Wednesday, November 28, 2007

ပျင်းကြောထူတဲ့ ပေါက်စလေးများ

ခုခေတ် ကလေးတွေများ မမွေးခင်ကတည်းက အပျင်းထူကြလွန်းတယ်လို့ပြောရင် ငစနေ လွန်လေမလားမသိ၊ ဒါပမေယ့် ဟုတ်ကိုဟုတ်တယ်ဗျာ။ ဒီရက်ပိုင်း ငစနေ တူတစ်ယောက် တူမတစ်ယောက်ရတာ နှစ်ယောက်လုံး ငပျင်းတွေချည်းပဲ။ ပျင်းလွန်းလို့ သူတို့အမေတွေဗိုက်ထဲ ခွေနေကြတာ အချိန်ကျတာတောင် ထွက်မလာကြဘူး။

ဖြစ်ပုံက ဒီလိုရယ်။ ငစနေ့ အစ်မတစ်ယောက်က ခြင်္သေ့ကျွန်းမှာနေပြီး နောက်တစ်ယောက်က မာလာယုကျွန်းဆွယ်မှာ နေကြသည်။ ၂ ယောက်စလုံး ရှေ့ဆင့်နောက်ဆင့် ၃ - ၄ လ ခြားပြီး ကိုယ်ဝန် ရှိပြီးသကာလ ခြင်္သေ့ကျွန်းက အစ်မက သားယောက်ျားလေးတစ်ယောက် အရင်ဆုံးမွေးလေသည်။ အစ်မမှာ ဆရာဝန်မို့ ကိုယ်ဝန်ရှိလဲ မနေနိုင်ပဲ ဆေးရုံတစ်ခုလုံး အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ ပြေးလွှားလှုပ်ရှားနေရတာ ကိုယ့်မွေးမယ့်ရက်တောင် ကိုယ်မေ့နေတတ်တယ်။ ဒါပေမယ့် တစ်ရက် ဆေးရုံက အိမ်ပြန်အရောက် ဗြုံးဆို ရေမွှာ ပေါက်သတဲ့။ ည ၁၁ နာရီခွဲလောက် ရှိနေပြီမို့ ကမန်းကတန်းပဲ ဆေးရုံကို ပြန်ပြေးရတာပေါ့။ ဆေးရုံရောက်ပြီးလို့ မွေးခန်းထဲ အသင့်စောင့်ပေမယ့် ကိုယ်တော်လေးက ထွက်မလာ။ နောက်နေ့ တစ်နေ့လုံးနှင့် တစ်ညလုံး စောင့်ပြီးကာမှ ကိုယ်တော်လေးက အပျင်းကြောဆွဲကာ ထွက်လာလေသည်။ ခက်ခက်ခဲခဲ မွေးရတာလဲ မဟုတ်ပါ။ ထွက်ချင်တော့လဲ ခဏသာ ဗိုက်နာပြီး ထွက်လာလေသည်။

မာလာယုက အစ်မလဲ ဘာထူးလို့တုန်း။ မွေးဖို့ သတ်မှတ်ထားတဲ့ရက် ကျော်လာပေမယ့် အထဲက ကလေးမက အိပ်ကောင်းနေတုန်း။ အထဲမှာ အိပ်လိုက်စားလိုက်နဲ့ပဲ အကောင်က အပြင်က ၂ လသား ကလေးလောက် ကြီးထွားနေပြီ။ ထွက်ဖို့ နည်းနည်းမှ စိတ်မကူး။ သူ့ယောက်ျား ဒေါင်တာရမ်းကု (အဟဲ ... သိပ်ကြည့်မရလို့ အဲဒလို တမင်ခေါ်တာဗျာ) ပြာယာတွေခတ်နေပြီး ဆေးရုံတင်ပြီး ဆေးသွင်းရသတဲ့။ အဲဒလို ၂ ရက်လောက် ပြာယာခတ်ပြီးကာမှ မနေ့ညနေ ၆ နာရီ ၁၀ မိနစ်မှာ အောင်မြင်စွာ ထွက်လာပါလေရောတဲ့။ အထဲမှာ အိပ်ကောင်းစားကောင်းနေတာ ကိုယ်အလေးချိန်က ၃.၇ ကီလို (၈ ပေါင်ကျော်) ရှိသတဲ့ဗျာ။

