Wednesday, January 16, 2008

အမှတ်တရ

(11-Jan-2008) သောကြာနေ့ ...
ဖိုးစနေတစ်ယောက် အသည်းအသန် အလုပ်များနေသည်။ MSRS 2005 ကို အခုမှ စကိုင်တာမို့ ဘာတွေမှန်း မသိတာတွေနဲ့ ချာလပတ်လည်နေပေမယ့် သောကြာနေ့မို့ စောစောရုံးဆင်းချင်သည်နှင့် မီးကုန်ရမ်းကုန် ကျဲနေမိသည်။ နာရီက ၅ နာရီခွဲ ကျော်နေပြီ။ ၆ နာရီ တိတိမှာပင် ဖိုးစနေ၏ ပါလေရာဖုန်းက ပကျိပကျိနှင့် ထမြည်ပါတော့သည်။ phone screen ပေါ်မှာ ပေါ်နေသည့် နာမည်ကို ကြည့်ပြီး ဖိုးစနေ မျက်ခုံးတစ်ဖက် တွန့်တက်သွားသည်။

"Incoming call from ဘုန်းနိုင် ... "

ဘာပါလိမ့်။ ဒီကောင်ကြီးက ကိစ္စအထူးမရှိပဲ ဖုန်းဆက်လေ့မရှိ။ GTalk ထဲလှမ်းကြည့်တော့လဲ သူ့ status က busy တဲ့။ သိချင်ဇောနှင့် ဖုန်းကို ကောက်ဖြေလိုက်သည်။

“ဟေး ဘုန်းနိုင် ပြော ... ဘာတုန်းဟ”

“ဟာ ... ဟေ့ကောင် ... မင်းညီမအကြောင်း ပြောမလို့ကွ”

ကိုင်ရုံရှိသေး မင်းညီမအကြောင်းဆိုပါလား။ ဒါနောက်စရာအချိန်မဟုတ် .... ဖိုးစနေ ရင်ထဲ ထိတ်ကနဲဖြစ်သွားသည်။

“ဘယ်ညီမလဲဘုန်းနိုင် ... ဘာဖြစ်လို့လဲ”

“မေဖြိုး”

သွားပြီ ... ဘုန်းနိုင် ဆက်မပြောခင်မှာတင် ဆုံးပြီ ဟူသော အသိတစ်ခု ခေါင်းထဲမှာ လက်ကနဲပေါ်သည်။ ကိုယ့်စိတ်ကို မယုံတစ်ဝက်နှင့် ဘုန်းနိုင်ကို ခပ်လောလောပဲ မေးရသည်။

“မေဖြိုးဘာဖြစ်လို့လဲ”


“မင်းညီမလေး အခုပဲ ဆုံးတယ်ငစနေ။ ငါ့ညီမ ရန်ကုန်ကနေ လှမ်းပြောလို့သိတာ။ အဲဒါ မင်းသိအောင် ချက်ချင်းလှမ်းပြောတာ။ စိတ်မကောင်းဘူးကွာ သူငယ်ချင်း”

ဘုန်းနိုင် စကားအဆုံးမှာ ငစနေတစ်ယောက် ငိုင်ကျသွားသည်။

“အေးကွာ ... သတင်းပေးတာ ကျေးဇူးပဲ။ ငါ ရန်ကုန်ကို ဖုန်းလှမ်းဆက်ကြည့်လိုက်ဦးမယ်။”

ဖုန်းချပြီး အတော်ကြာသည်အထိ ငစနေ ငိုင်နေမိသည်။ လုပ်လက်စ အလုပ်ကို အပြီးသတ်ဖို့ ကြိုးစားကြည့်ပေမယ့် အရာမထင်။ လုပ်ဖော်ကိုင်ဖက်များကတော့ ငစနေတစ်ယောက် solution ရှာမရလို့ ငိုင်နေသည်ပဲ အောက်မေ့ကြသည်ထင့်၊ တစ်ယောက်ပြီးတစ်ယောက် နုတ်ဆက်ပြီး ပြန်သွားကြသည်။ ငစနေကတော့ တစ်ယောက်တည်းကျန်ခဲ့သည်အထိ ငိုင်ကောင်းတုန်းပင် ဖြစ်သည်။ မငိုပါဘူးဟု တင်းထားသည့်ကြားမှပင် မျက်ရည်နှစ်ပေါက် ပါးပေါ်သို့ ကျလာခဲ့သေးသည်။

မေဖြိုးတစ်ယောက် မကြာမီအချိန်မှာပင် ဖိုးစနေတို့ကို နှုတ်ဆက်ထွက်သွားတော့မည်ဖြစ်ကြောင်း ဖိုးစနေ သိခဲ့သည်မှာ ၃ နှစ်ခွဲခန့် ရှိခဲ့ပြီ။ ဆရာဝန်၏ ခန့်မှန်းချက်အရ နောက်ထပ် ၃ နှစ်ခန့်သာ ဆက်လက် နေနိုင်တော့မည်ဟု ကြားခဲ့ရစဉ်ကလဲ ဖိုးစနေ ငိုခဲ့ဖူးပါသည်။ သိနေသည့် ကြားမှပင် ယခု တစ်ကယ် နှုတ်ဆက်ထွက်ခွာသွားတော့လဲ အလွန်စိတ်ထိခိုက်မိသည်။ အော် ... သံယောဇဉ်ကြိုးကတော့ပြတ်ခဲလှသည်ပဲလေ။

No comments: