Friday, September 28, 2007

ရာဇ၀င်များရဲ့သတို့သမီး

ခေတ်အဆက်ဆက်ရဲ့ အသက်သွေးကြော၊ ဘ၀တို့ စီးဆင်းရာ၊ ယဉ်ကျေးမှုတို့မွေးဖွားရာ၊ မြို့တော်ဟောင်းတို့ရဲ့ သင်္ချိုင်း၊ အမိမြန်မာရဲ့ မွေးချင်း ညီအစ်မ ... “ဧရာဝတီ”။ သူဟာလဲ တို့အားလုံးရဲ့ မိခင်ပါပဲ။ ခေတ်အဆက်ဆက်၊ ရာဇ၀င်ပေါင်းများစွာနဲ့ အပြုံးမပျက် လက်ဆက်ခဲ့တယ်။ ခေတ်တွေ သာပြောင်းသွားတယ် သူကတော့ ဆက်လက် စီးဆင်းနေမြဲ ...


ဒါက အကောက်တောင်ပေါ်ကနေ ရိုက်ထားတဲ့ပုံပါ။


ထုံးဘိုမှ အကောက်တောင်ကို သွားနေတုန်း ရိုက်ထားတာ


မြစ်ကမ်းပါးက ဘုရားဆင်းတုတွေ (Exposure meter ကြောင်သွားလို့ lighting burn ဖြစ်သွားတယ်)


ထုံးဘို ဆိပ်ကမ်းမှာ သင်္ဘောတွေ ကပ်ထားတယ်


ထုံးဘိုဆိပ်ကမ်း


အာဇာနည်ခေါင်းဆောင်ကြီး သခင်မြရဲ့ မွေးရပ်မြေ၊ ထုံးဘိုမြို့

အဖေ့အိမ်


ဒါ အဖေ့အိမ်ပေါ့။ အရင်တုန်းကတော့ မောင်နှမတွေ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားဖူးကြတယ်။ ၀မ်းနည်းစရာတွေနဲ့လဲ ကြုံဖူးကြတယ်။ ခုတော့ တိတ်ဆိတ်ငြိမ်သက်နေလေရဲ့။

ကျွန်တော့်ရဲ့မြို့တော်


အိမ်က ယူလာတဲ့ hard-drive ကို အခုမှပဲ မမေ ကောင်းမှုနဲ့ သူ့ external HDD drive ငှားပြီးတော့ file တွေ ပြန်ဖွင့်ဖြစ်တယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်တုန်းက Sakura Tower အပေါ်ဆုံးထပ်ကနေ ရိုက်ယူထားတဲ့ ပုံလေးတွေ့လို့ အမှတ်တစ်ရ ပြန်တင်မိတယ်။ ဒီရက်ပိုင်းလဲ Sakura Tower ပေါ်ကနေ ရိုက်ထားတဲ့ပုံတွေ ကြည့်နေရတာ များပြီ။ အပြောင်းအလဲလေးပေါ့။ ကျွန်တော့်မြို့တော်ရန်ကုန်ဟာ အခုရော အဲဒီလို စိမ်းစိုနေတုန်းပဲလား။ လှပနေတုန်းပဲလား လို့ တွေးနေမိတယ်။ ဟိုနေ့က GTalk မှာ Status ကို “စိမ်းနေဦးမည့် ကျွန်တော့်မြေ” လို့ တင်ထားမိတော့ သူငယ်ချင်းတစ်ယောက်က လှမ်းအော်တယ် ... “စိမ်းတော့စိမ်းတယ် ... ပုတ်သင်ညိုစိမ်း” တဲ့။

Wednesday, September 12, 2007

ဗိုလ်အုန်းသီး

ခုရက်ပိုင်း အင်တာနက်ထဲ လျှောက်သွားရင်း paddle car လှလှလေးတွေတွေ့လို့ ငယ်ငယ်တုန်းက စီးခဲ့ရတဲ့ ဗိုလ်အုန်းသီး သုံးဘီး၊ လေးဘီး၊ ဂျစ်ကားလေးတွေကို သတိရတာနဲ့ ပြန်တင်ပေးလိုက်တာ။ ငစနေ သူငယ်ပြန်နေပြီလို့တော့ မပြောနဲ့ပေါ့ဗျာ။





Tuesday, September 11, 2007

nine - eleven

ဒီ art-work ကတော့ ငစနေကိုယ်တိုင် ရုံးက presentation တစ်ခုအတွက် create လုပ်ထားတာလေးပါ။

KL သို့အလည်တစ်ခေါက် - ၄ ကိုရေးပြီး publish လုပ်လိုက်တော့ ပထမဆုံး သတိထားမိတာက post ရေးတဲ့ နေ့စွဲပါ။ Tuesday, September 11, 2007 လို့ တွေ့လိုက်ရတဲ့အတွက် အော် ... 9-11 တောင် တစ်နှစ်ထပ်ရောက်လာပြန်ပြီ လို့ တွေးမိပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်တုန်းက အဲဒီနေ့ဟာ ကမ္ဘာကို တုန်လှုပ်စေခဲ့တဲ့ နေ့ပေါ့။ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၉ ရက် နံနက် ၈း၄၆ မှာ ခရီးသည်တင် လေယာဉ်ကြီးတစ်စင်း ဟာ ခပ်နိမ့်နိမ့် ပျံဝဲလာပြီး North Tower of the World Trade Centre (WTC1) ကို တည့်တည့်ကြီး ၀င်တိုက်ပစ်လိုက်ပါတယ်။ အိပ်ချင်မူးတူးဖြစ်နေတဲ့ New York မြို့သူမြို့သားတွေ လန့်နိုးကုန်ကြပါတယ်။ ၅ မိနစ်အတွင်းမှာပဲ World Trade Centre Twin Towers နားမှာ မီးသတ်ကားတွေ လူနာတင်ယာဉ်တွေ၊ ရဲပတ္တရောင်ကားတွေ ပြည့်နှက်သွားပါတယ်။ WTC1 ကို လေယာဉ်တစ်စင်း ၀င်တိုက်တယ်ဆိုတာ သိလိုက်ပေမယ့် ဘယ်ကလာတဲ့လေယာဉ်လဲ ဘယ်လိုဖြစ်လို့ ၀င်တိုက်တာလဲဆိုတာ ဘယ်သူမှ မသိကြပါ။ သတင်းဌာနတွေက သတင်းတွေ ဆက်တိုက် လွှင့်ပေးကြပါတယ်။ တစ်ဆက်တည်းမှာပဲ California ကိုသွားတဲ့ လေယာဉ် ၄ စီး မနက် စောစောပိုင်းတုန်းက ပြန်ပေးဆွဲခံရတယ် ဆိုတဲ့ သတင်းနဲ့ အခု ၀င်တိုက်တဲ့လေယာဉ်ဟာ အဲဒီ လေယာဉ် ၄ စီးထဲက တစ်စီးဖြစ်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်လာပါတယ်။

