလိုတွင်တော့ ဆရာမက ငစနေတို့ကို အလွန်ဝမ်းသာစရာ သတင်းစကားတစ်ခု ပေးလေတော့သည်။ ထိုသတင်းမှာကား ယခုနှစ်မှစ၍ လေးတန်းစာမေးပွဲကို အစိုးရမှ တာဝန်ယူစစ်ဆေးခြင်းကို ရပ်ဆိုင်းပြီး မိမိ သက်ဆိုင်ရာ ကျောင်းများအလိုက်သာ စာမေးပွဲများ ကျင်းပကြရန် ဟူသော သတင်းပင် ဖြစ်လေတော့သည်။ ငစနေတို့ ပျော်လိုက်တာမှ ဘာပြောကောင်းမလဲ။ လေးတန်းနှစ်ကား အပျော်များ စုနေသောနှစ်ဟု ဆိုရမလားပင် မပြောတတ်၊ ပထမအစမ်း စာမေးပွဲပြီး၊ သတင်းကျွတ်ကျောင်းပိတ်ရက်မှ ကျောင်းပြန်ဖွင့်ပြီးသိပ်မကြာခင်မှာပင် အတန်းပိုင်ဆရာမ သင်သော သင်္ချာနှင့်ပထဝီမှာ သင်ရိုးအကုန် ကျွတ်သောအခြေအနေသို့ရောက်တော့သည်။ သင်ရိုးကုန်ပြီဆိုတာနဲ့ အတန်းပိုင်ဆရာမက ခွင့်ရက်ရှည်ယူလေသည်။ မီးဖွားခွင့် တဲ့။ မင်းတို့ အတန်းတင်စာမေးပွဲနားနီးမှ ပြန်လာမယ်။ သိပ်မဆော့နဲ့၊ ငစနေ၊ ဆရာမမရှိရင် မင်းအတန်းထိန်းရမယ်နော်။ ဟု နှုတ်ဆက်ကာ ခွင့်ယူသွားလေတော့သည်။ ငစနေတို့မှာ ပျော်မဆုံးတော့။ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သမိုင်းတို့သာ သင်ရန်ကျန်တော့သည်ကိုး။ အားနေသောအချိန်များတွင် ငစနေတို့ ၂ တန်းနှင့် ၃ တန်းမှ ဆရာမများကို အမှတ်ကူခြစ်ပေးခြင်း၊ စာမေးပွဲကူစစ်ပေးခြင်း၊ စာကူသင်ပေးခြင်း စသည်ဖြင့်သွားရောက်ကူညီကာ အငယ်တန်းများအား ဆရာကြီးလုပ်ကြသည်။

အတန်းခေါင်းဆောင်ဆိုသော တာဝန်မှာ ဆရာမမရှိသောအခါ အတန်းသော့ကို ထိန်းသိမ်းရသော တာဝန်လဲ တစ်ခုပါလာလေသည်။ သော့ကိုင်ရတော့ မနက်ကို သူများမရောက်ခင် စောစောရောက်အောင်သွားပြီး အတန်းဖွင့်ပေးရတာပေါ့။ မဟုတ်ရင် ကျောင်းသားတွေ အတန်းထဲမဝင်ပဲ အပြင်မှာသောင်းကျန်းနေရင် ငစနေနဲ့ ကျောင်းအုပ်ဆရာမကြီးနဲ့ ကွိုင်တက်ပေလိမ့်မည်။ ငစနေက ကျောင်းနှင့်အ မေ့ရုံးနှင့် နီးသည်မို့ အမြဲတမ်း အမေ့ရုံးကားနှင့်သာ လိုက်လေ့ရှိသည်။ ယခု စောစောသွားဖို့ကျတော့ ရုံးကားစီး၍ မဖြစ်တော့။ အဖေကလဲ နယ်မှာတာဝန်ကျနေသည်မို့ လိုက်မပို့နိုင်၊ အမေကလဲ မနက်စာ ထမင်းချိုင့်ကိစ္စ အလျင်မှီအောင် လုပ်ရတော့ စောစောလိုက်မပို့နိုင်ပေ။ အမေ့ကိုဘယ်လိုလုပ်ရမလဲမေးတော့ “ငစနေရယ်။ နင် ကိုယ့်ဖာသာကိုယ်သွားပေါ့။ ငါရောက်တော့မှ ထမင်းချိုင့်လာပေးမယ်” ဟုပြောလေသည်။ ဤသို့နှင့် လေးတန်းကျောင်းသား ငစနေတစ်ယောက် ကျောက်မြောင်းရှိအိမ်မှ မြို့လည်ခေါင်ရှိကျောင်းသို့ မနက်စောစော တစ်ယောက်တည်း ကျောင်းတက်လေတော့သည်။ ဆွေမျိုးများသိသော် အမေ့ကို ဝိုင်းအပြစ်တင်ကြသည်။ ကလေးကို တစ်ယောက်တည်းလွှတ်ရကောင်းလားပေါ့။ အမေကတော့ အေးအေးဆေးဆေးပင် “သူသွားတတ်ပါတယ်” ဟုသာ ပြန်ပြောတတ်သည်။ တစ်ချို့က နယ်ရောက်နေသော အဖေ့ကို လှမ်းတိုင်ကြသည်။ အဖေကလဲ “နင်တို့သားအမိနဲ့တော့ ခက်ပါတယ်” ဆိုတာထက် ပိုမပြောပေ။ အမေသည် ငစနေ့အတွက် တစ်ကယ်ပင် အရေးပါသော ပဲ့ကိုင်တစ်ယောက်၊ ပန်းပွတ်သမတစ်ယောက် ဖြစ်သည်။

ဒီလိုနဲ့ပဲ ငစနေ၏ မူလတန်းရက်များ ကုန်ဆုံးခဲ့တော့သည်။

Saturday, February 02, 2008

ဖျက်မရသော အတိတ် ၅ - ရာထူး၊ ထိုင်ခုံနှင့် အာဏာ

ငယ်ဘဝအကြောင်းနည်းနည်းပြန်ဆက်ဦးမည်။

ရာထူးဆိုတာ ရူးတာ လို့တော့ လူရွှင်တော်တွေ အငြိမ့်မှာ ပျက်လုံးထုတ်ကြသည်။ အမှန်က ရာထူးဆိုတာ မရသူတွေအတွက်သာ မကောင်းတာ၊ ရထားသူတွေအတွက်က ကောင်းမှကောင်းဗျ။ ငစနေ ရာထူးအကြောင်းစသိတာ ၁ တန်းကျောင်းသားဘဝကတည်းကပေါ့။ ငစနေက အသက် ၅ နှစ်ခွဲမှာမှ ကျောင်းစတက်ရတာဆိုတော့ အတန်းထဲမှာ နည်းနည်း အကောင်ကြီးသည်။ ဆရာမတွေ သတိထားကြတာပေါ့။ သူငယ်တန်းကျောင်းစဖွင့်လို့ ဘာမှသိပ်မကြာလိုက် ပြဿနာက တက်တော့သည်။ ဖြစ်တာက ဒီလို၊ မင်းမင်းဆိုတဲ့ကောင်က ငစနေနဲ့ တစ်ခုံတည်းထိုင်တာ၊ တော်တော်ခင်သည်။ တစ်ရက် ငစနေက ဘေးကခုံပေါ်ကို ခြေထောက်လှမ်းတင်ပြီးထိုင်နေတာကို ဒီကောင်က အဲဒီခြေထောက်ကို ကြိုးခုန်သလို လာခုန်နေသည်။

“ဟေ့ကောင်၊ ပြုတ်ကျမယ်နော်”

ငစနေ လှမ်းသတိပေးလိုက်သေးသည်။ သို့သော် ကျေးဇူးရှင်က ရပါတယ်ကွာ ဟုဆိုကာ ဆက်ဆော့နေသည်။ ဘာမှမကြာလိုက် လွတ်အောင်မခုန်နိုင်တဲ့တစ်လှည့် ငစနေ့ခြေထောက်နှင့် ခလုတ်တိုက်မိကာ ရှေ့ကို ဟပ်ထိုးလဲကျတော့သည်။ သံမံသလင်းနှင့် မေးစိ မိတ်ဖွဲ့လေသော် သွေးများ ဖြာကနဲ ကျလေသည်။ ရလာဒ်က ဆေးခန်းသို့ပြေး၍ လေးချက်ချုပ်လိုက်ရသည်။ ဖြစ်ချင်တော့ အဖြစ်အပျက်က ငစနေ ခြေထောက်ထိုးခံသောကြောင့် မင်းမင်း ပြုတ်ကျပြီး မေးစိကွဲသည်ဟူသတတ်။ ဆရာမများကြားတွင် ငစနေ နာမည်ကြီးသွားသည်။

“တယ်မလွယ်တဲ့ကောင်၊ တစ်ခုံတည်းထိုင်တဲ့သူငယ်ချင်းကိုတောင် မေးစိကွဲအောင်လုပ်သတဲ့”။

အဖြစ်အပျက်မှန်ကို ငစနေနှင့် မင်းမင်းနှစ်ယောက်သာ သိကြသည်။ သို့သော် နှစ်ယောက်စလုံးက ဒီတိုင်းသာနေကြသည်။ ဘယ်သူ့ကိုမှ ရှင်းမပြကြ။ ဆရာမများက မင်းမင်းကို ခုံပြောင်းထိုင်ဖို့ပြောသော်လည်းမပြောင်း၊ သူငယ်ချင်းနှစ်ယောက် လည်ပင်းဖက်ပြီး ပေါင်းမြဲပေါင်းကြသည်။