ဒါမို့ပြောတာ။ ဒီခေတ် ကလေးတွေ ပျင်းကျောက တယ်ထူပါတယ်လို့။

၁၀၉ - ၁၁၀ နောက်ဆက်တွဲ (၂)

ဘလော့ဖတ်သူအပေါင်းတို့ရေ၊ မင်္ဂလာပါဗျာ။ ကျွန်တော် ငစနေ ဘလော့မရေးဖြစ်တာ အတော်လေး ကြာသွားတဲ့အတွက် အထူးပဲ အနူးနဲ့အညွတ် တောင်းပန်ပါတယ်။ အလုပ်လေးတွေရှုပ်၊ အရှုပ်လေးတွေ လုပ်ရင်းနဲ့ ဘလော့ဘက် လက်ဦးမလှည့်ဖြစ်တာကြာပါပြီ။ ကိုငှက်စကား ခဏဌားသုံးရရင် စိတ်အကြည်ဓါတ် မရတာလဲပဲ တစ်ကြောင်း ပါပါတယ်။ အလုပ်ကောင်းကောင်းလေး ရပြီးကာမှ ဆင်ပြောင်ကြီး အမြီးတစ်တဲ့ ဇာတ်လမ်းနဲ့တွေ့နေတဲ့ ငစနေတစ်ယောက် ရှေးကုသိုလ်ကံအကောင်းစားလေးက နှံပြည်စုတ်မျက်ချေးလောက် ကျန်နေသေးလေတော့ ရုတ်တရက်ကြီးရယ် Admin manager မမက အချိန်စောပြီး ကလေးမွေးပါလေရော။ ဘာမှမဆိုင်ဘူးလို့မပြောနဲ့နော်၊ ဆိုင်သမှဆိုင်၊ သူ ခွင့်ယူပြီး လစ်သွားတော့ ဘောစိက ငစနေ့ကို လောလောဆယ်မှာ လူအသစ် ငှားပြီး လုပ်ငန်းတွေကို သင်ပေးရမှာ မဖြစ်နိုင်တဲ့အတွက် လုပ်ငန်းသဘောတွေ နားလည်နေတဲ့ ငစနေကပဲ ခဏလောက် ဆက်နေပေးပါဦးဆိုပြီး မနေ့က ပြောလာပါတယ်။ ဖိုးကျိုင်းတုတ်ဖြစ်သွားတဲ့ ငစနေ မျက်နှာသေလေးနဲ့ သူ့မှာ မိသားစုကို ဘယ်လောက် ပြန်တွေ့ချင်နေတဲ့အကြောင်း၊ ဒါပေမယ့်လဲ ဘောစိက သူ့ကို အလွန် ကောင်းခဲ့ဖူးတဲ့အတွက် အခုအချိန်မှာ ဘောစိကို ပြန်ပြီး ကျေးဇူးဆပ်တဲ့အနေနဲ့ ကူညီပေးမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် ဒီနှစ်ကုန်အထိပဲ နေပေးနိုင်မှာဖြစ်ကြောင်း ခပ်တည်တည် ပြောကြားပြီး အောင်မြင်စွာနဲ့ ဘောစိ အခန်းက ဆုတ်ခွာခဲ့ပါတော့တယ်။ ခုမှပဲ နည်းနည်း အမောပြေပါတော့တယ်။ အခုတော့ ငစနေတစ်ယောက် ကတ်အစိမ်းလေး ဆက်ကိုင်ပြီး ခြင်္သေ့ကျွန်းမှာ အပြတ်သောင်းကျန်းနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေဗျာ။

Saturday, November 10, 2007

မြန်မာ့အလံများ

ဘာရယ်မဟုတ် အင်တာနက်ထဲ လျှောက်သွားနေရင်းနဲ့ အလံတွေအကြောင်းရောက်သွားတယ်။ အလံဆိုတာက ဟိန္ဒူ ဘာသာစကားပါ။ မြန်မာမှာတော့ အရင်တုန်းက အလံ လို့သုံးတာ မကြားဖူးဘူး။ တံခွန်၊ ကုက္ကား ဆိုတာတွေပဲရှိတယ်။ နောက်ပိုင်း အိန္ဒိယလူမျိုးတွေ ရောက်လာတော့မှပဲ သူတို့စကားတွေလဲ မြန်မာစာထဲ ရောလို့ ၀င်လာတော့ မဆလာ၊ အာလူး၊ ဂေါ်ဖီ၊ ပလာတာ စတာတွေနဲ့အတူ အလံ ဆိုတာလဲ အသုံးတွင်ကျယ်လာပါတယ်။ အင်တာနက်ထဲ မြန်မာအလံတွေအကြောင်း ရှာမိတော့ အစောဆုံး အလံ အနေနဲ့ ခရစ်သက္ကရာဇ် ၁၅၀၀ လောက်က အသုံးပြုတဲ့အလံ လို့ ယူဆရတဲ့ ဟင်္သာအလံ ကိုတွေ့မိပါတယ်။


အစိမ်းအောက်ခံမှာ အ၀ါရောင် ဟင်္သာရုပ်နဲ့ အလံဟာ ဟံသာဝတီ နေပြည်တော်မှာ အသုံးပြုတဲ့ အလံဖြစ်မယ်လို့ ခန့်မှန်းမိပါတယ်။ သူ့ထက် နည်းနည်း နောက်ကျပြီး အသုံးပြုတာကတော့ မြန်မာ စစ်တပ်တွေမှာ ရှေ့ဆုံးက ချီတဲ့ သူရဲကြီး တံခွန် ဆိုတာပါပဲ။ ကြက်လျှာစွန်း ၃ ခုနဲ့ အလယ်မှာ န၀ရတ်ကိုးပါး စီချယ်ထားတဲ့ သူရဲကြီးတံခွန်ဟာ သူရဲကောင်းတို့ အမှတ်အသား လို့ သိရပါတယ်။


နောက် တံခွန်တစ်ခုကတော့ မင်းတုန်းမင်းရဲ့တပ်များ စစ်ချီရာမှာ သုံးတဲ့ တံခွန်လို့ ဆိုပါတယ်။ ကျွန်တော်တော့ အတိအကျ မှတ်တမ်းနဲ့ မမြင်ဖူးပါ။ ကြက်လျှာစွန်း ၃ ခုပါ အလံမှာ အလယ်က အနက်ရောင် အပေါင်းသင်္ကေတ နဲ့ ဖြစ်ပါတယ်တဲ့။



ကုန်းဘောင်မင်းဆက်မှာ အသုံးပြုခဲ့တယ်လို့ သေသေချာချာ ပြောနိုင်တဲ့ အလံတစ်ခုကတော့ ဒေါင်းအလံပဲဖြစ်ပါတယ်။ ဒေါင်းအလံကို ပုံစံ အတော်များများနဲ့ အသုံးပြုခဲ့ကြပါတယ်။ အခု ဒေါင်းအလံကတော့ မင်းခမ်းမင်းနားများမှာသုံးတဲ့ အဖြူရောင် ပိုးသားအောက်ခံမှာ အနီရောင် ချည်ထိုးဒေါင်းရုပ်ဖော်ထားတဲ့ အလံပါ။ တံခွန်ပုံစံ ကြက်လျှာ အနားသတ်မဟုတ်ပဲနဲ့ လေးထောင့်ပုံစံ အလံဖြစ်ပါတယ်။


