Showing posts with label စိတ်ကူးသက်သက်များ. Show all posts
Showing posts with label စိတ်ကူးသက်သက်များ. Show all posts

Tuesday, December 18, 2007

မူတူးဆာမိစံ

ဒီ post ကို ရေးမယ်လို့ စဉ်းစားနေတာ ကြာပါပြီ။ မူရင်းဝတ္ထုကို အစအဆုံး စဉ်းစားလို့ မရသေးတာနဲ့ ကြာနေတာ။ ခုတော့ စဉ်းစားလို့ ရသလောက်လေးပဲ ဖြတ်ပြီး တင်လိုက်တော့တယ်။ တစ်ရက်က ကျွန်တော်တို့ သူငယ်ချင်းတွေဆုံကြတော့ စပ်မိစပ်ရာပြောကြရင်းနဲ့ ကိုယ့်အလုပ်အကြောင်း ကိုယ်ပြောဖြစ်ကြတယ်။ များသောအားဖြင့်ကတော့ အလုပ်ထဲမှာ သိပ်အဆင်မပြေကြတဲ့အကြောင်း၊ သူဌေးက ကပ်တဲ့အကြောင်း၊ အထက်ကလူက ကိုယ့်ကို သူများလောက် တန်းတူအခွင့်အရေးမပေးတဲ့အကြောင်း စသည်ဖြင့်ပေါ့ ... မကောင်းတာချည်းပဲပြောလို့ အလုပ်တွေအကုန် မကောင်းဘူးလို့တော့ မဟုတ်ပါဘူးဗျာ။ ကောင်းတဲ့နေရာတွေလဲ ကောင်းပါတယ်။ ဒါပေမယ့် လူများရှေ့သွားပြီး ငါ့အလုပ်က ဘယ်လောက်ကောင်းတာလို့ပြောနေရင် အသားလွတ် လွှတ်ကြွားသလိုဖြစ်နေမှာ စိုးကြတော့ မကောင်းတာတွေပဲ ပြောကြတာပေါ့။ ပြီးတော့ စိတ်ထဲမှာ မကျေနပ်တာလေးတွေ ပြောလိုက်ရတော့ ပေါ့သွားတာပေါ့။ အဲဒီမှာ သူငယ်ချင်းတစ်ယောက်က မင်းတို့ ဒီသီချင်း နားထောင်ပြီးပြီလား ဆိုပြီးတော့ သူ့ဖုန်းထဲက သီချင်းတစ်ပုဒ်ကို ဖွင့်ပြတယ်။ 9MM ရဲ့ သီချင်းသံစဉ်ကို စာသားပြောင်းထားတဲ့ သီချင်းတစ်ပုဒ်ပါ။ ဘွဲ့ရတောသားတစ်ယောက် ရှိသမျှ ရောင်းချပေါင်နှံပြီး မလေးရှားကို အလုပ်လုပ်ဖို့ ထွက်လာတဲ့အကြောင်းလေး ဆိုထားတာပါ။ ရီရပေမယ့် ခါးလည်းခါးတယ်။ အဲဒါလေး နားထောင်မိတော့ အခု ရေးမယ့် ၀တ္ထုတိုလေးကို သွားသတိရမိတယ်။ တော်တော် ငယ်ငယ်တုန်း၊ စာကောင်းကောင်းဖတ်တတ်စ အရွယ်တုန်းက ကလျာ မဂ္ဂဇင်းမှာ ဖတ်ခဲ့တာ ဆိုတာရယ်၊ ရေးတဲ့သူကစာရေးဆရာမတစ်ယောက် ဆိုတာရယ်ပဲ မှတ်မိတော့တယ်။ အလည်ပိုင်းက စာသားတွေကလဲ မေ့နေပြီဆိုတော့ သတိရသလောက်လေးပဲ ခံစားကြတာပေါ့ဗျာ။ ဒီဝတ္ထုတိုလေးကို သိတဲ့သူရှိရင် သူ့ blog မှာပဲဖြစ်ဖြစ် ဒီ post ရဲ့ comment ထဲမှာပဲဖြစ်ဖြစ် ပြန်တင်ပေးပါလို့လဲ တောင်းဆိုပါတယ်ဗျာ။ ခံစားကြည့်ကြပါ။

ဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝ


“မူတူးဆာမိစံ”

“မူတူး ....”
“ဆပ်”

“ဆာမိ ....”
“မမ် ဆပ်”

မူတူးနဲ့ ဆာမိဆိုတာ ကျွန်တော် ငယ်ငယ်တုန်းက အိမ်မှာ ခိုင်းဖို့ဝယ်ထားတဲ့ ငွေဝယ်ကျွန် ၂ ယောက်ပါ။ ဘင်္ဂလားက လာကြတဲ့ ကုလားလူမျိုး ညီအစ်ကို ၂ ယောက်ပေါ့။ မူတူးက အဖေခိုင်းတဲ့ အလုပ်တွေ အကုန်လုပ်ပေးရတယ်။ ထင်းခွဲတာ ရေခပ်တာ၊ အလုပ်ကြမ်းလုပ်တာက အစ အဖေနဲ့ ပက်သက်တဲ့ ဗာဟီရကိစ္စတွေ အကုန်လုပ်ပေးရသလို ဆာမိကလဲ အမေခိုင်းတဲ့ အဝတ်လျှော် ကြမ်းတိုက်၊ ဈေးသွားတာ၊ ချက်ပြုတ်တာက အစ၊ ကလေးထိန်းတာအဆုံး အကုန်လုပ်ပေးရတယ်။ သူတို့ကိုပေးတဲ့ လုပ်အားခက မဖြစ်စလောက် အနည်းငယ်လေးပါပဲ။ ဒါပေမယ့်လဲ သူတို့ ၂ ယောက် ပျော်ပျော်ရွှင်ရွှင်ပဲ ကျွန်တော်တို့အိမ်မှာ နေပြီး ခိုင်းသမျှကို လုပ်ကိုင်ပေးနေကြတယ်။

တစ်ခါတုန်းက အဖေက မူတူးကို မေးဖူးတယ်။

“မူတူး ... မင်း ဘင်္ဂလားကို မပြန်ချင်ဘူးလား၊ ဟိုက ဆွေမျိုးတွေကို မလွမ်းဘူးလား”

“ဆပ် ... ကျွန်တော် ဘင်္ဂလားပြန်ရင် ဟိုမှာ ဘာအလုပ်အကိုင်မှလဲ ရှိမှာမဟုတ်ဘူး။ လမ်းဘေးပဲ ပြန်ရောက်သွားမှာ။ ဒီမှာ ကျွန်တော့်မှာ လုပ်စရာ အလုပ်ရှိတယ်။ နေစရာလဲ နေရာရှိတယ်။ ကောင်းကောင်းလဲ စားရတယ်။ (အရှေ့နားမှာ သူတို့ထမင်းစားရင် ထမင်းကို ဆားနဲ့ ငရုတ်သီးနဲ့ပဲ စားတယ်ဆိုတာလေး ပါတယ်။ ကျွန်တော် နေရာမမှတ်မိလို့ မထည့်လိုက်ရဘူး)။ ပြီးတော့ ငွေစုပြီး ဘင်္ဂလားက အဖေနဲ့အမေဆီကို ပြန်ပို့ပေးလို့ရတယ်။ ကျွန်တော်တို့ ဒီမှာပဲ ပျော်တယ်။ ဘင်္ဂလားကို မပြန်ချင်တော့ဘူးဆပ်”

တော်လှန်ရေးအစိုးရတက်လာပြီး နိုင်ငံခြားသားတွေကို သူတို့တိုင်းပြည်ကို ပြန်ခိုင်းတဲ့အခါ မူတူးနဲ့ ဆာမိလည်း ဘင်္ဂလားကို ပြန်သွားခဲ့တယ်။ အဖေ့လုပ်ငန်းတွေ ပြည်သူပိုင်သိမ်းခံရပြီးနောက်ပိုင်း ကျွန်တော်တို့ မိသားစုရဲ့ စီးပွားရေးအခြေအနေလည်း တဖြည်းဖြည်း ကျပ်တည်းလာခဲ့တယ်။ အကျပ်အတည်းကြားထဲမှာပဲ ရုန်းကန်ရင်းနဲ့ အဖေ အိပ်ယာထဲ လဲတဲ့အခါမှာတော့ အိမ်ရဲ့ စီးပွားရေးအခြေအနေဟာ ကျွန်တော်တို့ ညီအစ်ကို ၂ ယောက်ရဲ့ ပုခုံးပေါ်ကို ရောက်လာခဲ့တယ်။

