Friday, May 23, 2008

ပုံပြင်သစ် - ၁ (မြည်းတစ်ကောင်နဲ့ သားအဖနှစ်ယောက်ပုံပြင်)

မှတ်ချက်။ ။ ပုံပြင်ဖြစ်ပါသဖြင့် ပုံပြင်ဟုသာ သဘောထားဖတ်ကြပါခင်ဗျား။ မည်သူတစ်ဦးတစ်ယောက်ကိုမှ စောင်းချိတ်ရေးသားခြင်း တည့်တည့်ပြောခြင်းများ မရှိပါကြောင်း။

********************************************************

“ကိုကိုကြီး ပုံပြောပြဗျာ။”
ဖိုးစနေတစ်ယောက် ပိတ်ရက်နေ့လည်ဘက် မီးလာတုန်းလေး ဂိမ်းဆော့မလို့ကြံတုန်းရှိသေး ညီဝမ်းကွဲ ပေတူး ရောက်လာပြီး ဂျီကျပါတော့တယ်။ သူပြောခိုင်းတာကို မပြောရင် မပြီးနိုင်မစီးနိုင် ရစ်ပြီး ငိုကြောရှည်တော့မှာမို့ ဂိမ်းကို ခဏချပြီး ပေတူးကို ပုံပြောပြဖို့ ပြင်ဆင်ရပါတယ်။

“ဟိုးရှေးရှေးတုန်းက သားအဖနှစ်ယောက်ဟာ မြည်းဝယ်ဖို့ မြို့ကိုလာကြတယ်တဲ့။”
ပုံပြင်စလိုက်တယ်ဆိုရင်ပဲ ပေတူးတစ်ယောက် အပြတ်ငြင်းပါတော့တယ်။ “အာ ... ရဘူးရဘူး အဲဒါ နားထောင်ပြီးသားကြီး။ နောက်ဆုံး မြည်းသေတာနဲ့ ပြီးသွားတာ။ အတစ်ကြောကြ။ ရဘူး”
ငစနေ တော်တော်လေး စိတ်ညစ်သွားပါတယ်။ ပေတူးနားမထောင်ဖူးတဲ့ပုံပြင်ကလဲ ခပ်ရှားရှားမို့ ရှိပြိးသားအဟောင်းကိုပဲ လုပ်ကြံပြောဖို့ စဉ်းစားရပါတော့တယ်။
“ဒါက အသစ်ပါဟ ပေတူးရ။ နားထောင်ကြည့်ပါဦး။ ဒီတစ်ခါ မြည်းမသေဘူး။ စိတ်ချ”
“ဂယ်နော်၊ ဂယ်ကြောတာလား၊ ဂယ်သေဘူးနော်” မသေပါဘူးဆိုတာတောင် အရစ်က ရှည်နေသေးတာမို့ “အေးပါကျေးဇူးရှင်ရယ်၊ မသေပါဘူး။ ကောင်းကောင်းနားထောင်၊ ဟုတ်ပြီလား” လို့ပြောပြီး ပုံပြင်ကို ခပ်မြန်မြန်ပဲ အစပြန်ကောက်ရပါတယ်။

ဟိုးရှေးရှေးတုန်းက သားအဖနှစ်ယောက်ဟာ မြည်းတစ်ကောင်ဝယ်ဖို့ မြို့ကိုလာကြသတဲ့။ မြို့ရောက်တော့ တိရစ္ဆာန်ဈေးမှာ သူတို့စိတ်ကြိုက် မြည်းတစ်ကောင်ကိုဝယ်ပြီး ကြိုးနဲ့ဆွဲလို့ အိမ်ပြန်လာကြသတဲ့ကွယ်။ လမ်းမှာတွေ့တဲ့သူတွေက ဒီသားအဖတော်တော်တုံးတာပဲ မြည်းတစ်ကောင်လုံးရှိရဲ့သားနဲ့ မစီးပဲ အပင်ပန်းခံပြီး လမ်းလျှောက်ကြတယ် ဆိုပြီး ပြောကြတာပေါ့။ အဲဒီတော့ အဖေလုပ်တဲ့သူလဲ “သားရေ .. သူတို့ပြောတာ ဟုတ်သဟ။ မြည်းရှိရဲ့သားနဲ့ မစီးတာ ငါတို့တော်တော်တုံးတာပဲ။ စီးရအောင် လာကွာ” ဆိုပြီး နှစ်ယောက်သား မြည်းကို တက်စီးကြရော ပေတူးရေ။ မင်းသိတယ်မဟုတ်လား။ မြည်းဆိုတာက မြင်းလို အကောင်ကြီးကြီး ဗလကောင်းကောင်းမဟုတ်ဘူးကွ။ နားရွက်ရှည်ရှည်နဲ့ ပုပုညှက်ညှက်ကလေးရယ်။ အဲဒါကို လူ ၂ ယောက်တက်စီးတော့ မြည်းခမျာ လျှာထွက်နေတော့တာပေါ့။

ဒီလိုနဲ့ စီးလာကြတာ နောက်ထပ် လမ်းမှာတွေ့တဲ့သူတွေက ဒီလူတွေ အကြင်နာတရားမရှိကြဘူး။ တိရစ္ဆာန်ကို ညှင်းဆဲနေလိုက်ကြတာ မြည်းခမျာ မနိုင်ဝန်ကို ထမ်းနေရတာ သနားပါတယ် ဆိုပြီး ပြောကြပြန်တာပေါ့။ လူများပြောတာယုံတဲ့ သားအဖခမျာလဲ “သားရေ ဟုတ်သဟ။ မြည်းလေး သနားပါတယ်။ ငါဆင်းပြီးလမ်းလျှောက်မယ်။ မင်းပဲ ဆက်စီးခဲ့တော့” ဆိုပြီး အဖေကြီးက လမ်းဆင်းလျှောက်သတဲ့။ ဒါကိုလဲ လမ်းမှာတွေ့တဲ့သူတွေက “ကလေးလေးနှယ် အဂါရဝဖြစ်လိုက်တာ။ သူကျတော့ မြည်းပေါ်မှာ အခန့်သား။ အဖေအိုကြီးကိုတော့ လမ်းလျှောက်ခိုင်းတယ်။ ဒီခေတ်ကလေးတွေများ လူကြီးကို ရိုသေရကောင်းမှန်း မသိကြဘူး” ဆိုပြီး ကဲ့ရဲ့ကြပြန်သတဲ့။ ဒါနဲ့ သားလုပ်တဲ့လူလဲ “ အဖေရေ သူတို့ပြောတာလဲ ဟုတ်သဗျ။ အဖေပဲစီးတော့ သားလမ်းလျှောက်မယ်” ဆိုပြီး နေရာလဲကြပြန်တာပေါ့။

ဒါလဲမရပြန်ပါဘူး။ လူတွေက အဖိုးကြီးက ကလေးကျတော့ လမ်းလျှောက်ခိုင်းပြီး သူကျတော့ မြည်းစီးလို့။ ကလေးကို မသနား မညှာတာ တော်တော်လဲ ရက်စက်တာပဲ” ဆိုပြီး ပြောကြပြန်ပါလေရော။ ဒီလိုနဲ့ သားအဖနှစ်ယောက်လဲ ကြံရာမရတဲ့အဆုံး မြည်းကို ခြေတွေလက်တွေ တုပ်ပြီး ဝါးလုံးနဲ့ ထမ်းလို့ ပြန်လာကြသတဲ့။ လမ်းမှာ ရေစီးသန်တဲ့ ချောင်းတစ်ခုကိုအဖြတ် သားလုပ်တဲ့သူက ချော်လဲလေတော့ အဖေရော သားရော မြည်းရော ရေထဲပြုတ်ကျကြပါရောလား။ အဲဒီမှာ အဖေနဲ့သားကတော့ ပြန်ထ နိုင်ပေမယ့် ခြေတွေလက်တွေ အတုပ်ခံထားရတဲ့မြည်းခမျာ ပြန်မထနိုင်ပဲ ရေစီးနဲ့ မြောပါပြီး သေသွားရှာသတဲ့ ပေတူးရေ။
“အာ ... ကိုကြီးကလဲ။ ပြောတော့ မသေဘူးဆို။ ခု သေသွားပြီ။ ကိုကြီး သားကိုညာတယ်”
“နေပါဦးဟ မင်းကလဲ။ နောက် မသေတဲ့တစ်ကောင်လာလိမ့်မယ်။ ခုမှ ပုံပြင်က တစ်ဝက်ပဲရှိသေးတာ။ ဒီတစ်ခါ ပုံပြင်အသစ်ပါဆို”

