Monday, March 30, 2020

Covid Diary Day-4 29-Mar

SG Covid Day 66။ စလုံးမှာ ၄၂ ယောက် ထပ်တွေ့။ အပြင်က ပြန်ဝင်လာတဲ့ imported case က ၂၄ နဲ့ ကျန်တာက နိုင်ငံထဲမှာပဲ ကူးစက်ခံရသူတွေ။ အဆက်အစပ် ရှာမရသေးတဲ့ case တွေ များလာတယ်။ ကူးစက်ပျံ့ပွားတဲ့ အစုသစ်တွေလဲ များလာတယ်။ ဒီနေ့တော့ အိမ်မှာ အရေးတကြီးလိုတဲ့ ပစ္စည်းတချို့ ရှိနေတာနဲ့ shopping mall သွားလိုက်ရ သေးတယ်။ Mall ထဲ အဝင်အထွက်တွေကြပ်ထားတယ်။ လူဦးရေအကန့်အသတ်နဲ့ပဲ ပေးဝင်တော့တယ်။ ဒါပေမယ့် လူတွေတော့ များနေတုန်းပါပဲ။

မြန်မာပြည်မှာ ၂ယောက်အသစ်ထပ်တွေ့တယ်။ ထိုင်းဘက်ကနေ ပြန်လာတဲ့သူတစ်ယောက်ရယ်၊ Aussie က ပြန်လာပြီး ရောဂါဖြစ်တဲ့သူ (လူနာအမှတ်၅) ရဲ့ မိသားစုဝင်ရယ်။ ပျံ့နှံ့တာတွေ အမြန်ထိန်းချုပ်နိုင်ပါစေ လို့ပဲ ဆုတောင်းပါတယ်။ USA ကတော့ ဒီနေ့ လူ၅၀၀ ကျော်သေဆုံးတယ်။ သေဆုံးမှုနှုန်း တဖြည်းဖြည်းမြင့်လာတယ်။ မကြာခင် အီတလီကိုကျော်တက်မယ့်အခြေအနေတွေ မြင်နေရတယ်။

ကိုယ်ကတော့ အခြေအနေကောင်းတယ်ပြောရမယ်။ အဖျားလဲမရှိ၊ ဖျားချင်သလိုတောင် ဖြစ်မနေတော့ဘူး။ ပုံမှန် သွားလာလှုပ်ရှားနိုင်ပြီ။ ဒီရက်ပိုင်း ကျန်းမာရေးတော့ အထူးဂရုစိုက်မှရမယ်။ မဟုတ်ရင် Covid မမိတောင် ဆေးရုံတော့ ၁၄ရက် အလည်သွားနေရမယ်။

Saturday, March 28, 2020

Covid Diary Day-3 28-Mar

SG Covid Day 65. စနေနေ့မို့ ရုံးပိတ်တယ် အိမ်မှာပဲ စားလိုက်အိပ်လိုက်။ မနေ့က အဲကွန်းထဲ စောင်မခြုံပဲ အိပ်ပျော်သွားမိတာ ပြန်နိုးလာတော့ ခေါင်းတွေကိုက်ပြီး ဖျားချင်နေလို့ Para ၂လုံး ၆နာရီခြား ကစ်နေရတယ်။ ဒီချိန် ဖျားတယ်ဆိုပြီး ဆေးခန်းသွားရင် LOA တွေ quarantine တွေ ဖြစ်ကုန်မှာလဲ ကြောက်ရသေးတယ်။ ခုထိတော့ ခေါင်းလဲမကိုက် အဖျားလဲပြန်မတက်ဘူး။ မြန်မာမှာတော့ နောက်တိုး ၃ယောက်၊ စုစုပေါင်း ၅ ယောက်ဖြစ်သွားပြီ။ US ကတော့ ၈ သောင်းကျော် စလုံးမှာလဲ ၇၀၀ ကျော်နေပြီ။ ကာကွယ်ဆေး မထိုးပြီးမချင်း ဒီကိစ္စက ငြိမ်သွားမှာမဟုတ်ဘူး။

ခုနေ စိတ်ပူတာက အလုပ်တွေ စီးပွားရေးတွေပဲ။ အထူးသဖြင့် ကိုယ်လို လူမျိုးတွေကို ကုမ္ပဏီတွေက expandable အနေနဲ့ပဲ သဘောထားကြတာ။ စီးပွားရေးမကောင်းလို့ loose the sandbag ဆို ကိုယ်တွေက ထိပ်ဆုံးကပါမယ့်သူတွေ။ ဘာဖြစ်မယ်မှန်း မသိသေးတဲ့ အနေအထားတစ်ခုမှာ ဘာလုပ်ရမလဲ စဉ်းစားရတာ တော်တော် စိတ်ညစ်စရာကောင်းတယ်။ ဒီကိစ္စတွေ မြန်မြန်ပြီးသွားပါစေပဲ ဆုတောင်းနေရတယ်။

Friday, March 27, 2020

Covid Diary Day-2 27-Mar

SG Covid Day-64။

ရုံးရောက်လာရပြန်ပြီ။ ဖြစ်နိုင်ရင် အိမ်ထဲကအိမ်ပြင်ကို မထွက်ချင်တော့တာ။ ဒါပေမယ့် ရုံးက Work-from-home order မထုတ်သေးတော့ ရုံးလာနေရတုန်းပဲ။ မနေ့က မြန်မာြပည်မှာ ပိုးတွေ့တဲ့သူ ၂ယောက်ထပ်တွေ့။ စလုံးမှာက ၅၃ ယောက်။ အဲဒီထဲမှာ unlinked case က ၁၀ ယောက်တောင်။ US ကတော့ အသည်းအသန် testing တွေလိုက်လုပ်နေတာ တစ်ရက်တည်း ၁၇၀၀၀ ကျော် positive တွေ့တယ်။ ပိုးတွေ့လူဦးရေ တရုတ်ထက်များသွားပြီ။

ရုံးက အဲကွန်းအရမ်းအေးလို့လားမသိဘူး။ လူက ဖျားချင်သလိုလို ဖျားချင်သလိုလို ဖြစ်နေတာ တစ်ပတ်လောက်ရှိနေပြီ။ အပူချိန်က 36.5, 36.6 နားမှာ ဝဲနေတယ်။ ဖျားတဲ့ထိရောက်လားဆိုတော့လဲ မရောက်ပြန်ဘူး။ ညကတော့ thermometer ပဲမကောင်းတာလား၊ တစ်ခါတိုင်း တစ်မျိုးပြပြီး ၃၇ တွေ ဘာတွေ ကျော်သွားတော့ လူက တော်တော်ရူးချင်သွားတယ်။ ဒီမနက်တော့ အဖျားမရှိဘူး။ ရုံးမှာ အဝင်အထွက်တိုင်းတဲ့ thermometer ကတော့ အိမ်မှာဘာပြပြ သူက 35.6 ကနေ မတက်ဘူး။

Diary ရေးနေတုန်းပဲ နောက်တစ်ပတ်က စပြီး work-from-home စပါပြီလို့ order ရောက်လာတယ်။ စိတ်ထဲ နည်းနည်းတော့ ပေါ့သွားတယ်။ ဒီနေ့တစ်ရက် ရုံးတက်ပြီးရင် မနက်ဖြန်ကစပြီး အိမ်မှာနေလို့ ရပြီလေ။

Thursday, March 26, 2020

Covid Diary Day-1 26-Mar

Diary မရေးတာ ဆယ်စုနှစ်တစ်စုမကတော့ဘူး။ အခုအချိန်မှာတော့ပြန်ရေးသင့်ပြီလို့ထင်လို့ ဒီနေ့ ပြန်စရေးဖြစ်တယ်။ Covid Dirary ဆိုတဲ့နာမည်အတိုင်း အခုလက်ရှိဖြစ်နေတဲ့ ကပ်ရောဂါနဲ့ပတ်သက်တဲ့ ခံစားချက်တွေပဲ အဓိက ချရေးဖြစ်လိမ့်မယ်။ Dairy Day-1 စလုံးမှာတော့ Covid Day-63 ပေါ့။ မနေ့က လူနာအသစ် ၇၉ ယောက်နဲ့ စလုံးမှာ အမြင့်ဆုံးစံချိန်ဖြစ်သွားတယ်။ အပြင်က ပြန်သယ်လာတဲ့ လူနာတွေ များသလို ပြည်တွင်းမှာပဲကူးစက်ခံရတဲ့ လူနာတွေလဲ ရုတ်တရက် တော်တော်များသွားတယ်။ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင်တော့ တော်တော်ကြီး ထိန်းထားနိုင်တယ်ပြောရမယ်။ USA က ရောဂါကူးစက်မှုနှုန်း အမြင့်ဆုံး . တစ်ရက်ကို လူ တစ်သောင်းနှစ်ထောင်ကျော် ကူးခံနေရတယ်။ အီတလီနဲ့ စပိန်က သေနှုန်းအမြင့်ဆုံး တစ်ရက်ကို လူ၆၀၀ ကျော်သေနေတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရောဂါကူးစက်ခံရသူပေါင်း လေးသိန်း ခုနစ်သောင်းနီးပါး ဖြစ်သွားပြီ။ မြန်မာနိုင်ငံမှာတော့ ခုလက်ရှိ ၃ ယောက်ပဲ ရှိသေးတယ်။

စလုံးမှ မနေ့က ရောဂါကူးစက်ခံရတဲ့သူ ရုတ်တရက်ကြီး ခုန်တက်သွားတာနဲ့ပတ်သက်ပြီး စိတ်မချမ်းသာရဘူးဖြစ်နေတယ်။ ထိန်းနိုင်ပြီလို့ ထင်ရင်းထင်ရင်းနဲ့ကို ထပ်ထပ်တိုးလာတာတွေ တွေ့နေရတယ်။ ဗလီတွေ ရက်အကန့်အသတ်မရှိ ပိတ်တယ်လို့ ကြေငြာတယ်။ အပြင်မှာ လူ၁၀ယောက်ထက် ပိုမစုရအမိန့် ထုတ်ပြန်ထားပြီ။ အလုပ်မှာလဲ Work-from-home အတွက် ပြင်ဆင်နေကြတယ်။ ဖြစ်နိုင်ရင်တော့ ရုံးမလာချင်တော့ဘူး၊ အိမ်ကပဲ အလုပ်လုပ်ချင်နေပြီ။ ဒါပေမယ့် အဖွဲ့အစည်းနဲ့လုပ်ရတာဆိုတော့လဲ သူတို့ ညွှန်ကြားချက်မထုတ်မချင်းတော့ လုပ်နေလာနေရဦးမှာပဲ။

Covid စဖြစ်ကတည်းက ခရီးစဉ်တွေဖျက်၊ လူတွေလဲ မလိုအပ်ပဲ အိမ်ထဲက အိမ်ပြင်မထွက်ရတာ ၂လကျော်ပြီဆိုတော့ ငြီးငွေ့လာပြီ။ ကာကွယ်ဆေး မထွက်မချင်း ထိုးမပြီးမချင်းတော့ ဒီလိုပဲဆက်သွားနေရဦးမယ်။ ကာကွယ်ဆေး မြန်မြန်ထွက်ပါစေ၊ မြန်မြန်ထိုးနိုင်ပါစေပဲ ဆုတောင်းနေရတော့မှာပဲ။