Thursday, February 28, 2008

ဖျက်မရသောအတိတ် ၆ - မူလတန်း၏ နောက်ဆုံးနေ့များ

ငစနေတစ်ယောက် အလုပ်တွေများလိုက်တာမှ အမေတို့ပြောသလို ယားတာတောင် မကုတ်အားလို့ ထုံးတို့ပြီးမှတ်ထားရတယ် ဆိုတဲ့အတိုင်းပါပဲ။ မယားလို့ ထုံးမတို့လိုက်ရပေမယ့် တစ်ပတ်လောက်ဆက်တိုက် နေ့လည်စာလွတ်သွားတဲ့ဒဏ်က အရင်ရှိထားဖူးတဲ့ အစာအိမ်ပြဿနာကို ပြန်အစဖော်လာပါတယ်။ ကိုယ့်အကြောင်းကိုယ်သိပြီး ခြင်္သေ့ကျွန်းမှာ ရောဂါတစ်ခါဖြစ်ရင် အနည်းဆုံး ၃၀၀ လောက် အောက်ထစ်ကုန်တတ်တာမို့ အခြေအနေမဆိုးခင် အလုပ်ကိုလျှော့ပြီး ကျန်းမာရေးအခြေအနေကို ကမန်းကတမ်းပြန်ထိန်းလိုက်ရတယ်။ အစ်မတွေ အစ်ကိုတွေကလဲ အော်လှပြီမို့ ဒီနေ့တော့ အလုပ်များချင်ယောင်ဆောင်ပြီး Blog တင်မယ့် post တစ်ခု ခိုးရေးဖြစ်ပါတယ်။ ရုတ်တရက် အသစ်ရေးဖို့ အကြံမရတော့လဲ ရေးလက်စ အဟောင်းဖြစ်တဲ့ ငယ်ဘဝအကြောင်းကိုပဲ ဆက်ရေးရတာပေါ့။

ငစနေ၏ငယ်ဘဝ၌ အထင်ရှားဆုံးအမူအကျင့်ကိုပြောပြပါ ဆိုလျှင် အပျင်းထူခြင်းပင် ဖြစ်လေသည်။ အထူးသဖြင့် ကျောင်းစာကိုလုပ်ရမှာပျင်း၏။ အမေကတော့ ငစနေတို့များ ကျောင်းစာဆိုရင် တီ ဆားကြောက်တာထက်တောင် ကြောက်သေးတယ် လို့ပြောတတ်သည်။ ဟုတ်ပ။ ထိုကျောင်းစာလုပ်သည့်အထဲမှာမှ အပျင်းဆုံးမှာ ကျောင်းမှ သင်ပြီးသားစာများကို ပြန်လုပ်ရခြင်းပင်ဖြစ်သည်။ ငစနေတို့ငယ်ငယ်တုန်းက ကျူရှင်သင်ကြားပုံမှာ ယနေ့ဆရာများကဲ့သို့မဟုတ်ပေ။ ရောက်သည်နှင့် ဆရာမက ဒီနေ့ ကျောင်းမှာ ဘာသင်လဲ ဆိုတာ အရင်မေးသည်။ သင်္ချာသင်သည့်နေ့ဆိုလျှင် အကုန် အစအဆုံး တစ်ခေါက်ပြန်တွက်ရသည်။ ကျက်စာပါလာလျှင် ချက်ချင်း ကျက်ပြီး ပြန်အံ (အလွတ်ပြန်ဆို) ရသည်။ ငစနေကလဲ ဒါမျိုးဆို ပျင်းမှပျင်း။ ကျူရှင်ဆရာမနှင့် ခဏခဏ ပြဿနာတက်ဖန်များလာတော့ အမေ့ကို ကျူရှင်မတက်တော့ဟု ငစနေကြေငြာလေသည်။ (အဲဒါ ၂ တန်းကျောင်းသားတဲ့နော်)။ အမေကတော့ အေးအေးဆေးဆေးပင်၊ “အေးလေ။ နင်ပျင်းရင်လဲ မတက်နဲ့ပေါ့။ လပတ်စာမေးပွဲမှာ အဆင့် ၁၀ အောက် မကျစေနဲ့။ ကျရင်တော့ နင့်ကိုကျူရှင်ပြန်ပို့မယ်” ဟုသာ ပြောလေသည်။ အလွန်ပေ အလွန်ကတ်သော ငစနေကလဲ အဆင့် ၇၊ ၈၊ ၉ တို့ကိုသာ တစ်လှည့်စီယူ၍ ကျူရှင်တက်ခြင်းမှ ကင်းလွတ်အောင်ကြံဆောင်တော့သည်။