သားအဖနှစ်ယောက်လဲစိတ်ညစ်သွားတာပေါ့။ အိမ်ပြန်လို့ မြည်းမပါလာရင် မိန်းမက ဆူဦးမှာကိုး။ ဘတ်ဂျက်ကလဲ မြည်းတစ်ကောင်စာပဲ ပေးလိုက်လေတော့ အဖေလုပ်တဲ့သူခမျာ နောက်ထပ်မြည်းတစ်ကောင်ဝယ်ဖို့ သူ့ ဘတ်ငွေထဲကပဲ ထုတ်ရတော့တာပေါ့။
“ကိုကြီး ဘတ်ငွေ ဆိုတာဘာတုန်းဗျ”
“ဘတ်ထားတဲ့ငွေ .... အဲလေ ... ဟိုဟာကွာ ... အန်ကယ်စိုး အခု ရောက်နေတဲ့ နေရာ သိတယ်မဟုတ်လား။ ဘန်ကောက်လေ ... အဲဒီမှာသုံးတဲ့ငွေကို ဘတ်ငွေလို့ခေါ်တယ်။”
“အဲဒီသားအဖကရော ဘန်ကောက်မှာမို့လို့ ဘတ်ငွေသုံးတာလား”
“အေး အစက ပက်ပုံးသွားဖို့စု ... အဲလေ ဟို... နယ်စပ်ကွာ သိတယ်မဟုတ်လား။ မြဝတီတို့ မဲဆောက်တို့။ အဲဒီဘက်မှာက ဗမာငွေရော ဘတ်ငွေရော ၂ ခုလုံးသုံးတယ်။ တော်တော့ ထပ်မရှည်နဲ့တော့ ပုံပြင်ကို ကောင်းကောင်းနားထောင်”
ဒီလိုနဲ့ သားအဖနှစ်ယောက်လဲ မြည်းတစ်ကောင်ထပ်ဝယ်ပြိး ပြန်လာကြတာပေါ့။ လူတွေကလဲ အရင်တစ်ခေါက်အတိုင်းပဲ အမျိုးမျိုး ပြောကြဆိုကြ ပြန်တာပေါ့ကွာ။ ဒီတစ်ခါတော့ သားအဖ၂ယောက်လဲ မြည်းကို မထမ်းရဲကြတော့ဘူး။ နောက်တစ်ခါ ချောင်းထဲကျသွားမှာစိုးတာကိုး။ ဒါနဲ့ ကြံရာမရ ဖြစ်ပြီး ငုတ်တုတ်ပဲ ထိုင်မှိုင်နေကြတော့တာပေါ့။ အဲဒီမှာ စပ်စုတတ်တဲ့လူတစ်ယောက်က ရောက်လာတော့ စပ်စပ်စုစုနဲ့ ဘာများထိုင်လုပ်နေကြတာလဲ ဘာညာ နဲ့ မေးတာပေါ့ကွာ။ အကြောင်းစုံကိုသိရတော့ ကိုစပ်စုက ဟား .. ဒါဆိုရင်တော့ မပူနဲ့ ရှေ့ကရွာထဲမှာ ပညာရှိကြီးဘိုးစနေ ဆိုတာရှိတယ် သူ့ဆီသာသွားပြီး အကြံတောင်း အဆင်ပြေလိမ့်မယ်လို့ ညွှန်ပေးလိုက်တာပေါ့။

သားအဖနှစ်ယောက်လဲ ဟုတ်ပြီဟုတ်ရဲ့ နဲ့ ဘိုးစနေဆီ ကိုစပ်စု ညွှန်လိုက်တဲ့အတိုင်းသွားကြတာပေါ့။ အဲဒီအချိန်မှာ ဘိုးစနေကြီးတစ်ယောက်ကတော့ စိတ်ညစ်နေတာပေါ့။ ဒီတစ်ပတ် အပိုင်ပဲဆိုပြီး အကုန် ပုံအောလိုက်တာ တက်တက်စင်အောင် လွဲသွားတယ်လေ။ သူနံပါတ်ပေးတာ မမှန်တော့ လူတွေလဲ သူ့ဆီ သိပ်မလာကြတော့ ဘိုးစနေကြီးခမျာ ဘိုင်ပြတ်နေတာပေါ့။ အဲဒီမှာ ဟိုသားအဖ၂ယောက်က ဝင်လာလေတော့ ဘိုးစနေလဲ ခပ်တည်တည်နဲ့ ...
“လာကြလာကြ။ ဒီတစ်ပတ်တော့ ၂ ကောင်းသဟေ့။ ပတ်လည်သာကိုင်လိုက်”
“မဟုတ်ဘူးဘိုးဘိုး ... ကျွန်တော်တို့ အကူအညီတောင်းစရာလေးရှိလို့ပါ။”
“အေးလေ ... မင်းတို့က အကူအညီလိုမယ်မှန်းသိလို့အခု တန်းပေးပြီပဲဟာကို။ ၂ ကောင်းတယ်။ စိတ်သာချ၊ ပတ်လည်ထိုးလိုက်။ ပေါက်မှာဗျား”
“ဟုတ်ဘူး ဘိုးဘိုးရဲ့။ မေးစရာလေးရှိလို့ပါဆို။”
“ထိုးရမယ့်နေရာမသိတာကလား။ အေးလေ ဒီနယ်ကမှ မဟုတ်ပဲကိုး။ ဟိုးရှေ့က တရုတ်အစိန် ဆိုင်မှာသွားထိုးဗျား။ ဘိုးဘိုးလွှတ်လိုက်တယ်လို့သာပြော” (ဒါမှ ငါကော်မရှင်လေးဘာလေးရမှာဟ)
“ဟုတ်ဘူးဘိုးဘိုးရဲ့။ ခက်တော့တာပဲ။ မြည်းကိစ္စ မြည်းကိစ္စ။ မြည်းကိစ္စမေးချင်တာ”
“ဟေ ... မြည်းသားတင်တာတော့ ငါမကျွမ်းဘူးကွ။ ရွာနောက်ပိုင်းက ကိုမူတူးကိုသွားမေးချေ။ သူက တွေ့သမျှအကုန်သားတင်တယ်။ မိန်းမတော့ ခေါ်မသွားလေနဲ့နော်။ ကြားရဲ့လား။”
“ခက်တော့ နေပါပြီဘိုးဘိုးရယ် ... ကျွန်တော်ပြောတာလေးလဲ နားထောင်ပါဦး။ ဒီလိုဗျ ဒီလို ...

“...................................
“...................................
“...................................”

“အော ... မင်းတို့က စောစောမှ မပြောပဲကိုးကွ”
“ပြောဖို့လုပ်နေတာပဲ။ ဘိုးဘိုးမှ အခွင့်မပေးတဲ့ဟာကို”
“ကဲကဲ .. ဒီလိုလုပ်ဗျား။ (ဘိုင်ပြတ်နေတာနဲ့ အတော်ပဲဟ)။ ဟော ဟို ခြံဝိုင်းထဲမှာ လှည်းတစ်စင်း တွေ့လား။ အဲဒီလှည်းကိုဝယ်။ မင်းတို့မြည်းကို လှည်းမှာတပ်ပြီးတော့သာ ဆွဲခိုင်းပေတော့ဗျား။ အားလုံးအဆင်ပြေလိမ့်မယ်။ (ငါလဲအဆင်ပြေတာပေါ့။ ဘိုင်ပြတ်လို့ ရောင်းစရာရှာနေတာ ဟေးဟေး)။”
“ကျေးဇူးကြီးလှပါတယ်ဘိုးဘိုးရယ်။ ဥာဏ်ပူဇော်ခလေးတော့ လက်ခံပါနော။ ကန်တော့ပါရစေ”

ကဲ ပေတူးရေ။ အဲဒီလိုနဲ့ သားအဖနှစ်ယောက်လဲ မြည်းကို လှည်းမှာတပ်လို့ အတူတူ လှည်းစီးပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်သွားကြသတဲ့ကွယ်။ ပညာရှိကြီးဘိုးစနေလဲ သူ့ရဲ့ ရောင်းမစွံတဲ့လှည်းကို ရောင်းလိုက်ရလို့ ဝမ်းသာပီတိတွေ ဖြစ်သွားတာပေါ့။ ပုံပြင်ကတော့ ဒီလောက်ပါပဲ။ အိပ်တော့ ငါဂိမ်းဆော့တော့မယ်။
“ကိုကြီး လူလည်ကျတယ်။ ပုံပြင်အဟောင်းကို ကြံဖန်ပြီး အသစ်လုပ်သွားတယ်။ ဒီတစ်ခါမို့ ခွင့်လွှတ်လိုက်တာ။ နောက်တစ်ခါမရဘူး။ ဒါပဲ” လို့ ပြောပြီး ထွက်သွားတဲ့ ညီတော်မောင် ပေတူးကိုကြည့်ရင်း ဂိမ်းကိုပြန်ဆော့မယ်အလုပ်မှာပဲ မီးပျက်သွားပါတော့တယ်ခင်ဗျား။
ပြုံးရယ်နိုင်ကြပါစေ။

No comments: