အချိန်က ည ၉း၃၀ ပဲရှိပါသေးတယ်။ ရထားက ည ၁၁း၃၀မှ လာမှာမို့လို့ ပထမတော့ ငစနေတစ်ယောက် ဘူတာထဲမှာ ကျီးကြည့်ကြောင်ကြည့်နဲ့ အနေအထားကို လှည့်ပတ်ကြည့်မိပါတယ်။ ဘူတာက ခပ်သေးသေး၊ ခပ်ဟောင်းဟောင်းပါပဲ။ အပေါ်ထပ်မှာတော့ ရုံးခန်းတွေဘာတွေ ရှိမယ်နဲ့တူပါရဲ့။ အောက်ထပ်မှာတော့ အ၀င်ဝကနေကြည့်ရင် အရှေ့တည့်တည့်က ရထား platform ပေါ်ကိုဆင်းတဲ့ တံခါးပါ။ ဘယ်ဘက်ကိုကြည့်ရင် ဟောခန်းကြီးရဲ့အဆုံးမှာ လက်မှတ်ရောင်းတဲ့ ကောင်တာရှိပါတယ်။ အလယ်တစ်ခုလုံးကတော့ ခရီးသည်တွေ နားနေဖို့ ထိုင်ခုံတန်းတွေဖြစ်ပြီး ညာဘက်မှာ သက်သာအရောင်းဆိုင်လေး တစ်ခုရှိပါတယ်။ သက်သာဆိုင်ရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ ရထားနဲ့ စင်္ကာပူကိုဝင်မယ့်လူတွေအတွက် immigration office နဲ့ အပေါ်ထပ်ကိုတက်တဲ့ လှေခါးကို တွေ့ရတယ်။ ခန်းမတစ်ခုလုံးကို ceiling mounted aircon တွေ တပ်ထားပေမယ့် တံခါးတွေ ဖွင့်ထားလို့လား၊ ဒါမှမဟုတ် aircon တွေ အကုန်မဖွင့်လို့လားတော့မသိ၊ လူနည်းပေမယ့် လေထုက ခပ်အိုက်စပ်စပ်ရယ်။
travelers' lounge and ticket counter
ပထမတော့ ငစနေလဲ ဘူတာထဲမှာပဲ စာဖတ်ရင်းနဲ့ ရထားထိုင်စောင့်နေသေးတယ်၊ နောက်တော့ ပျင်းလဲပျင်း၊ ဗိုက်လဲဆာလာတာနဲ့ အထုပ်ဆွဲပြီး JB မြို့ထဲကို ပြန်ထွက်လာခဲ့ပါတယ်။ ဘူတာရုံရဲ့ ရှေ့တည့်တည့်မှာရှိတဲ့လမ်းကနေ တစ်ဘလောက် လျှောက်လိုက်ရင် JB ရဲ့ မြို့လည်ကို ရောက်ပါပြီ။ မြို့လည်ဆိုတော့ တစ်ခြားနေရာတွေနဲ့မတူ ပိုပြီး သပ်ရပ်ပါတယ်။ လမ်းတွေလဲ ကောင်း၊ shopping centre တွေလဲ ကောင်း၊ ဆိုင်တွေလဲ အများကြီးဖွင့်ထားပါတယ်။ shopping centre တွေကတော့ ည ၁၀ နာရီဆို ပိတ်ပြီမို့ ငစနေ ရောက်သွားတဲ့အချိန်မှာ ဘာမှမရှိတော့ပါ။ ဒါပေမယ့် McDonald ဆိုင်တစ်ဆိုင်တော့ ဖွင့်ထားသေးတာနဲ့ ညစာကို Mc ပဲ စားတော့မယ်ဆိုပြီး ဆိုင်ထဲကိုဝင်လိုက်ပါတယ်။ counter မှာ menu ကြည့်လိုက်တာနဲ့ မျက်လုံးပြုးစရာက