ရထားက ဖြည်းဖြည်းပဲ မောင်းပါတယ်။ အပြင်မှာကတော့ မိုးက ရွာလိုက် ရပ်လိုက်ပါပဲ။ နေရာကွက်ကြား ရွာနေတာ ဖြစ်မယ်လို့ပဲ ခန့်မှန်းရပါတယ်။ သီချင်းနားထောင်ချင်နေပေမယ့် ဖုန်းက battery က ကုန်လုနီးပါး ဖြစ်နေတာနဲ့ အသာလေး switch-off လုပ်ပြီး အိတ်ထဲထည့်ထားလိုက်ရပါတယ်။ တော်ကြာ မနက် အရေးပေါ် ဆက်စရာကြုံတဲ့အချိန် battery ဒေါင်းသွားမှ ဒုက္ခရယ်။ ငစနေလဲ ပါလာတဲ့ စာအုပ်လေးဖတ်လိုက်၊ ဘီစကွတ်မုန့်လေး စားလိုက် ရေလေးသောက်လိုက် လုပ်နေပေမယ့် ည ၁ နာရီလောက်ရောက်တော့ မျက်လုံးက ဘယ်လိုမှ ဖွင့်မရတော့တာနဲ့ အိပ်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ ရထားက အချိန်စာရင်းအရ ငစနေဆင်းမယ့်ဘူတာကို မနက် ၆း၁၈ မှာ ၀င်မှာမို့ လက်ပတ်နာရီမှာ ၅း၄၅ alarm ပေးထားလိုက်ပြီး စိတ်ချလက်ချ အိပ်လိုက်ပါတော့တယ်။ မနက် နာရီ alarm သံကြားလို့ နိုးတော့ ကိုယ်စီးတဲ့ တွဲတစ်တွဲလုံး ဘယ်သူမှ မထကြသေးပါဘူး။ အပြင်မှာတော့ လင်းစပြုနေပါပြီ။ မကြာခင်မှာပဲ ရထားက အရှိန်နှေးလာပြီး ဘူတာတစ်ခုကို ၀င်ပါတယ်။ နာမည်ကို ကြည့်လိုက်တော့ Seremban လို့ ရေးထားတာနဲ့ ငစနေ ဆင်းရမယ့် ဘူတာမဟုတ်သေးဘူးဆိုပြီး အသာ ထိုင်နေလိုက်ပါတယ်။
မနက် ၆း၂၀ ရှိသွားပါပြီ ရထားကြီးကတော့ သွားလို့ကောင်းတုန်းပါပဲ။ ငစနေ့ စိတ်ထဲမှာတော့ ... အင်းပေါ့လေ ... နည်းနည်း နောက်ကျတာ ဖြစ်မှာပေါ့လို့ တွေးမိပါတယ်။ ၆း၃၀ ... ၆း၄၀ လောက်ကျတော့ ငစနေ စိတ်ပူလာပါတယ်။ ကိုယ်ဆင်းရမယ့် ဘူတာများ ကျော်သွားပြီလားလို့ စိတ်ထဲက တွေးမိပါတယ်။ ရထားပေါ်က လူတွေကတော့ အိပ်တဲ့သူက အိပ်တုန်း။ တစ်ချို့လဲ ခြေဆန့်လက်ဆန့် ... အိမ်သာသွားတဲ့သူကသွား နဲ့ သူတို့ကတော့ ပုံမှန်အတိုင်းလိုပါပဲ။ ငစနေ စီးတဲ့ရထားက Singapore - Kuala Lampur Night Express train ပါ။ KL မှာ ဂိတ်ဆုံးပါတယ်။ ငစနေ ဆင်းမယ့်ဘူတာက KL မရောက်ခင် ၁ ဘူတာအလို Kajang ဘူတာပါ။ KL နဲ့ 20 Km ပဲ ဝေးပါတယ်။ တစ်ကယ်လို့ ဘူတာကျော်သွားရင်တောင်မှ အခု ခုတ်နေတဲ့အရှိန်နဲ့ဆိုရင် KL ကို ရောက်ဖို့ကောင်းနေပြီမို့ KL ကိုများ ကျော်ပြီးတော့ Ipoh ဘက်အထိ ဆက်သွားနေပြီလားလို့ လန့်သွားမိပါတယ်။ တစ်ကယ် ဟုတ်တယ်ဆိုရင်တော့ Ipoh မှာပဲ ဆင်းပြီး Telok Intan မှာနေတဲ့ အစ်မကိုပဲ ဖုန်းဆက်ပြီး လာခေါ်ခိုင်းရ ကောင်းမလား ဘာလားနဲ့ စိတ်ထဲမှာ ယောက်ယက်တွေ ခတ်ကုန်ပါတော့တယ်။
အဲဒီအချိန်မှာပဲ ရထားကြီးက ဥသြတစ်ချက်ဆွဲပြီး အရှိန်လျှော့လိုက်ပါတယ်။ နောက်တစ်ဘူတာ ၀င်ခါနီးပါပြီ ... နာမည်ကို ကမန်းကတန်း ဖတ်ကြည့်လိုက်တော့ ... ဟုတ်ကဲ့ Kajang Station ပါခင်ဗျာ။ အဲဒီတော့မှပဲ ငစနေ့ရင်ထဲက အလုံးကြီး ပြုတ်ကျသွားပါတော့တယ်။ အချိန်ကတော့ မနက် ၆း၄၇ ပါခင်ဗျာ။ ၂၉ မိနစ်တိတိ နောက်ကျပါတယ်။ ခရီးသည်တွေကတော့ ရထားနောက်ကျတာကို အဆန်းမဟုတ်သလိုပဲ လုပ်စရာရှိတာလုပ်ကြ၊ ဆင်းတဲ့သူဆင်း အိပ်တဲ့သူ အိပ်ပါပဲ။ ဘူတာထဲက ထွက်လာတော့ အပြင်မှာ ငစနေ သိတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ လာသာလာခဲ့ပါ ... ငါကျိန်းသေပေါက် လာကြိုပါ့မယ် လို့ အာမဘန္တေခံထားတဲ့ အစ်မ၀မ်းကွဲရော ... သူ့အမေ၊ ငစနေ့အဒေါ်ရော ... ဘယ်သူမှ မရှိပါ။ အဲဒါနဲ့ပဲ အိတ်ထဲက ဖုန်းကို ပြန်ထုတ်ပြီး switch-on လုပ်၊ ငစနေ့ အဒေါ် ဖုန်းကို လှမ်းခေါ်လိုက်တော့မှ ... သားရေ ... ခဏစောင့်ဦး၊ အန်တီ အိမ်ခဏပြန်နေလို့။ နောက် ၅ မိနစ်ဆိုရောက်မယ် လို့ အန်တီက လှမ်းပြောပါတယ်။ ၅ မိနစ်လောက် အကြာမှာပဲ ငစနေ့ရှေ့နားကို Proton Wira မီးခိုးရောင်လေး ထိုးရပ်လာလို့ ကြည့်လိုက်တော့ အန်တီကိုယ်တိုင် ကားမောင်းပြီး ငစနေ့ကို ပြန်လာခေါ်တာ ဖြစ်နေပါတယ်။ အဲဒီတော့မှ အန်တီက သူ မနက် ၆ နာရီကတည်းက စောင့်နေတဲ့အကြောင်း ၆ နာရီခွဲလောက် ကျတော့မှ ဘူတာက ၀န်ထမ်းကိုမေးကြည့်တော့ နောက်ကျဦးမယ်ဆိုတာနဲ့ အိမ်ခဏပြန်ပြီး သမီးကြီး ကို ရုံးလိုက်ပို့ပေးနေရကြောင်း အခု သူ့ရုံးကနေ တစ်ဆက်တည်း ၀င်ခေါ်တာ ဖြစ်ကြောင်း ရှင်းပြပါတယ်။
No comments:
Post a Comment