အဲဒီကတည်းက စလို့ အမြီးဖြန့်ပြီးကနေတဲ့ ဒေါင်းဟာ မြန်မာ့အမှတ်တံဆိပ် ဖြစ်လာခဲ့ပါတယ်။ ဒေါင်းဟာ ကုန်းဘောင်မင်းဆက် မြန်မာဘုရင်တွေရဲ့ အမှတ်တံဆိပ် ဖြစ်ခဲ့ပြီး ဒေါင်းတံဆိပ် ဒင်္ဂါး၊ ဒေါင်းအလံ စသည်ဖြင့် ဘုရင်တို့ရဲ့ အမှတ်အသားကိုပြတဲ့နေရာမှာ ဒေါင်းရုပ်ကို အသုံးပြုလာပါတယ်။ အင်္ဂလိပ် ကိုလိုနီအစိုးရ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး နောက်ပိုင်းမှာတောင်မှ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအလံဟာ ယူနီယံဂျက် အလံနဲ့ ဒေါင်းတံဆိပ် ပေါင်းစပ်ထားတဲ့ အလံ ဖြစ်လာခဲ့ပါတယ်။


ဒီ အပြာရောင်အောက်ခံမှာ ဒေါင်းတံဆိပ်နဲ့ ယူနီယံဂျက် အလံဟာ ဒိုင်အာခီ အုပ်ချုပ်ရေး ပေးတဲ့အချိန်က စလို့ မြန်မာအစိုးရရဲ့ အလံအနေနဲ့ အသုံးပြုခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်ကို တော်လှန်ခဲ့တဲ့ မြန်မာလွတ်လပ်ရေးတပ်မတော် (BIA) ကလည်း ၃ ရောင်ချယ် ဒေါင်းအလံကိုပဲ အသုံးပြုခဲ့ပြန်ပါတယ်။


ဂျပန်ကို တော်လှန်ခဲ့တဲ့ မြန်မာ့တပ်မတော်ကတော့ အနီအောက်ခံမှာ အဖြူရောင် ကြယ်တစ်ပွင့်ပါတဲ့ တော်လှန်ရေးအလံကို အသုံးပြုလာပါတယ်။


ဂျပန် တော်လှန်ရေးပြီိးလို့ အင်္ဂလိပ် အစိုးရ ပြန်လာတဲ့အချိန်မှာတော့ ယူနီယံဂျက် ဒေါင်းအလံကိုပဲ ဆက်လက် အသုံးပြုခဲ့ပါတယ်။ ဘုရင်ခံအတွက် သီးသန့် အမှတ်တံဆိပ် အနေနဲ့ ယူနီယံဂျက်ရဲ့ အလယ်တည့်တည့်မှာ ဒေါင်းရုပ်ပါတဲ့ အလံတစ်ခု တီထွင် အသုံးပြုခဲ့ပါတယ်။


မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးတဲ့အခါမှာတော့ ပြည်နယ် ၅ ခုနဲ့ ပြည်မ၊ အေးချမ်းသာယာခြင်း၊ ရဲရင့်ပြတ်သားခြင်း ဆိုတဲ့ အဓိပ္ပါယ်တွေကို ဖော်ဆောင်တဲ့ ကြယ်ဖြူ ၆ ပွင့်နဲ့ ပြည်ထောင်စုအလံတော်ဟာ မြန်မာနိုင်ငံရဲ့ တရားဝင် အမှတ်အသား ဖြစ်လာခဲ့ပါတယ်။



သမ္မတရဲ့ အမှတ်တံဆိပ် အနေနဲ့ကျတော့ လိမ္မော်ရောင် အောက်ခံမှာ ဒေါင်းတံဆိပ်ပါတဲ့ အလံကို အသုံးပြုတယ်လို့ တွေ့ရပါတယ်။


မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အာဏာရလာတဲ့ နောက်ပိုင်းမှာ တိုင်းနဲ့ပြည်နယ် ၁၄ ခု၊ အလုပ်သမား၊ လယ်သမား အင်အားစု၊ အေးချမ်းသာယာခြင်း၊ ရဲရင့်ပြတ်သားခြင်းဆိုတဲ့ အဓိပ္ပါယ်တွေနဲ့ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်ရဲ့ အလံဟာ အနီအောက်ခံနဲ့၊ ဘယ်ဖက် အပေါ်ထောင့်မှာ အပြာရောင်အောက်ခံ၊ စက်သွား၊ စပါးနှံနဲ့ အရွယ်အစားညီ ကြယ်ဖြူ ၁၄လုံးပုံစံ အဖြစ် ပြောင်းလဲ ထွက်ပေါ်လာခဲ့ပါတယ်။


ဒီအလံဟာ အခုလက်ရှိအချိန်အထိ မြန်မာနိုင်ငံတော်ရဲ့ အမှတ်တံဆိပ်အဖြစ် ရပ်တည်နေတဲ့ အလံဖြစ်ပါတယ်။ အခုတော့ ဒီ အလံတော်ကိုလဲ ပြုပြင်ပြောင်းလဲပစ်ဖို့ ညှိနိုင်းတိုင်ပင်နေကြပြန်ပါပြီ။ သုံးရောင်ချယ် အောက်ခံမှာ အဖြူရောင် ကြယ်တစ်ပွင့် ပါမယ်ဆိုတဲ့ အခြေခံ သတ်မှတ်ချက်တစ်ခုကိုတော့ ထုတ်ပြန်ထားပြီး ကျန်တာကတော့ ဘယ်လိုပုံစံဖြစ်မယ်ဆိုတာကို ဆက်လက် ဆွေးနွေးနေကြပါတယ်။ ဒီလောက်ဆိုရင်တော့ မြန်မာ့အလံတွေအကြောင်း အတော်လေး ပြည့်စုံလောက်ပါရဲ့။

Monday, October 29, 2007

၁၀၉ - ၁၁၀ နောက်ဆက်တွဲ

အရင်တုန်းက သူငယ်ချင်းတွေကြားထဲမှာ မဖြစ်နိုင်သော ကိစ္စတစ်ခုခု ရှိလာပြီဆိုလျှင် “ဟုတ်ပါ့မလား မောင်ကာဠုရယ်” ဟု မေးတတ်ကြသည်။ အမေးခံရသော သူကလဲ “ဒါ့ထက်တောင်ပိုသေး” ဟု ပြန်ပြောနေကျ။ အခုလဲကြည့်၊ ငစနေ့ အလုပ်ကိစ္စမှာ ရုံးအသစ်က လူများက သူတို့သွား၍ဖြေရှင်းလျှင် ကျိန်းသေပေါက် ရမည်ဟု အာမဘန္ဒေ ခံလိုက်ကြပြီး တစ်ကယ်တမ်းသွားတွေ့သောအခါ အောင်ဖျာလိပ်လာကြလေသည်။ quota တစ်ယောက်လိုနေသဖြင့် S-pass ကို reject လုပ်လိုက်ကြောင်း၊ Employment pass လဲ ရနိုင်မည်မဟုတ်ဟု ယူဆရကြောင်း၊ အသေချာဆုံးမှာ local ၂ ယောက်ခန့် အလုပ်ထပ်ခန်ပြီးမှ ပြန်တင်စေလိုကြောင်း၊ စသည်ဖြင့် ထို Milk of Magnesium အဲလေ Ministry of Manpower မှ တာဝန်ခံအရာရှိက ပြန်ကြားသော ဟူ၏။ ဖြစ်နိုင်ခြေ တစ်ခုကတော့ EPEC ဟုခေါ်သော အလုပ်ရှာခွင့်လက်မှတ် လျှောက်ကြည့်ပါက ရနိုင်သည်ဟု ထပ်ဆင့် အကြံပေးသောကြောင့် ငစနေတစ်ယောက် EP online website မှနေ၍ တင်ရပြန်လေသည်။ သို့သော်လည်း ၄ ရက်အတွင်းမှာပင် ထို EPEC ကိုလဲ လက်မခံ ပယ်ချလိုက်ကြောင်း လျှပ်စစ်ချောစာမှတစ်ဆင့် အကြောင်းကြားလေသောအခါ ... အဟဲ ... ဘာတတ်နိုင်မှာ မို့လို့တုန်းဗျာ ... နောက်ဆုံး အစီအစဉ်ကိုပဲ အကောင်အထည် ဖော်ဖို့ ရုံးအသစ်ကို အကြောင်းကြား ရတော့တာပေါ့။

ခုအခြေအနေအတိုင်းဆိုလျှင် နိုဝင်ဘာလထဲ လူအသစ် ထပ်ခန့်၊ နိုဝင်ဘာလကုန် လခပေးတော့မှ CPF ဆောင်တဲ့ data အသစ်နဲ့ ဒီဇင်ဘာလထဲလောက် S-pass ပြန်တင်နိုင်လျှင် အတိုင်းထက်အလွန် ဝမ်းသာဖို့ကောင်းနေပြီ။ ဒါက စက်သူဌေးဖြစ်မယ့် တွက်ရေး၊ တစ်ကယ်တမ်း တွက်ကြည့်မှ စက်မရှိတာတွေက အများကြီးရယ်။ လောလောဆယ် S-pass အဟောင်းက အလွန်ဆုံး ကိုင်ထားနိုင်ရင် နိုဝင်ဘာလကုန်ထိ၊ အဲဒါကို ပြန်အပ်လိုက်ရလျှင် ဒီဇင်ဘာလထဲမှာ တစ်ကယ့် ၁၀၉ - ၁၁၀ စစ်စစ် အလည်အပတ် ဗီဇာလေးနဲ့ ငုတ်တုတ်လေး ထို့င်နေသည့် ငစနေကို ဘလော့ဖတ်ရှုသူအပေါင်းတို့ တွေ့မြင်ရတော့မည်ဖြစ်ကြောင်း .....

ခြင်ကာပူ မှ ဘလော့ရှုသူတို့ရေ။ ဖတ်ပြီး ဒီတိုင်းတော့ ပြန်မသွားကြပါနဲ့။ ဘယ်လိုလုပ်ရင် ကောင်းမယ်ဆိုတာလေး comment ဝင်ပေးသွားကြပါဦး။

Tuesday, October 23, 2007

၁၀၉ - ၁၁၀


ဘောစိက ဂွတ်လပ်ဟုပြော၍ လက်ဆွဲနှုတ်ဆက်လိုက်သောအခါ ဖိုးစနေတစ်ယောက် မျောက်သစ်ကိုင်းလွတ် ၁၀၉ - ၁၁၀ ဖြစ်လေပြီ။ အဲဒါမှ ခက်ပါ့ ... ဒီဘက်က ထွက်လို့တော့ ရပြီ၊ ဟိုဘက်က ၀င်ရဖို့အရေး MoM ဆိုသော Milk of Magnisium အဲလေ ... Ministry of Manpower ဆိုတာကြီးက pass ကို ဂျက်ထားလေတော့ ကန့်လန့်ကန့်လန့် ဖြစ်ကုန်ပြီပေါ့။ တစ်ဖက်အလုပ်ရှင်ကတော့ မင့် ချို့ယွင်းချက်ကြောင့်မဟုတ်ပါ ... ငါတို့ management issue တစ်ခုရှိ၍ဖြစ်သည် မနက်ဖြန် သွား၍ ဖြေရှင်းလိုက်လျှင် ရနိုင်ပါသည်ဟု အားပေး၏။ ဟုတ်ပါ့မလား မောင်ကာဠုရယ် ဟုသာ မေးလိုက်ချင်သည်။ ဒါ့ထက်တောင် ပိုသေးဟု ပြောရင်တော့ မတတ်နိုင်။ မရလျှင်တော့ တစ်ခြားအလုပ်တစ်ခု ရှာရုံပေါ့ ဖိုးစနေရယ်။ မင်းကတော့ ဖြစ်လိုက်ရင် ဘယ်တော့မှ ချောချောမွေ့မွေ့ပြီးတယ်မရှိ။ အမြဲတမ်း တစ်ခုမဟုတ်တစ်ခု လွဲရမှ အဆင်ပြေသူဆိုတော့လဲ ... အင်း ... နောက်ဆုံးကျရင်တော့ အဆင်ပြေသွားပါလိမ့်မယ်။ ငါးမရ ရေချိုးပြန် ... အလုပ်မရ အထုတ်ဆွဲပြန်ရုံပေါ့။ အဟက်ဟက် ... ကိုကြီးဒေါင်းရေ ... ကယ်တော်မူပါ .. အဟိ