ခုခေတ် ကလေးတွေများ မမွေးခင်ကတည်းက အပျင်းထူကြလွန်းတယ်လို့ပြောရင် ငစနေ လွန်လေမလားမသိ၊ ဒါပမေယ့် ဟုတ်ကိုဟုတ်တယ်ဗျာ။ ဒီရက်ပိုင်း ငစနေ တူတစ်ယောက် တူမတစ်ယောက်ရတာ နှစ်ယောက်လုံး ငပျင်းတွေချည်းပဲ။ ပျင်းလွန်းလို့ သူတို့အမေတွေဗိုက်ထဲ ခွေနေကြတာ အချိန်ကျတာတောင် ထွက်မလာကြဘူး။
ဖြစ်ပုံက ဒီလိုရယ်။ ငစနေ့ အစ်မတစ်ယောက်က ခြင်္သေ့ကျွန်းမှာနေပြီး နောက်တစ်ယောက်က မာလာယုကျွန်းဆွယ်မှာ နေကြသည်။ ၂ ယောက်စလုံး ရှေ့ဆင့်နောက်ဆင့် ၃ - ၄ လ ခြားပြီး ကိုယ်ဝန် ရှိပြီးသကာလ ခြင်္သေ့ကျွန်းက အစ်မက သားယောက်ျားလေးတစ်ယောက် အရင်ဆုံးမွေးလေသည်။ အစ်မမှာ ဆရာဝန်မို့ ကိုယ်ဝန်ရှိလဲ မနေနိုင်ပဲ ဆေးရုံတစ်ခုလုံး အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ ပြေးလွှားလှုပ်ရှားနေရတာ ကိုယ့်မွေးမယ့်ရက်တောင် ကိုယ်မေ့နေတတ်တယ်။ ဒါပေမယ့် တစ်ရက် ဆေးရုံက အိမ်ပြန်အရောက် ဗြုံးဆို ရေမွှာ ပေါက်သတဲ့။ ည ၁၁ နာရီခွဲလောက် ရှိနေပြီမို့ ကမန်းကတန်းပဲ ဆေးရုံကို ပြန်ပြေးရတာပေါ့။ ဆေးရုံရောက်ပြီးလို့ မွေးခန်းထဲ အသင့်စောင့်ပေမယ့် ကိုယ်တော်လေးက ထွက်မလာ။ နောက်နေ့ တစ်နေ့လုံးနှင့် တစ်ညလုံး စောင့်ပြီးကာမှ ကိုယ်တော်လေးက အပျင်းကြောဆွဲကာ ထွက်လာလေသည်။ ခက်ခက်ခဲခဲ မွေးရတာလဲ မဟုတ်ပါ။ ထွက်ချင်တော့လဲ ခဏသာ ဗိုက်နာပြီး ထွက်လာလေသည်။
မာလာယုက အစ်မလဲ ဘာထူးလို့တုန်း။ မွေးဖို့ သတ်မှတ်ထားတဲ့ရက် ကျော်လာပေမယ့် အထဲက ကလေးမက အိပ်ကောင်းနေတုန်း။ အထဲမှာ အိပ်လိုက်စားလိုက်နဲ့ပဲ အကောင်က အပြင်က ၂ လသား ကလေးလောက် ကြီးထွားနေပြီ။ ထွက်ဖို့ နည်းနည်းမှ စိတ်မကူး။ သူ့ယောက်ျား ဒေါင်တာရမ်းကု (အဟဲ ... သိပ်ကြည့်မရလို့ အဲဒလို တမင်ခေါ်တာဗျာ) ပြာယာတွေခတ်နေပြီး ဆေးရုံတင်ပြီး ဆေးသွင်းရသတဲ့။ အဲဒလို ၂ ရက်လောက် ပြာယာခတ်ပြီးကာမှ မနေ့ညနေ ၆ နာရီ ၁၀ မိနစ်မှာ အောင်မြင်စွာ ထွက်လာပါလေရောတဲ့။ အထဲမှာ အိပ်ကောင်းစားကောင်းနေတာ ကိုယ်အလေးချိန်က ၃.၇ ကီလို (၈ ပေါင်ကျော်) ရှိသတဲ့ဗျာ။
ဒါမို့ပြောတာ။ ဒီခေတ် ကလေးတွေ ပျင်းကျောက တယ်ထူပါတယ်လို့။

No comments:
Post a Comment