ပြောနေဆိုနေကြတုန်းမှာပဲ မနက် ၉း၀၂ မှာ နောက်ထပ် လေယာဉ်တစ်စီး ထပ်ပေါ်လာပြီး South Tower (WTC2) ကို ထပ် ၀င်တိုက်လိုက်ပြန်ပါတယ်။ ဒါဟာ တိုက်ဆိုင်မှုတစ်ခု မဟုတ်မှန်း လုံးဝ သေချာခဲ့ချိန်မှာတော့ အချိန်ဟာ အတော်လေး နောက်ကျခဲ့ပါပြီ။ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ညီနောင်ဟာ မီးခိုးတလူလူနဲ့ ကြီးကျယ်တဲ့ ထိခိုက်ပျက်စီးမှုကို ခံစားလိုက်ရပါပြီ။ နောက် ၃၅ မိနစ်အကြာ နံနက် ၉း၃၇ မှာ Pentagon စစ်ဌာနချုပ်ကို နောက်ထပ် ခရီးသည်တင်လေယာဉ်တစ်စီး ၀င်တိုက်လိုက်ပြီလို့ သတင်းဌာနတွေက ကြေငြာလိုက်တဲ့ အချိန်မှာတော့ လူတွေဟာ ဆောက်တည်ရာမရ လှုပ်ရှားကုန်ကြပါတော့တယ်။ ဘာတွေဖြစ်ကုန်ပြီလဲ ... ကမ္ဘာ့စီးပွားရေးအချက်အခြာ၊ ကမ္ဘာ့ စစ်ရေးနဲ့ မဟာဗျူဟာ ထိပ်တန်း အချက်အခြာနေရာတွေကို လူတစ်စုက စနစ်တကျ အကွက်ကျကျ စီစဉ်ပြီး တိုက်ခိုက်လိုက်ပြီဆိုတာ ထင်ရှားနေပါပြီ။ ဒါပေမယ့် သူဘယ်သူလဲ ... ဘယ်ကနေပြီးတော့ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ တိုက်ခိုက်မှုမျိုးကို ပြုလုပ်ခဲ့တာလဲ၊ ဒီကိစ္စကို ဘာမဆို အမြဲတမ်း ကြိုသိနေပါတယ် ဆိုတဲ့ FBI, CIA, NSA ဌာနတွေက ဘာလို့ ကြိုမသိခဲ့ကြတာလဲ ဆိုတာကိုတော့ ဘယ်သူမှ အဖြေမပေးနိုင်ကြပါဘူး။ သူတို့ သိတာဆိုလို့ North Tower ကို ၀င်တိုက်တဲ့လေယာဉ်ဟာ American Airline က Boeing 767-233ER အမျိုးအစား၊ Boston ကနေ Los Angeles ကို ထွက်ခွာလာတဲ့ Flight No. 11 လေယာဉ်၊ South Tower ကိုဝင်တိုက်တဲ့ လေယာဉ်က United Airlines က Boeing 767-222 အမျိုးအစား Boston ကနေ Los Angeles ကိုထွက်ခွာလာတဲ့ Flight No. 175 လေယာဉ်၊ Pentagon ကို ၀င်ဆော်သွားတာကတော့ American Airline ရဲ့ Boeing 757-233 အမျိုးအစား Flight No. 77 လေယာဉ်တွေ ဖြစ်တယ်ဆိုတာနဲ့ လေယာဉ်ပေါ်က ခရီးသည်တွေ တစ်ယောက်မကျန် အသက်ဆုံးရှုံးကုန်တယ် ဆိုတာပဲ ရှိပါတယ်။

နံနက် ၉း၅၉ မိနစ်မှာ ဒုတိယမြောက် ၀င်တိုက်ခံရတဲ့ South Tower (WTC2) ဟာ ၀င်တိုက်လိုက်တဲ့ လေယာဉ်က လေယာဉ်ဆီ ဂါလံ ၂၀,၀၀၀ ကျော်နဲ့ ၅၆ မိနစ်ကြာ မီးလောင်ကျွမ်းခံရပြီးတဲ့နောက် ခံနိုင်ဝန်အား ဆုံးရှုံးမှု (structural failure) ကြောင့် ပြိုကျပျက်စီးသွားပါတော့တယ်။ North Tower (WTC1) ဟာလဲ နံနက် ၁၀း၂၈ မှာ (structural failure) နဲ့ပဲ ပြိုကျ ပျက်စီးသွားပါတယ်။ Tower နှစ်ခုထဲမှာ မီးလောင်မှုကြောင့် ပိတ်မိနေသူတွေ၊ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ ကြိုးစားနေတဲ့ မီးသတ်သမားတွေ၊ North Tower ကို လေယာဉ်ဝင်တိုက်ခံရချိန်မှာ ပထမဦးဆုံးရောက်လာတဲ့ ကယ်ဆယ်သူတွေ အားလုံးဟာ မျှော်စင်ညီနောင်ရဲ့ အပျက်အစီးပုံအောက်မှာ မရှုမလှ အသက်ပျောက်ခဲ့ရပါတယ်။ နောက်ဆက်တွဲအနေနဲ့ အနီးဆုံးမှာရှိနေတဲ့ Tower No. 7 (WTC7) ဟာလဲ မျှော်စင်ညီနောင်ပြိုကျမှုကနေ ထွက်ပေါ်လာတဲ့ အပျက်အစီးအပိုင်းအစတွေ ရိုက်ခတ်ခံရတဲ့ဒဏ်ကြောင့် ညနေ ၅း၂၀ မှာ ထပ်မံ ပြိုကျခဲ့ရပြန်ပါတယ်။ ဒီကိစ္စကို စီစဉ်ခဲ့တဲ့သူတောင်မှ ဒါကို အံ့သြကောင်း အံ့သြနေပါလိမ့်မယ်။ ဒါပေမယ့် ပျက်စီးမှုကတော့ ကြောက်ခမန်းလိလိပါပဲ။

to be continue ...

KL သို့အလည်တစ်ခေါက် - ၎

ကဲဗျာ။ တစ်ခြားဟာတွေ အသာထားပြီး KL ကိုပဲ ဆက်သွားရအောင်။

ရထားက ဖြည်းဖြည်းပဲ မောင်းပါတယ်။ အပြင်မှာကတော့ မိုးက ရွာလိုက် ရပ်လိုက်ပါပဲ။ နေရာကွက်ကြား ရွာနေတာ ဖြစ်မယ်လို့ပဲ ခန့်မှန်းရပါတယ်။ သီချင်းနားထောင်ချင်နေပေမယ့် ဖုန်းက battery က ကုန်လုနီးပါး ဖြစ်နေတာနဲ့ အသာလေး switch-off လုပ်ပြီး အိတ်ထဲထည့်ထားလိုက်ရပါတယ်။ တော်ကြာ မနက် အရေးပေါ် ဆက်စရာကြုံတဲ့အချိန် battery ဒေါင်းသွားမှ ဒုက္ခရယ်။ ငစနေလဲ ပါလာတဲ့ စာအုပ်လေးဖတ်လိုက်၊ ဘီစကွတ်မုန့်လေး စားလိုက် ရေလေးသောက်လိုက် လုပ်နေပေမယ့် ည ၁ နာရီလောက်ရောက်တော့ မျက်လုံးက ဘယ်လိုမှ ဖွင့်မရတော့တာနဲ့ အိပ်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ ရထားက အချိန်စာရင်းအရ ငစနေဆင်းမယ့်ဘူတာကို မနက် ၆း၁၈ မှာ ၀င်မှာမို့ လက်ပတ်နာရီမှာ ၅း၄၅ alarm ပေးထားလိုက်ပြီး စိတ်ချလက်ချ အိပ်လိုက်ပါတော့တယ်။ မနက် နာရီ alarm သံကြားလို့ နိုးတော့ ကိုယ်စီးတဲ့ တွဲတစ်တွဲလုံး ဘယ်သူမှ မထကြသေးပါဘူး။ အပြင်မှာတော့ လင်းစပြုနေပါပြီ။ မကြာခင်မှာပဲ ရထားက အရှိန်နှေးလာပြီး ဘူတာတစ်ခုကို ၀င်ပါတယ်။ နာမည်ကို ကြည့်လိုက်တော့ Seremban လို့ ရေးထားတာနဲ့ ငစနေ ဆင်းရမယ့် ဘူတာမဟုတ်သေးဘူးဆိုပြီး အသာ ထိုင်နေလိုက်ပါတယ်။

မနက် ၆း၂၀ ရှိသွားပါပြီ ရထားကြီးကတော့ သွားလို့ကောင်းတုန်းပါပဲ။ ငစနေ့ စိတ်ထဲမှာတော့ ... အင်းပေါ့လေ ... နည်းနည်း နောက်ကျတာ ဖြစ်မှာပေါ့လို့ တွေးမိပါတယ်။ ၆း၃၀ ... ၆း၄၀ လောက်ကျတော့ ငစနေ စိတ်ပူလာပါတယ်။ ကိုယ်ဆင်းရမယ့် ဘူတာများ ကျော်သွားပြီလားလို့ စိတ်ထဲက တွေးမိပါတယ်။ ရထားပေါ်က လူတွေကတော့ အိပ်တဲ့သူက အိပ်တုန်း။ တစ်ချို့လဲ ခြေဆန့်လက်ဆန့် ... အိမ်သာသွားတဲ့သူကသွား နဲ့ သူတို့ကတော့ ပုံမှန်အတိုင်းလိုပါပဲ။ ငစနေ စီးတဲ့ရထားက Singapore - Kuala Lampur Night Express train ပါ။ KL မှာ ဂိတ်ဆုံးပါတယ်။ ငစနေ ဆင်းမယ့်ဘူတာက KL မရောက်ခင် ၁ ဘူတာအလို Kajang ဘူတာပါ။ KL နဲ့ 20 Km ပဲ ဝေးပါတယ်။ တစ်ကယ်လို့ ဘူတာကျော်သွားရင်တောင်မှ အခု ခုတ်နေတဲ့အရှိန်နဲ့ဆိုရင် KL ကို ရောက်ဖို့ကောင်းနေပြီမို့ KL ကိုများ ကျော်ပြီးတော့ Ipoh ဘက်အထိ ဆက်သွားနေပြီလားလို့ လန့်သွားမိပါတယ်။ တစ်ကယ် ဟုတ်တယ်ဆိုရင်တော့ Ipoh မှာပဲ ဆင်းပြီး Telok Intan မှာနေတဲ့ အစ်မကိုပဲ ဖုန်းဆက်ပြီး လာခေါ်ခိုင်းရ ကောင်းမလား ဘာလားနဲ့ စိတ်ထဲမှာ ယောက်ယက်တွေ ခတ်ကုန်ပါတော့တယ်။


Map of Malaysia and the rail-road across Malay Peninsula

အဲဒီအချိန်မှာပဲ ရထားကြီးက ဥသြတစ်ချက်ဆွဲပြီး အရှိန်လျှော့လိုက်ပါတယ်။ နောက်တစ်ဘူတာ ၀င်ခါနီးပါပြီ ... နာမည်ကို ကမန်းကတန်း ဖတ်ကြည့်လိုက်တော့ ... ဟုတ်ကဲ့ Kajang Station ပါခင်ဗျာ။ အဲဒီတော့မှပဲ ငစနေ့ရင်ထဲက အလုံးကြီး ပြုတ်ကျသွားပါတော့တယ်။ အချိန်ကတော့ မနက် ၆း၄၇ ပါခင်ဗျာ။ ၂၉ မိနစ်တိတိ နောက်ကျပါတယ်။ ခရီးသည်တွေကတော့ ရထားနောက်ကျတာကို အဆန်းမဟုတ်သလိုပဲ လုပ်စရာရှိတာလုပ်ကြ၊ ဆင်းတဲ့သူဆင်း အိပ်တဲ့သူ အိပ်ပါပဲ။ ဘူတာထဲက ထွက်လာတော့ အပြင်မှာ ငစနေ သိတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ လာသာလာခဲ့ပါ ... ငါကျိန်းသေပေါက် လာကြိုပါ့မယ် လို့ အာမဘန္တေခံထားတဲ့ အစ်မ၀မ်းကွဲရော ... သူ့အမေ၊ ငစနေ့အဒေါ်ရော ... ဘယ်သူမှ မရှိပါ။ အဲဒါနဲ့ပဲ အိတ်ထဲက ဖုန်းကို ပြန်ထုတ်ပြီး switch-on လုပ်၊ ငစနေ့ အဒေါ် ဖုန်းကို လှမ်းခေါ်လိုက်တော့မှ ... သားရေ ... ခဏစောင့်ဦး၊ အန်တီ အိမ်ခဏပြန်နေလို့။ နောက် ၅ မိနစ်ဆိုရောက်မယ် လို့ အန်တီက လှမ်းပြောပါတယ်။ ၅ မိနစ်လောက် အကြာမှာပဲ ငစနေ့ရှေ့နားကို Proton Wira မီးခိုးရောင်လေး ထိုးရပ်လာလို့ ကြည့်လိုက်တော့ အန်တီကိုယ်တိုင် ကားမောင်းပြီး ငစနေ့ကို ပြန်လာခေါ်တာ ဖြစ်နေပါတယ်။ အဲဒီတော့မှ အန်တီက သူ မနက် ၆ နာရီကတည်းက စောင့်နေတဲ့အကြောင်း ၆ နာရီခွဲလောက် ကျတော့မှ ဘူတာက ၀န်ထမ်းကိုမေးကြည့်တော့ နောက်ကျဦးမယ်ဆိုတာနဲ့ အိမ်ခဏပြန်ပြီး သမီးကြီး ကို ရုံးလိုက်ပို့ပေးနေရကြောင်း အခု သူ့ရုံးကနေ တစ်ဆက်တည်း ၀င်ခေါ်တာ ဖြစ်ကြောင်း ရှင်းပြပါတယ်။

Tuesday, September 04, 2007

we cried together that night

ငစနေတစ်ယောက် စိတ်ထဲမှာ အကြည်ဓါတ်သိပ်မရှိတာနဲ့ blog ကိုပစ်ထားခဲ့တာ ကြာပါပြီ။ သူငယ်ချင်းတွေက စီဘောက်စ်ကနေတစ်မျိုး၊ GTalk ကနေတစ်ဖုံ စာပြန်ရေးဖို့ အမျိုးမျိုးပြောကြပေမယ့် ငစနေတစ်ယောက် စာရေးမယ်ဆိုပြီးလုပ်လိုက်တိုင်း ရင်ထဲမှာရှိတာတွေအတွက် စကားလုံးတွေ ပျောက်ဆုံးနေခဲ့တယ်။ ဒီလိုနဲ့ စနေနေ့ညကပေါ့ ...

အဲဒီ စနေနေ့ည က ငစနေ dinner တစ်ခုကိုသွားတယ်။ church တစ်ခုက လုပ်တဲ့ ဆွေးနွေးပွဲ အောင်မြင်ပြီးဆုံးတဲ့ အထိမ်းအမှတ် dinner ပါ။ ဆွေးနွေးပွဲက အပတ်တိုင်း အင်္ဂါနေ့ ညဘက်မှာ လုပ်ခဲ့ကြတဲ့ အဲဒီဆွေးနွေးပွဲကို ငစနေကတော့ လေ့လာသူအနေနဲ့ သွားတက်တာပေါ့။ ထာဝရ ဘုရားသခင်အကြောင်း၊ ယေရှုသခင်က လူသားတွေကို ကယ်တင်မယ့်အကြောင်း၊ ဆေတန်မိစ္ဆာရဲ့ ဆိုးသွမ်းယုတ်မာပုံတွေ၊ ဆေတန်ရဲ့ရန်က ဘယ်လိုကာကွယ်ရမယ် ဆိုတာတွေ သူတို့ပြောပြကြတယ်။ ပြောပြပြီးတိုင်း အစုငယ်လေးတွေခွဲပြီး သူ့အတွေ့အကြုံ ကိုယ့်အတွေ့အကြုံတွေ ဖလှယ်ကြတယ်။ ၂ လ တိတိ အဲဒီ ဆွေးနွေးပွဲတွေကို အပတ်တိုင်း လုပ်ခဲ့ပြီးတဲ့နောက် အောင်မြင်ခြင်းအထိမ်းအမှတ် ညစာစားပွဲကို စနေနေ့ညက Clementi Bible Center က Chapel of Joy မှာ လုပ်ခဲ့ကြတယ်။

ငစနေရယ်၊ ညီမ၀မ်းကွဲတစ်ယောက်ရယ်၊ သူ့သူငယ်ချင်းတွေရယ် ပြီးခဲ့တဲ့ဆွေးနွေးပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြလို့ ဘုရားကျောင်းကိုလာတဲ့သူတွေအကုန်လုံး မြန်မာ ဆိုတဲ့ အမည်တစ်ခုကို ကောင်းကောင်းသိနေကြတယ်။ သူတို့ထဲမှာ မြန်မာနိုင်ငံကို ရောက်ဖူးတဲ့သူတွေလဲရှိတယ်။ မြန်မာနိုင်ငံအကြောင်းကို ကြားဖူးကြတဲ့သူတွေလဲ ရှိတယ်။ How's the lady doing? လို့ စိတ်ဝင်တစ်စားနဲ့ လာမေးကြတဲ့သူတွေလဲရှိတယ်။ ငါ့အိမ်က maid က မြန်မာလူမျိုးပါ၊ တွေ့ရတာ အရမ်းဝမ်းသာပါတယ်လို့ လာနှုတ်ဆက်တဲ့သူလဲ ရှိပါရဲ့။ ဘာပဲဖြစ်ဖြစ် ဘာတွေပဲလုပ်နေလုပ်နေ မြန်မာတွေဟာ မြန်မာဆိုတဲ့ နာမည်တစ်ခုကို ထိန်းသိမ်းနေတာတွေ့ရတာတော့ ဂုဏ်ယူစရာပါ။ ငါ့ maid က အရမ်း အကျင့်စာရိတ္တကောင်းတာ၊ ကလေးတွေကိုလဲချစ်တယ်၊ လူကြီးတွေကိုလဲ ဂရုစိုက်တယ်။ ဟင်းချက်လဲကောင်းတယ် စသည်ဖြင့် အကောင်းဘက်ကချည်းပဲ မှတ်ချက်ပေးနေတာတွေ ကြားရတာ ဂုဏ်တော့ ယူပါရဲ့၊ ဒါပေမယ့် ငါ့ maid က graduated ဆိုတဲ့ နောက်ဆက်တွဲစကားလေး ကြားရတာတော့ နည်းနည်း အောင့်သီးအောင့်သက် နိုင်လှတယ်။ ဟုတ်ပါတယ်။ စင်္ကာပူမှာ အိမ်ဖော်လာလုပ်နေတဲ့သူတွေထဲမှာ တက္ကသိုလ်ကျောင်းသူတွေ၊ ဘွဲ့ရပြီးသား တွေ ပါနေတွေ့နေရတာ လွန်ခဲ့တဲ့ ၄၊ ၅ လ လောက်ကတည်းကပါ။

အဲ ... လွဲကုန်ပြီ။ အောင်မြင်ခြင်းအထိမ်းအမှတ်ပွဲမှာ ပထမဆုံး ညစာ စားကြတယ်။ ပြီးတော့ ဘုရားရှိခိုးဆုတောင်းသီချင်းတွေ သီဆိုကြတယ်။ ပြီးတော့ သိက္ခာတော်ရ ဆရာတော်တွေက လေ့လာသူအနေနဲ့ တက်ရောက်လာတဲ့သူ တစ်ယောက်ချင်းစီအတွက် ဆုတောင်းပေးကြတယ်။ သိက္ခာတော်ရဆရာတော်က ငစနေ့ဆီလာပြီး ညီမောင်အတွက် ဘာများ ထာဝရဘုရားသခင်ဆီမှာ ဘာများ ဆုတောင်းပေးရမလဲလို့ မေးလာတယ်။ အကုန်လုံးကလဲ စိတ်ဝင်တစား ၀ိုင်းကြည့်နေကြတယ်။ ငစနေ စဉ်းစားတယ်၊ တစ်ကယ်လို့သာ ထာဝရဘုရားသခင်က ငါ့တောင်းဆုကို လက်ခံမယ်ဆိုရင် ငါဘာဆုတောင်းရမလဲ ... ကိုယ့်အတွက် ဘာလိုလဲ။ ... ငစနေ့မှာ လိုအပ်နေတာတွေ အများကြီးပါ။ တစ်ကယ်တောင်းဆုပြည့်မယ် တောင်းသာတောင်းဆိုရင် ငစနေတစ်ယောက် တစ်ထောင့်တစ်ညပုံပြင်ထက်ရှည်အောင် တောင်းလိုက်ချင်ပါရဲ့။ ဒါပေမယ့် အဲဒီညက ငစနေ့အတွေးထဲမှာ လူတွေကို မြင်ယောင်နေတယ်။ လူတွေ ... လမ်းလျှောက်နေကြတဲ့သူတွေ၊ ဆာလောင်မွတ်သိပ်နေကြတဲ့လူတွေ၊ သေနတ်ပြောင်းအောက်မှာ ခေါင်းငုံ့နေရတဲ့လူတွေ၊ သခင်အားရတိုင်း ကျွန်ပါးဝနေတဲ့ သဘောက်သားတွေရဲ့ဖိနပ်အောက်မှာ ပြားပြားဝပ်နေရတဲ့သူတွေ ... ငစနေ့အတွေးထဲမှာ အဲဒီမြင်ကွင်းတွေပဲ ချာချာလည်နေတယ်။

