Saturday, February 02, 2008

ဖျက်မရသော အတိတ် ၅ - ရာထူး၊ ထိုင်ခုံနှင့် အာဏာ

ငယ်ဘဝအကြောင်းနည်းနည်းပြန်ဆက်ဦးမည်။

ရာထူးဆိုတာ ရူးတာ လို့တော့ လူရွှင်တော်တွေ အငြိမ့်မှာ ပျက်လုံးထုတ်ကြသည်။ အမှန်က ရာထူးဆိုတာ မရသူတွေအတွက်သာ မကောင်းတာ၊ ရထားသူတွေအတွက်က ကောင်းမှကောင်းဗျ။ ငစနေ ရာထူးအကြောင်းစသိတာ ၁ တန်းကျောင်းသားဘဝကတည်းကပေါ့။ ငစနေက အသက် ၅ နှစ်ခွဲမှာမှ ကျောင်းစတက်ရတာဆိုတော့ အတန်းထဲမှာ နည်းနည်း အကောင်ကြီးသည်။ ဆရာမတွေ သတိထားကြတာပေါ့။ သူငယ်တန်းကျောင်းစဖွင့်လို့ ဘာမှသိပ်မကြာလိုက် ပြဿနာက တက်တော့သည်။ ဖြစ်တာက ဒီလို၊ မင်းမင်းဆိုတဲ့ကောင်က ငစနေနဲ့ တစ်ခုံတည်းထိုင်တာ၊ တော်တော်ခင်သည်။ တစ်ရက် ငစနေက ဘေးကခုံပေါ်ကို ခြေထောက်လှမ်းတင်ပြီးထိုင်နေတာကို ဒီကောင်က အဲဒီခြေထောက်ကို ကြိုးခုန်သလို လာခုန်နေသည်။

“ဟေ့ကောင်၊ ပြုတ်ကျမယ်နော်”

ငစနေ လှမ်းသတိပေးလိုက်သေးသည်။ သို့သော် ကျေးဇူးရှင်က ရပါတယ်ကွာ ဟုဆိုကာ ဆက်ဆော့နေသည်။ ဘာမှမကြာလိုက် လွတ်အောင်မခုန်နိုင်တဲ့တစ်လှည့် ငစနေ့ခြေထောက်နှင့် ခလုတ်တိုက်မိကာ ရှေ့ကို ဟပ်ထိုးလဲကျတော့သည်။ သံမံသလင်းနှင့် မေးစိ မိတ်ဖွဲ့လေသော် သွေးများ ဖြာကနဲ ကျလေသည်။ ရလာဒ်က ဆေးခန်းသို့ပြေး၍ လေးချက်ချုပ်လိုက်ရသည်။ ဖြစ်ချင်တော့ အဖြစ်အပျက်က ငစနေ ခြေထောက်ထိုးခံသောကြောင့် မင်းမင်း ပြုတ်ကျပြီး မေးစိကွဲသည်ဟူသတတ်။ ဆရာမများကြားတွင် ငစနေ နာမည်ကြီးသွားသည်။

“တယ်မလွယ်တဲ့ကောင်၊ တစ်ခုံတည်းထိုင်တဲ့သူငယ်ချင်းကိုတောင် မေးစိကွဲအောင်လုပ်သတဲ့”။

အဖြစ်အပျက်မှန်ကို ငစနေနှင့် မင်းမင်းနှစ်ယောက်သာ သိကြသည်။ သို့သော် နှစ်ယောက်စလုံးက ဒီတိုင်းသာနေကြသည်။ ဘယ်သူ့ကိုမှ ရှင်းမပြကြ။ ဆရာမများက မင်းမင်းကို ခုံပြောင်းထိုင်ဖို့ပြောသော်လည်းမပြောင်း၊ သူငယ်ချင်းနှစ်ယောက် လည်ပင်းဖက်ပြီး ပေါင်းမြဲပေါင်းကြသည်။

ပထမတန်းသို့ရောက်သော် အတန်းပိုင်ဆရာမက ထိုအချက်ကို ထောက်၍ ငစနေ့အား ရာထူးတစ်ခု အပ်နှင်းလေသည်။ “မော်နီတာ” တဲ့။ အတန်းခေါင်းဆောင်၊ သို့မဟုတ် လူဆိုးထိန်းဆိုပါတော့။ ရာထူးနှင့်အတူ ပါလာတာက ထိုင်ခုံ။ ဒါကြောင့်မို့ တစ်ချို့က ရာထူးကို ထိုင်ခုံဟု သွယ်ဝိုက်ခေါ်ကြတာဖြစ်မည်။ ငစနေ တို့ ကျောင်းသားတွေ ထိုင်ရတဲ့ခုံက နောက်မှီမပါသော ခုံတန်းရှည်ကြီးတွေ။ တစ်တန်းကို ၂ ယောက်၊ သို့မဟုတ် ၃ ယောက် ထိုင်ရလေသည်။ ဆရာမ ထိုင်သောခုံက နောက်မှီရော လက်တန်းပါ ပါသောခုံ။ ငစနေတို့ အလွန်ထိုင်ချင်ကြပေမယ့် မည်သူမှ မထိုင်ရဲကြ။ ဆရာမ စားပွဲ၏ ဘေးတွင် ထိုခုံကဲ့သို့ နောက်တစ်ခုံရှိသေးသည်။ နောက်မှီတော့ပါသည်။ လက်တန်းမပါ။ ငစနေ မော်နီတာ ရာထူးရသောအခါ ဆရာမက ငစနေကို ထိုခုံ၌ ပေးထိုင်လေသည်။ အမြဲတမ်းတော့မဟုတ်။ ဆရာမ အပြင်သွားစရာရှိ၍ ငစနေ အတန်းထိန်းရသည့်အခါမျိုးဆိုလျှင် ထိုခုံမှာ ထိုင်ရသည်။ ဘာပဲဖြစ်ဖြစ် ထိုင်ခုံတစ်ခု တရားဝင်ရသောအခါ သွေးနားထင်ရောက်တတ်သော လူ့သဘာဝကို ငစနေ ငယ်စဉ်ကတည်းက သိမြင်ခွင့်ရခဲ့သည်။

ရာထူးနှင့်အတူ နောက်တစ်ခုပါလာတာက အာဏာဖြစ်သည်။ မော်နီတာဆိုတာ ဆရာမမရှိရင် သူအကြီးဆုံးဗျ။ ဆရာမက “ငစနေရေ၊ ဆရာမ အစည်းအဝေးသွားဦးမယ် အတန်းထိန်းထား၊ စကားပြောတဲ့ကောင်တွေနာမည်မှတ်ထားလိုက်၊ ငါပြန်လာမှ ဆော်မယ်” ဆိုလို့ကတော့ ငစနေတို့ အလွန် မျက်နှာပွင့်လေပြီ။ ငစနေ့အတွက် နာမည်မှတ်စရာ ဗလာစာရွက်ပေးသောသူနှင့်၊ ခဲတံချွန်ပေးသောသူနှင့်၊ အဟဲ ... ငစနေတို့ ကောင်းစားနေတာပေါ့။ မျက်နှာချို မသွေးလို့လဲမရ၊ ငစနေတို့ မျက်လုံးထဲ ကန့်လန့်ကန့်လန့်ဖြစ်လာလို့ကတော့ စကားပြောပြောမပြောပြော ထိုနာမည်စာရင်းထဲ ပါပြီသာမှတ်။ ဆရာမ ပြန်လာလို့ကတော့ အဲဒီကောင် အစစ်အဆေးအမေးအမြန်းမရှိ အနည်းဆုံး ၃ ချက်လောက်တော့ ဖင်ချွတ်ပြီး အရိုက်ခံရလေပြီ။ အတန်းထဲမှာ အကုန်လုံး စကားသံမထွက်ရ၊ အကုန် မှောက်အိပ်နေရသည်။ ခေါင်းပင်မထူရဲ။ ထိုအချိန်မျိုးမှာ အရှေ့ဆုံးမှာ နောက်မှီပါသော ထိုင်ခုံမှာ မိန့်မိန့်ကြီးထိုင်၍ စာရွက်တစ်ကိုင်ကိုင် ခဲတံတစ်ဝင့်ဝင့်နှင့် ဟန်ရေးပြနေသော ငစနေကို မြင်ယောင်သာကြည့်ကြပါတော့ဗျာ။

1 comment:

hana san said...

Nice post.
I makes me laugh.
thanks.
:)