(ပြီးတော့ ညီအငယ်က အရင် shore job လုပ်ဖို့ ဂျပန်ကို ထွက်သွားတဲ့အကြောင်းနဲ့ နောက် ၁ နှစ်ကျော်လောက် ကြာတဲ့အခါမှာ ဟိုမှာ အလုပ်အကိုင်ကောင်းတယ်ဆိုပြီး သူ့ကိုပါ လိုက်လာဖို့ခေါ်လို့ သူပါ ဂျပန်ကို လိုက်သွားပါတယ်။ အဲဒီအချိန်က ၁၉၇၀ နဲ့ ၁၉၈၀ ကြားဖြစ်မယ်လို့ ကျွန်တော် ခန့်မှန်းမိပါတယ်)

အငယ်ကောင်က သူလုပ်နေတဲ့ စားသောက်ဆိုင်မှာပဲ ကျွန်တော့်ကို အလုပ်သွင်းပေးတယ်။ သူက ရောက်နေတာ ၁ နှစ်ကျော်ကြာပြီ၊ ဂျပန်စကားပြောတတ်နေပြီဆိုတော့ အရှေ့ပိုင်းမှာ စားပွဲထိုးအလုပ်လုပ်နေရပြီ။ ကျွန်တော်ကတော့ ခုမှ ရောက်စ ဆိုတော့ နောက်ပိုင်းမှာ ပန်းကန်ဆေးတဲအလုပ်ကနေ စလုပ်ရတာပေါ့။ မနက်မိုးမလင်းခင် ဆိုင်ဖွင့်တဲ့အချိန်က စလို့ ညမိုးချုပ်လို့ ဆိုင်ပိတ်တဲ့အချိန်အထိ လာသမျှ ပန်းကန်တွေကို ဒိုင်ခံ ဆေးပေးရတယ်။ တစ်ရက်ကျတော့ ညီငယ်က သတင်းတစ်ခု လာပေးတယ်။ ဆိုင်က အလုပ်သိပ်မကောင်းလို့ လူလျှော့ချင်နေတဲ့အကြောင်း၊ နိုင်ငံခြားသားတွေကို အရင်ဆုံး အလုပ်ထုတ်မယ်လို့ ကြားမိတယ်လို့ ပြောလာတယ်။ နောက် သိပ်မကြာခင်ပဲ အလုပ်လုပ်နေတုန်း သူ့ကို မန်နေဂျာက တွေ့ချင်တဲ့အကြောင်း လာပြောတယ်။ ရုံးခန်းကိုသွားတဲ့လမ်းမှာ သူက ပြောတယ်

“အခု မန်နေဂျာက အလုပ်သမားတွေကို ခေါ်တွေ့ပြီးတော့ အလုပ်ဖြုတ်ဖို့ ကြည့်တာ။ တစ်ကယ်လို့ သူက အိမ်ကိုလွမ်းလား အိမ်ပြန်ချင်လားလို့ မေးရင် မပြန်ချင်ဘူးလို့သာပြော။ လွမ်းတယ်ဆိုလို့ကတော့ တစ်ခါတည်း အိမ်ပြန်ပို့လိမ့်မယ်။ မင်းက ဂျပန်လို့မတတ်တော့ ငါ စကားပြန်လုပ်ပေးမယ်။ ကြည့်သာပြော။ ငါလည်း အခြေအနေကြည့်ပြီး ပြင်ပေးမယ်”

အငယ်ကောင်ပြောတဲ့အတိုင်းပါပဲ။ စကားနည်းနည်း ပြောပြီးတော့ အိမ်အကြောင်းတွေ မေးပါတယ်။ အိမ်ကိုမလွမ်းဘူးလား။ မပြန်ချင်ဘူးလား လို့ မေးတဲ့အခါ ကျွန်တော် ရုတ်တရက် မူတူးနဲ့ ဆာမိကို သတိရမိတယ်။ အိမ်ကို မပြန်ချင်တဲ့အကြောင်း ဒီမှာ အလုပ်လုပ်ရတာ ပျော်တဲ့အကြောင်း။ ဝင်ငွေလည်း ကောင်းတဲ့အကြောင်း ပြန်ပြောလိုက်တယ်။ မန်နေဂျာက