စတုတ္ထတန်းသို့ရောက်သောခါ ငစနေတစ်ယောက် ရင်တထိတ်ထိတ်ပေါ့။ အစိုးရစစ်ပေကိုး။ အစ်မလုပ်သူက လေးတန်းအစိုးရစစ်မှာ ဂုဏ်ထူးတွေ တပွေ့တပိုက် ရထားလေတော့ ငစနေ့အလှည့်ကျမှ ဘာမှမရရင် ခေါင်းကျိန်းပေတော့မည်။ ကိုယ့်မာနနဲ့ကိုယ် ကျူရှင်ကလဲ ပြန်မတက်ချင်သည်မို့ စာကိုသာ အသေကုန်းရုန်းကျက်ရတော့သည်။ ကျောင်းမှ ဆရာမများကလဲ “လေးတန်းကို ဘာမှတ်နေလဲ။ ဒါ အစိုးရစစ် စာမေးပွဲ၊ ၈တန်းတို့ ၁၀ တန်းတို့နဲ့ အတူတူပဲ ” ဟုဆိုကာ အတင်းမောင်းအ တင်းတွန်းကြသည်။ မနှစ်က စာမေးပွဲတုန်းက ကျောင်းမှ မြို့နယ်အလိုက် ပထမရသူတစ်ယောက် ပါသည်မို့ ဒီနှစ် မြို့နယ်ဆုတွေ ပိုများများချိတ်အောင် ကြိုးစားကြသည်။ အထူးသဖြင့် အတန်းပိုင်ဆရာမ သင်သော သင်္ချာနှင့် ပထဝီက အဆိုးဆုံး။ သင်္ချာဆိုလျှင် တစ်ခါသင်လျှင် အခန်းတစ်ခန်း ပြတ်အောင်သင်ပြီး ရှိသမျှ လေ့ကျင့်ခန်းအကုန် အိမ်စာပေးပစ်လေ့ရှိသည်။ အိမ်မှာ ငစနေတစ်ယောက် စာချည်းပဲ ကုန်းရုန်းလုပ်နေသည်မို့ လူကြီးများကပင်အံ့သြသော အမူအယာ ပြကြသည်။ ဒီလိုနဲ့ ပထမအစမ်း စာမေးပွဲကြီးမှာ တစ်ဖြည်းဖြည်း နီးကပ်လာလေတော့သည်။

ပထမအစမ်း စာမေးပွဲစစ်ခါနီး တစ်လခန့်အလိုတွင်တော့ ဆရာမက ငစနေတို့ကို အလွန်ဝမ်းသာစရာ သတင်းစကားတစ်ခု ပေးလေတော့သည်။ ထိုသတင်းမှာကား ယခုနှစ်မှစ၍ လေးတန်းစာမေးပွဲကို အစိုးရမှ တာဝန်ယူစစ်ဆေးခြင်းကို ရပ်ဆိုင်းပြီး မိမိ သက်ဆိုင်ရာ ကျောင်းများအလိုက်သာ စာမေးပွဲများ ကျင်းပကြရန် ဟူသော သတင်းပင် ဖြစ်လေတော့သည်။ ငစနေတို့ ပျော်လိုက်တာမှ ဘာပြောကောင်းမလဲ။ လေးတန်းနှစ်ကား အပျော်များ စုနေသောနှစ်ဟု ဆိုရမလားပင် မပြောတတ်၊ ပထမအစမ်း စာမေးပွဲပြီး၊ သတင်းကျွတ်ကျောင်းပိတ်ရက်မှ ကျောင်းပြန်ဖွင့်ပြီးသိပ်မကြာခင်မှာပင် အတန်းပိုင်ဆရာမ သင်သော သင်္ချာနှင့်ပထဝီမှာ သင်ရိုးအကုန် ကျွတ်သောအခြေအနေသို့ရောက်တော့သည်။ သင်ရိုးကုန်ပြီဆိုတာနဲ့ အတန်းပိုင်ဆရာမက ခွင့်ရက်ရှည်ယူလေသည်။ မီးဖွားခွင့် တဲ့။ မင်းတို့ အတန်းတင်စာမေးပွဲနားနီးမှ ပြန်လာမယ်။ သိပ်မဆော့နဲ့၊ ငစနေ၊ ဆရာမမရှိရင် မင်းအတန်းထိန်းရမယ်နော်။ ဟု နှုတ်ဆက်ကာ ခွင့်ယူသွားလေတော့သည်။ ငစနေတို့မှာ ပျော်မဆုံးတော့။ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သမိုင်းတို့သာ သင်ရန်ကျန်တော့သည်ကိုး။ အားနေသောအချိန်များတွင် ငစနေတို့ ၂ တန်းနှင့် ၃ တန်းမှ ဆရာမများကို အမှတ်ကူခြစ်ပေးခြင်း၊ စာမေးပွဲကူစစ်ပေးခြင်း၊ စာကူသင်ပေးခြင်း စသည်ဖြင့်သွားရောက်ကူညီကာ အငယ်တန်းများအား ဆရာကြီးလုပ်ကြသည်။

အတန်းခေါင်းဆောင်ဆိုသော တာဝန်မှာ ဆရာမမရှိသောအခါ အတန်းသော့ကို ထိန်းသိမ်းရသော တာဝန်လဲ တစ်ခုပါလာလေသည်။ သော့ကိုင်ရတော့ မနက်ကို သူများမရောက်ခင် စောစောရောက်အောင်သွားပြီး အတန်းဖွင့်ပေးရတာပေါ့။ မဟုတ်ရင် ကျောင်းသားတွေ အတန်းထဲမဝင်ပဲ အပြင်မှာသောင်းကျန်းနေရင် ငစနေနဲ့ ကျောင်းအုပ်ဆရာမကြီးနဲ့ ကွိုင်တက်ပေလိမ့်မည်။ ငစနေက ကျောင်းနှင့်အ မေ့ရုံးနှင့် နီးသည်မို့ အမြဲတမ်း အမေ့ရုံးကားနှင့်သာ လိုက်လေ့ရှိသည်။ ယခု စောစောသွားဖို့ကျတော့ ရုံးကားစီး၍ မဖြစ်တော့။ အဖေကလဲ နယ်မှာတာဝန်ကျနေသည်မို့ လိုက်မပို့နိုင်၊ အမေကလဲ မနက်စာ ထမင်းချိုင့်ကိစ္စ အလျင်မှီအောင် လုပ်ရတော့ စောစောလိုက်မပို့နိုင်ပေ။ အမေ့ကိုဘယ်လိုလုပ်ရမလဲမေးတော့ “ငစနေရယ်။ နင် ကိုယ့်ဖာသာကိုယ်သွားပေါ့။ ငါရောက်တော့မှ ထမင်းချိုင့်လာပေးမယ်” ဟုပြောလေသည်။ ဤသို့နှင့် လေးတန်းကျောင်းသား ငစနေတစ်ယောက် ကျောက်မြောင်းရှိအိမ်မှ မြို့လည်ခေါင်ရှိကျောင်းသို့ မနက်စောစော တစ်ယောက်တည်း ကျောင်းတက်လေတော့သည်။ ဆွေမျိုးများသိသော် အမေ့ကို ဝိုင်းအပြစ်တင်ကြသည်။ ကလေးကို တစ်ယောက်တည်းလွှတ်ရကောင်းလားပေါ့။ အမေကတော့ အေးအေးဆေးဆေးပင် “သူသွားတတ်ပါတယ်” ဟုသာ ပြန်ပြောတတ်သည်။ တစ်ချို့က နယ်ရောက်နေသော အဖေ့ကို လှမ်းတိုင်ကြသည်။ အဖေကလဲ “နင်တို့သားအမိနဲ့တော့ ခက်ပါတယ်” ဆိုတာထက် ပိုမပြောပေ။ အမေသည် ငစနေ့အတွက် တစ်ကယ်ပင် အရေးပါသော ပဲ့ကိုင်တစ်ယောက်၊ ပန်းပွတ်သမတစ်ယောက် ဖြစ်သည်။

ဒီလိုနဲ့ပဲ ငစနေ၏ မူလတန်းရက်များ ကုန်ဆုံးခဲ့တော့သည်။

No comments: