Friday, June 17, 2011

ဖျက်မရသောအတိတ် ၈ - မိုးထဲကနှင်း

လွန်ခဲ့တဲ့ ၁၀ နှစ် ဒီအချိန် ဒီလိုသောကြာနေ့မျိုး ... ကျွန်တော် ကျောင်းရောက်တော့ စည်သူနှင့်အတူ လူစိမ်းတစ်ယောက်ကိုတွေ့သည်။ ဖိုးစနေတို့လို နောက်ဆုံးနှစ်ကျောင်းသားတွေအဖို့ တစ်ချက်ကြည့်ပြီး ကိုယ့်ကျောင်းကဟုတ်မဟုတ် ခွဲခြားရသည်မှ သိပ် ခက်လှသည်တော့မဟုတ်။ စည်သူက မိတ်ဆက်ပေးသည်။ သူ့သူငယ်ချင်း .. ကျောင်းကို အလည်ခေါ်လာတာဟုပြောသည်။ ဒီကောင့်ကို စမြင်တာနဲ့ ကြည့်လို့မရ၊ ခုလဲ မိတ်ဆက်ပေးတာနှင့် အာကျယ်အာကျယ် တန်းလုပ်သည်။

... အေးဗျာ ... ခင်ဗျားတို့ကျောင်းက စော်တစ်ပွေ နာမည်ကြီးတယ်ဆိုလို့ လာကြည့်တာ၊ ကျွန်တော်လိုက်သမျှ ကျွန်တော့်ကို ပြန်မကြိုက်တဲ့စော် မရှိသေးဘူး ... ခင်ဗျားရော အဲဒီကျောင်းသူကို သိလား ... မော်ဒယ်တွေဘာတွေလုပ်တယ်လေ ...

တော်တော်လေး နှာကစ်သွားသည်။ ... မသိပါဘူးဗျာ .. အားအားယားယား ... ။ မျက်နှာပြောင် ငကြောင်ကောင်ရှေ့မှာ ဆက်မနေချင်တာနဲ့ ထွက်လာခဲ့သည်။

ပထမအချိန်ပြီးပြီ။ ဒုတိယအချိန်ကို အတန်းလစ်ပြီးကန်တင်းအသွား ကျောင်းခန်းတစ်ခုရှေ့မှာ ပိုက်ဆံအိတ်လေးတစ်လုံးကျနေသည်။ မိန်းကလေးတွေ ကိုင်လေ့ရှိသော ပိုက်ဆံအိတ်မျိုးဖြစ်သဖြင့် ဖွင့်ပြီး ကျောင်းသားကတ်ကို ရှာကြည့်လိုက်သည်။ မကေခိုင်နှင်း၊ ဒုတိယနှစ် ...... သြော် နှင်းရဲ့ပိုက်ဆံအိတ်ပဲ၊ ဒီကောင်မလေး နမော်နမဲ့။ အတန်းထဲကို လှမ်းကြည့်လိုက်တော့ နှင်းမရှိ။ ပိုက်ဆံအိတ်လေးကို ဘောင်းဘီအိတ်ထဲအသာထည့်ပြီး ကန်တင်းသို့ဆင်းလာခဲ့သည်။ ကန်တင်းရောက်တော့ နှင်းတို့ သူငယ်ချင်းတသိုက် နှင့် စောစောက ငကြောင်၊ နှင်းဘေးမှာ အတင်းကပ်ထိုင်ပြီး မျက်နှာပြောင်တိုက်နေသည်။

ကန်တင်းထဲဝင်ပြီး နှင်းနောက်နားမှာ သွားရပ်လိုက်သည်။

... နှင်းလေး ... အတန်းလစ်နေတယ်ပေါ့လေ။ ...

... ဟယ် .. ကိုကို ... သူကျတော့ အတန်းမလစ်တာကျနေတာပဲ။ လာလာ ဒီမှာထိုင် ...

ချက်ချင်း နှင်းက ကျွန်တော့်လက်ကိုဆွဲပြီး သူနှင့် ဟိုငနာကောင်ကြားတွင် ဝင်ထိုင်ခိုင်းသည်။ နှင်းက ကျွန်တော့်သူငယ်ချင်းရဲ့ ညီမဝမ်းကွဲ၊ ၂ နှစ်ငယ်သည်။ ကျောင်းရောက်မှ သိကျွမ်းပြီး သိပ်မခင်ပါ။ နှုတ်ဆက်စကားလောက်ကလွဲလို့ ဘာမှသိပ်မပြောဖြစ်။ ဒါပေမယ့် စတွေ့ကတည်းက နှင်းက ကျွန်တော့်ကို သူ့အစ်ကိုကို ခေါ်သည့်အတိုင်း ကိုကို ဟုသာခေါ်သည်။ ကျွန်တော်ကလဲ သူ့ကို သူ့အစ်ကိုခေါ်သလို နှင်းလေး ဟုသာခေါ်ဖြစ်သည်။ ဒီလောက်မရင်းနှီးပေမယ့် လက်ဆွဲပြီး ဝင်ထိုင်ခိုင်းလိုက်ကတည်းက ကျွန်တော် အထာပေါက်သွားပြီ။ ဟိုကောင့်ကို ကစ်ပေတော့ ...

... နှင်းလေး ... ကိုကို နှင်းလေးကို လက်ဆောင်ပေးစရာရှိတယ်။ ကိုကို့ကို မုန့်ဝယ်ကျွေးမလား ...

... ဟယ်!!! တစ်ကယ်??? ဝယ်ကျွေးမှာပေါ့ .. ကိုကိုစားချင်တာပြော နှင်းဝယ်ကျွေးမယ်။ ... နှင်းမွေးနေ့လဲ မရောက်သေးပဲနဲ့ ဘာလက်ဆောင် ပေးမလို့လဲ ...

... မျက်စိမှိတ် လက်ဖြန့် ... ဖြန့်ထားသော နှင်းလက်လေးကို ဆွဲယူပြီး နှင်းပိုက်ဆံအိတ်လေးကို ထည့်ပေးလိုက်သည်။ ... ဖွင့်တော့ ရပြီ။ ...

... ဟယ်!! ပိုက်ဆံအိတ်လေး၊ နှင်းမှာလဲ ဒါမျိုးအိတ်လေးရှိတယ်၊ တပုံစံတည်းပဲ ...

... သေချာလဲ ဖွင့်ကြည့်ပါဦး ... နှင်း ပိုက်ဆံအိတ်လေးကို ဖွင့်ကြည့်သည်။ အထဲမှာ ကျောင်းသားကတ်၊ ပိုက်ဆံနှင့် နှင်းဓါတ်ပုံတွေ။

... အယ် ... ဒါနှင်းအိတ်ပဲ။ ကိုကို့ဆီ ဘယ်လိုရောက်နေတာလဲ ...

... အတန်းပေါက်ဝမှာ ကျနေတာတွေ့လို့ ကောက်လာတာ ...

... နှင်းပိုက်ဆံအိတ်မှန်း ကိုကိုက သိလို့လား ...

... အင်းပေါ့ သိလို့ကောက်လာတာပေါ့ ...

... thanks ကိုကို ...

ဝုန်း ... ဘေးကငကြောင် ရုတ်တရက် ထရပ်လိုက်သည်။ ... နှင်း .. ကိုယ်ပြန်တော့မယ်။ ...

... သြော် ကိုကျော်စွာ။ ပြန်တော့မလို့လား။ စောစောကပြောတော့ ကျောင်းဆင်းတဲ့ထိ နေမယ်ဆိုလားလို့ ...

... ဟုတ်တယ်နှင်း ... အစကတော့ ကျောင်းဆင်းတဲ့ထိနေပြီး အိမ်ထိ လိုက်ပို့မလို့ပဲ။ ခုတော့ မလိုအပ်တော့မှန်းသိသွားပြီ၊ ပြန်လိုက်ပါဦးမယ် ...

... ကောင်းပါပြီတဲ့ရှင် ... နောက်လဲ အားရင် လာလည်နော် ... ဟိဟိ ...

ဆောင့်ကြီးအောင့်ကြီးလှည့်ထွက်သွားသော ငကြောင်ကောင်ကိုကြည့်ရင်း ကျွန်တော်တို့တွေ ရီမိသည်။ နှင်းက ကျွန်တော့်လက်ကိုတော့ ပြန်မလွှတ်။ cut လို့အော်ပေးမည့် ဒါရိုက်တာဘယ်နားရောက်နေမှန်းမသိ။

နောက်တစ်ပတ်ကစပြီး ကျွန်တော် ကျောင်းမတက်တော့။ အတန်းတင်စာမေးပွဲနီးပြီမို့ private study ယူလိုက်သည်။ နှင်းနဲ့လဲ မတွေ့ဖြစ်တော့။

အဲဒီလိုနှင့် တစ်နှစ်ခန့်ကြာသွားသည်။ ဇွန်လ၏ မိုးတွေသည်းနေသော ရက်တရက်၊ ကောင်မလေးတစ်ယောက် ကျွန်တော့်ရှေ့မှာ လျှောက်လာသည်။ မိုးသည်းတွေထဲမှာ ထီးလဲမပါ၊ မိုးရေတွေ တစ်ကိုယ်လုံးရွှဲလို့။ နှင်း ... ကျွန်တော် သူ့ကို ထီးမိုးပေးလိုက်သည်။

... ကိုကို ... ကိုယ့်ဟာကိုယ်ပဲဆောင်းတော့။ နှင်းက စိုပြီးသား ကိုကို့ကိုပါ စိုကုန်မယ်။ ..

...မတွေ့တာကြာပြီနှင်း ... ဘာတွေလုပ်နေလဲ။ ...

... ဒီလိုပါပဲကိုကိုရယ်။ အိမ်နဲ့ သိပ်အဆင်မပြေလို့ ခု ဒီလမ်းထဲမှာ နှင်းတစ်ယောက်တည်း ငှားနေတယ်။ နောက် အားရင် လာလည်ပေါ့ ...

ပြောပြီး နှင်း လမ်းထဲကို ပြေးဝင်သွားသည်။ ကျွန်တော် လိုက်မဝင်သွားမိ။

နောက် သုံးလခန့်အကြာ နှင်းအစ်ကို ကျွန်တော့်သူငယ်ချင်းနှင့် ပြန်တွေ့ဖြစ်သည်။ စကားစပ်မိပြီး နှင်းနဲ့တွေ့ကြောင်း အိမ်မှာမနေဘူးလို့ပြောတယ်။ မင်းညီမ ဘာတွေဖြစ်နေတာလဲလို့ မေးမိသည်။

... နှင်းဆုံးသွားပြီကွ။ ပုဇွန်တောင် Trade Center ဗုံးပေါက်တုန်းက သူက အဲဒီရှေ့တည့်တည့် stage ပေါ်မှာ catwalk လျှောက်နေတာ။ ဗုံးပေါက်တဲ့နေရာနဲ့ သူနဲ့အနီးဆုံးပဲ။ ... ညီမလေးကို အစအနတောင် ပြန်မရလိုက်ဘူးကွာ ...

ပုဇွန်တောင် Trade Center ဗုံးပေါက်တာ မေလဖြစ်ပါသည်။ ကျွန်တော်နှင်းနဲ့ မိုးရေထဲမှာဆုံမိတာက ဇွန်လဖြစ်သည်။ အဲဒီအကြောင်း ကျွန်တော် သူ့ကို မပြောဖြစ်ပါ။

ဒီလိုနဲ့ နှစ်တွေကြာခဲ့သည်။ ဒီနေ့ ဘာမှ မတိုက်ဆိုင်ပါပဲ သတိရမိသည်။