စပါတယ်။ Burger နဲ့ Chicken Nugget ကလွဲလို့ SG မှာရှိတဲ့ တစ်ခြားဟာတွေ မရှိပါ။ ကောင်းနိုးရာရာလေး လျှောက်ကြည့်ရင်း Grilled Beef Foldover တစ်ခု နဲ့ အာလူးချောင်းကြော်နဲ့ အအေးနဲ့ စားလိုက်ပါတယ်။ ဟုတ်ကဲ့ ဈေးကတော့ စင်္ကာပူက ဈေးရဲ့ တစ်ဝက်သာသာပဲ ကျပါတယ်။ အစားသောင်းကျန်းနေတာ နာရီကို ကြည့်မိတော့ ည ၁၁း၁၅ ရှိပါပြီ။ ရထားက ၁၁း၃၅ မှာ လာမှာမို့လို့ စားလက်စကို ကမန်းကတမ်း လက်စသတ်ပြီးတော့ ဘူတာကို ပြန်ပြေးရပြန်ပါတယ်။ ဟိုရောက်တော့ လူတွေအကုန် platform ကိုဆင်းနေကြပါပြီ။ ငစနေလဲ ရောယောင်ပြီး platform ကိုဆင်းလိုက်ပါတယ်။ platform မှာ ကိုယ်စီးရမယ့်တွဲက ဘယ်နားထိုးမယ်ဆိုတာကို label တွေပြထားတဲ့အတွက် ငစနေတစ်ယောက် ကိုယ်စီးရမယ့် တွဲအမှတ် K2 ထိုးမယ့်နေရာမှာ ထိုင်စောင့်နေလိုက်ပါတယ်။ မကြာပါ ရထားကြီး ၀င်လာပါပြီ။ (စုတ်ပြတ်မှုန်ဝါးနေသော ပုံအတွက် သည်းခံပေးကြပါ)
ငစနေ လက်မှတ်ယူထားတဲ့ Airconed Secondary Class (ASC) ဆိုတာ အကောင်းစား မဟုတ်ပါဘူး။ သူ့အောက်မှာ Economy Class တစ်ခုပဲ ရှိပါတော့တယ်။ ဒါပေမယ့် ညရထားမှာက ပထမတန်းထိုင်ခုံတွေအစား အိပ်စင်တွဲတွေ အစားထိုးထားတဲ့အတွက် အိပ်စင် မယူချင်တဲ့ ငစနေတစ်ယောက် ဒုတိယတန်းခုံပဲ ယူလိုက်ရပါတယ်။ ရထားတွဲထဲမှာတော့ အတော်လေးကို သပ်သပ်ရပ်ရပ် ရှိပါတယ်။ ရထားပေါ်မှာ သန့်ရှင်းရေးဝန်ထမ်းတွေ ရှိပြီး ဘူတာ တစ်ခါဝင်လို့ လူအတက်အဆင်း တစ်ခါလုပ်ပြီးတိုင်း သန့်ရှင်းရေးတစ်ခါလုပ်ပါတယ်။ ရထားထိုင်ခုံတွေက တစ်ဖက်တည်းကို မျက်နှာမူထားတာမဟုတ်ပဲ နီးတဲ့ အပေါက်ဘက်ကို မျက်နှာလှည့်ထားတာပါ။ တစ်မျိုးတော့ ထူးဆန်းနေတာပေါ့။ နှစ်ခုံတွဲ ခုံတွေက အလယ်လက်တန်းက ခေါက်သိမ်းလို့ရသော ထိုင်ခုံများဖြစ်၍ စုံတွဲများအတွက် များစွာ အဆင်ပြေလေသည်။ စုံတွဲမပါသော ငစနေအတွက်လဲ ဘေးခုံက လူမရှိသဖြင့် လက်တန်းခေါက်က တစ်ယောက်တည်း နှစ်ခုံထိုင်ပြီး အတော်လေး ဇိမ်ကျခဲ့သည်ပေါ့။