ပထမတန်းသို့ရောက်သော် အတန်းပိုင်ဆရာမက ထိုအချက်ကို ထောက်၍ ငစနေ့အား ရာထူးတစ်ခု အပ်နှင်းလေသည်။ “မော်နီတာ” တဲ့။ အတန်းခေါင်းဆောင်၊ သို့မဟုတ် လူဆိုးထိန်းဆိုပါတော့။ ရာထူးနှင့်အတူ ပါလာတာက ထိုင်ခုံ။ ဒါကြောင့်မို့ တစ်ချို့က ရာထူးကို ထိုင်ခုံဟု သွယ်ဝိုက်ခေါ်ကြတာဖြစ်မည်။ ငစနေ တို့ ကျောင်းသားတွေ ထိုင်ရတဲ့ခုံက နောက်မှီမပါသော ခုံတန်းရှည်ကြီးတွေ။ တစ်တန်းကို ၂ ယောက်၊ သို့မဟုတ် ၃ ယောက် ထိုင်ရလေသည်။ ဆရာမ ထိုင်သောခုံက နောက်မှီရော လက်တန်းပါ ပါသောခုံ။ ငစနေတို့ အလွန်ထိုင်ချင်ကြပေမယ့် မည်သူမှ မထိုင်ရဲကြ။ ဆရာမ စားပွဲ၏ ဘေးတွင် ထိုခုံကဲ့သို့ နောက်တစ်ခုံရှိသေးသည်။ နောက်မှီတော့ပါသည်။ လက်တန်းမပါ။ ငစနေ မော်နီတာ ရာထူးရသောအခါ ဆရာမက ငစနေကို ထိုခုံ၌ ပေးထိုင်လေသည်။ အမြဲတမ်းတော့မဟုတ်။ ဆရာမ အပြင်သွားစရာရှိ၍ ငစနေ အတန်းထိန်းရသည့်အခါမျိုးဆိုလျှင် ထိုခုံမှာ ထိုင်ရသည်။ ဘာပဲဖြစ်ဖြစ် ထိုင်ခုံတစ်ခု တရားဝင်ရသောအခါ သွေးနားထင်ရောက်တတ်သော လူ့သဘာဝကို ငစနေ ငယ်စဉ်ကတည်းက သိမြင်ခွင့်ရခဲ့သည်။

ရာထူးနှင့်အတူ နောက်တစ်ခုပါလာတာက အာဏာဖြစ်သည်။ မော်နီတာဆိုတာ ဆရာမမရှိရင် သူအကြီးဆုံးဗျ။ ဆရာမက “ငစနေရေ၊ ဆရာမ အစည်းအဝေးသွားဦးမယ် အတန်းထိန်းထား၊ စကားပြောတဲ့ကောင်တွေနာမည်မှတ်ထားလိုက်၊ ငါပြန်လာမှ ဆော်မယ်” ဆိုလို့ကတော့ ငစနေတို့ အလွန် မျက်နှာပွင့်လေပြီ။ ငစနေ့အတွက် နာမည်မှတ်စရာ ဗလာစာရွက်ပေးသောသူနှင့်၊ ခဲတံချွန်ပေးသောသူနှင့်၊ အဟဲ ... ငစနေတို့ ကောင်းစားနေတာပေါ့။ မျက်နှာချို မသွေးလို့လဲမရ၊ ငစနေတို့ မျက်လုံးထဲ ကန့်လန့်ကန့်လန့်ဖြစ်လာလို့ကတော့ စကားပြောပြောမပြောပြော ထိုနာမည်စာရင်းထဲ ပါပြီသာမှတ်။ ဆရာမ ပြန်လာလို့ကတော့ အဲဒီကောင် အစစ်အဆေးအမေးအမြန်းမရှိ အနည်းဆုံး ၃ ချက်လောက်တော့ ဖင်ချွတ်ပြီး အရိုက်ခံရလေပြီ။ အတန်းထဲမှာ အကုန်လုံး စကားသံမထွက်ရ၊ အကုန် မှောက်အိပ်နေရသည်။ ခေါင်းပင်မထူရဲ။ ထိုအချိန်မျိုးမှာ အရှေ့ဆုံးမှာ နောက်မှီပါသော ထိုင်ခုံမှာ မိန့်မိန့်ကြီးထိုင်၍ စာရွက်တစ်ကိုင်ကိုင် ခဲတံတစ်ဝင့်ဝင့်နှင့် ဟန်ရေးပြနေသော ငစနေကို မြင်ယောင်သာကြည့်ကြပါတော့ဗျာ။

Sunday, January 27, 2008

အထီးကျန်


ဒီပုံလေးကို “အထီးကျန်” လို့ နာမည်ပေးဖြစ်တယ်။ သူ့ကို စီးမယ့် ပိုင်ရှင်ကို စောင့်စားရင်း အထီးကျန်နေရှာတဲ့ စက်ဘီးလေးပေါ့။