“ကောင်းပြီလေ။ ထွန်းစံ ကြိုးစားပါ။ ဂျပန်စကားကိုလည်း ကြိုးစားပြီးသင်ပါ။ ဒါမှ ဒီထက် ကောင်းတဲ့နေရာမှာ လုပ်ရပြီး လခ ကောင်းကောင်းရမှာ။ ဒါထက် ထွန်းစံရဲ့ နာမည် အပြည့်အစုံကို ကျွန်တော် မခေါ်တတ်ဘူး။ ဘယ်လိုခေါ်ရတယ်ဆိုတာ ပြောပြပါဦး”

ကျွန်တော့်ခေါင်းထဲမှာ ရုတ်တရက် နာမည်တစ်ခုဝင်လာပြီး အားရပါးရပဲ ပြုံးပြီး ပြန်ပြောလိုက်တယ်။

“မူတူးဆာမိစံ”

မန်နေဂျာက အလွန်အဲ့သြတဲ့ မျက်နှာနဲ့

“မူတူးဆာမိစံတဲ့လား?”

Sunday, August 12, 2007

အိမ်နီးနားချင်း ...

အခုခေတ် လူနေမှုဘ၀က အရင် ၁၅ နှစ်လောက်နှင့် ဘာမှမဆိုင်တော့၊။ နေမှုပုံစံက အတော်လေးပြောင်းလဲသွားပြီ။ လူတွေက သီးသန့်ဆန်လာကြသည်။ မိသားစုဝမ်းရေးအတွက် တက်ညီလက်ညီ ရုန်းလာရသည်။ ကလေးတွေဆိုလဲ ကျောင်းဆင်းရင် သွားလိုက်ရတဲ့ကျူရှင် ... အတော်များများ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေမှန်း ဂရုမစိုက်မိတာ အဆန်းမဟုတ်တော့။ ငစနေတို့ နေသောလမ်းမှာ ရန်ကုန်မြို့တွင် လမ်းမကြီးများ စာရင်းဝင် လမ်းတစ်လမ်းဖြစ်သည်။ ၁၉၉၀ တွင် ၄ လမ်းသွား လမ်းမကြီးအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်ထားသော လမ်းဖြစ်သည်။ ထူးခြားသည်မှာ လမ်း၏ တစ်ဖက်ခြမ်းတွင်သာ လူနေအိမ်များရှိ၍ အခြားတစ်ဖက်ခြမ်း၌ ကျောင်း၊ ဆေးရုံ၊ ဘုရားကျောင်းများသာ အဓိက ရှိလေသည်။ အရင်တုန်းကဆို ကန်တော်ကြီးထိပ်မှ စ၍ ကျောက်မြောင်းလမ်းဆုံ အထိ အိမ်တိုင်းလိုလို ငစနေတို့ မသိသောအိမ် မရှိသလောက်ပင်။ ခြံအများစုကလဲ ခြံနှင့် ၀င်းနှင့် လုံးခြင်းအိမ်များ သာဖြစ်၍ ဘယ်အိမ် ဘယ်သူနေသည်ဆိုတာ တန်းကနဲ သိနိုင်သည်။

ကန်တော်ကြီးဘက်မှ လမ်းအတွင်းသို့ ၀င်လာပါက မအူကုန်း လမ်းကျယ် ထိပ်မှ တိုက်မှာ ယခင် ခန္ဒာသုခ သွေးဆေးတိုက် ပိုင်ရှင်များ နေသွားသော တိုက်ဖြစ်ပြီး ယခု မျက်စိအထူးကုဆရာဝန်ကြီးတစ်ယောက် နေထိုင်လျက်ရှိသည်။ သူ့ခြံဘေးတွင် မအူကုန်းရပ်ကွက်တွင်းမှ အိမ်တချို့။ ပြီးလျှင် ငစနေ့ ဦးလေးများ၏ သူငယ်ချင်းတစ်ယောက် နေသောခြံ၊ ထို့နောက် ပုဏ္ဏားခြံ (နေထိုင်သူ အများစုမှာ ကျူးကျော်များဖြစ်ပြီး ပုဏ္ဏားကုန်းရပ်ကွက် ဟု ခေါ်သည်)။ ထိုနေရာနှင့် ဘေးချင်းကပ်လျှက်က ခြံအလွတ်တစ်ခု၊ အရိုးကုန်းလမ်းကျယ်ကို ကျော်လိုက်ပါက ပန်းရိုးမ ကဖေး၊ ဗလ စက်မှုလက်မှုလုပ်ငန်း၊ ဗလနှင့် မျက်နှာချင်းဆိုင် ဆေးရုံကြီးနှင့် ကပ်လျက်ခြံမှာနေတာက Aunty Joyce (တေးသံရှင် နွဲ့ယဉ်ဝင်း) ဗလနှင့်ဘေးချင်းကပ်လျှက်က ခွဲစိတ်အထူးကု ဆရာဝန်ကြီး၏ခြံ။ ထို့နောက် မီးရထား တိုင်းဆရာဝန်ကြီး၏ခြံ။ ထိုဘေးက တေးသံရှင် စိမ်းမို့မို့ နေသောခြံ၊ (မနှစ်က သိန်း ၄၀၀၀ နဲ့ ရောင်းလိုက်သတဲ့)။ ပြီးလျှင် ငစနေ့ အစ်မ၏ ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက် နေသောခြံ၊ ကပ်လျက်ခြံက မှန်ကုန်သည် သူဌေးကြီး၊ ပြီးလျှင် တေးသံရှင် ကိုခင်မောင်ထူး၊ သူတို့ဘေးက အမေတို့ တီချယ်ကြီးဒေါ်ကြည်ကြည်၊ ပြီးလျှင် ပုံနှိပ်တိုက်ပိုင်ရှင် ဦးစိုးဝင်း၊ ဘေးခြံက ဦးစိုးဝင်းယောက်ဖ၊ ရွှေသံစဉ်တေးဂီတ၀ိုင်းမှ ဂီတမှူး ကိုဝင်းမော် တို့ခြံ၊ ထို့နောက် “ရသာရုံ” ကား body shop။ သူနှင့်ကပ်လျှက်က ကျိုင်းတုံကဖေး (ကျိုင်းတုံကဖေးမှာ ထိုစဉ်က ယနေ့ မော်ဒန် လက်ဘက်ရည်ဆိုင် နာမည်ကြီးသလို နာမည်ကြီးခဲ့သော ဆိုင်တစ်ဆိုင်ဖြစ်သည်)။ ကျိုင်းတုံမှ ဆက်လာလျှင် “ရသာရုံ” ပိုင်ရှင်၏ ဖခင် ဦးလှမောင်၏ခြံ။ ပြီးလျှင် ငစနေတို့ခြံ၊ လမ်းဆုံမရောင်ခင် တွင်ခုံစက်ရုံ၊ တွင်ခုံနှင့် မျက်နှာချင်းဆိုင်က ရေတပ်မှ ဗိုလ်မှူးကြီးမင်းသိမ်း (ထိုစဉ်က ရေကျောင်းသိပ္ပံကျောင်းအုပ်ကြီး)၊ စသည်ဖြင့် လမ်းမ ရှည်ကြီးတစ်ခုလုံး မသိသူ မရှိသလောက်ပင်ဖြစ်သည်။

ယခုနောက်ပိုင်း တစ်ချို့နေရာများတွင် ကန်ထရိုက်တိုက်များ အလျှိုအလျှိုပေါ်လာသည်။ တစ်ချို့ခြံများကိုတော့ ဆွေမျိုးပေါက်ဖော်များက ၀ယ်ယူလိုက်ကြသည်။ ထို့နောက်ပိုင်း ဘယ်အိမ်မှာ ဘယ်သူနေတယ်ဆိုတာ သိဖို့ ခဲယဉ်းလာသည်။ တစ်လမ်းလုံးမပြောနဲ့ ကိုယ်နေတဲ့ တိုက်မှာတောင် ဘယ်အခန်းက ဘယ်သူဆိုတာ မသိကြတော့။ လူတွေ မြို့ပြ ဆန်လွန်းလာသည်။ စည်းလုံးမှု နည်းလာသည်။

to be continue ...

Saturday, August 11, 2007

စိတ်ကူး ၁

re-awakening of Rick Van Winkle

ခုချိန်မှာ လုပ်ချင်နေတာ တစ်ခုရှိသည်။ ရယ်စရာတော့ ကောင်းချင် ကောင်းနေလိမ့်မည်။ ကျေးလက်က တောသားတစ်ယောက်ကို သွားရှာ၊ (အတော်လေး ခေါင်တဲ့နေရာက ဆိုရင် ပိုကောင်းမည်)။ သူမသိအောင် မေ့ဆေးပေး၊ အိပ်ပျော်သွားအောင် လုပ်ပြီး Singapore က Orchard Road ဒါမှမဟုတ် New York က Times Sqare လို နေရာမျိုးမှာ သွားချပေးထားလိုက်ချင်သည်။ သူ အိပ်ယာက နိုးလာတဲ့အခါမှာ သူ့မျက်နှာမှာ ဘယ်လို ခံစားချက်တွေ ပေါ်လာမလဲလို့ ကြည့်ချင်မိသည်။ တစ်ဆက်တည်း Rick Van Winkle ကို သတိရမိသည်။ နှစ်ပေါင်း ၂၀ တောင် အိပ်ပျော်သွားသည့်နောက် ပြန်နိုးလာတော့ သူဘယ်လို ခံစားရမလဲ။

နေ့လည်က အဲဒီအတွေးကို အခု ဆက်တွေးရင်းနဲ့ ငစနေ မျက်လုံးပြူးသွားသည်။ တစ်ခြားမဟုတ်၊ ခုမှ သေခြာစဉ်းစားမိသည်က သူကိုယ်တိုင်ပင် Rick Van Winkle ဖြစ်နေခဲ့ခြင်းဖြစ်သည်။ သူကိုယ်တိုင်သာ မကသေး မြန်မာနိုင်ငံမှ လူငယ်လူရွယ်များလဲ Rick Van Winkle များ ဖြစ်နေကြသည်။ သူတို့ နှစ်ပေါင်း ၂၀ နီးပါး အိပ်ပျော်ခဲ့ကြသည်။ ရုတ်တရက် ကိုယ့်နိုင်ငံ ပြင်ပသို့ ရောက်လာသောအခါ သူတို့ ရုတ်တရက် လန့်နိုးလာသောအခါ ပတ်ဝန်းကျင်သည် ကိုယ်နှင့် နှစ်ပေါင်း ၂၀ စာ ကွာဟနေခဲ့လေပြီ။

နှစ်ပေါင်း ၂၀ စာ နည်းပညာ။ နှစ်ပေါင်း ၂၀ စာ အတတ်ပညာ။ နှစ်ပေါင်း ၂၀ စာ စိတ်ဓါတ်။ နှစ်ပေါင်း ၂၀ စာ စီးပွားရေး ... ... အားလုံးသည် နှစ်ပေါင်း ၂၀ စာ။ နှစ် ၂၀ ကြာသောအခါ Rick Van Winkle ၏ အ၀တ်အစားများ စုတ်ပြတ် ဆွေးမြည့်နေသကဲ့သို့ သူတို့၏ စိတ်ဓါတ်များသည်လည်း စုတ်ပြတ်ဆွေးမြည့် နေခဲ့သည်။ Rick Van Winkle ၏ သေနတ် နှစ်ပေါင်း ၂၀ စာ အိုမင်းနေသကဲ့သို့ သူတို့၏ နည်းပညာများသည်လည်း နှစ်ပေါင်း ၂၀ စာ အိုမင်းနေကြပြီ။ Rick Van Winkle ကတော့ နှစ် ၂၀ အကြာတွင် နိုးထ နိုင်ခဲ့သည်။ ဆက် အိပ်ပျော်နေကြသူများ အနှစ်၂၀ တွင် နိုးထနိုင်ပါ့မလား။ နိုးထလာကြသူများ အနှစ် ၂၀ စာခရီးကို အမှီလိုက်နိုင်ပါ့မလား။ ငစနေတစ်ယောက် တွေးရင်းနဲ့ ရင်မောမိပါတော့သည်။