နောက်ဆုံးတော့ သိက္ခာတော်ရ ဆရာတော်ကို ငစနေပြောလိုက်တယ် ... “ငါ့အတွက် ဘာမှမလိုတော့ပါဘူး၊ ကျေးဇူးတင်ပါတယ်” လို့ ... “ဒါပေမယ့် ငါ့ထက် လိုအပ်နေတဲ့သူတွေရှိတယ်။ မင်းသူတို့အတွက် ဆုတောင်းပေးပါ။ လူတွေ ... ငါ့ရဲ့ ညီအစ်ကိုမောင်နှမတွေ ... သူတို့တွေ ခံစားနေရတယ်။ ဒုက္ခရောက်နေကြတယ်။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေကြတယ်။ အချုပ်အနှောင်ခံနေရတယ်၊ သူတို့ကို ကယ်တင်ဖို့၊ ခံစားရတဲ့ ဒုက္ခတွေကလွတ်မြောက်စေဖို့ ထာဝရဘုရားသခင်ဆီမှာ ငါတို့ ဒီညဆုတောင်းရအောင်” လို့ ငစနေ ဆက်ပြောမိတယ်။ သိက္ခာတော်ရ ဆရာတော်ဟာ ငစနေ့ကို အလွန်အံ့သြတဲ့ မျက်နှာနဲ့ ကြည့်နေတယ်။ သူသိတာပေါ့။ သူမြန်မာနိုင်ငံကို သာသနာပြုခရီးတွေ ထွက်ခဲ့ဖူးတာပဲ။ မြန်မာလူမျိုးတွေကို သူသိတာပေါ့။ မြန်မာစကားတောင် အနည်းအကျဉ်း တတ်သေးရဲ့။ ခုရက်ပိုင်း သူ သတင်းတွေ ကြည့်နေတာပဲ။ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေလဲဆိုတာ သူတွေ့တာပေါ့။ ဆရာတော် စပြီး ဆုတောင်းတယ်၊ ထာဝရဘုရားသခင်ကို တိုင်တည်ပြီး ဆုတောင်းတယ်။ အားလုံး လွတ်မြောက်ဖို့၊ ငြိမ်းချမ်းဖို့၊ အမှန်တရားဟာ အမြန်ဆုံးရောက်လာဖို့ .... ငစနေတစ်ယောက် မြင်ကွင်းတွေေ၀၀ါးလာတယ်၊ သူကိုယ်တိုင် မသိလိုက်ခင်မှာပဲ သူငိုနေပြီ။ သန်း၆၀ သော ညီအစ်ကိုတွေ၊ မောင်နှမသားချင်းတွေ၊ အားလုံးအတွက် ငစနေ ငိုခဲ့မိတယ်။ ညီမလေးကို လှမ်းကြည့်လိုက်တော့ သူလဲ ငစနေ့လိုပါပဲလား ... သူ့သူငယ်ချင်းတွေရော .... ဟာ ... သိက္ခာတော်ရဆရာတော်ရဲ့ မျက်ဝန်းမှာလဲ မျက်ရည်တွေ အိုင်ထွန်းနေရဲ့ ... ကျန်တဲ့ သူတွေရော ... ငစနေ အားလုံးကို လှမ်းကြည့်မိတယ်။ လူတွေ အားလုံး ကိုယ့်ထက်တောင်ပိုပြီး သည်းသည်းထန်ထန် ငိုကြွေးနေကြတယ်။

..... ဟုတ်ပါတယ် ... ငစနေတို့ အဲဒီညက အတူတူငိုခဲ့ကြတယ် .....

ထာဝရဘုရားသခင် စောင်မတော်မူပါစေ ... အာမင် ။