Tuesday, June 19, 2007

စနေငပေ တေလေငတုံး

သူများတွေ ဘလော့ဘလော့ဆိုတော့ ငစနေ တစ်ကောင်လဲ ဘလော့ချင်လာသည်။ ဘလော့သာဘလော့ချင်တာ ဘာကို ဘလော့ရလို့ ဘလော့ရမှန်းမသိ။ တက်ကနစ်ကယ် အကြောင်း ဘလော့ရအောင်လဲ ကိုယ့်ထက် တတ်တဲ့ ဆရာတွေက တစ်ပုံကြီး၊ ပထ၀ီ၊ သမိုင်း၊ သိပ္ပံ ဘာတစ်ခုမှ ဟုတ်တိပတ်တိမသိ၊ စာပေအနုပညာဆိုလို့ ၀လုံး ပုတ်လောက်ရေးလို့မှ သုညနဲ့ မခွဲတတ်။ ဒီကြားထဲ ဆိုင်မဆိုင်တော့ မသိ တစ်ခုရှိသေးသည်။ ငစနေက ဗြိစ္ဆာရာသီဖွား၊ စကားအလွန်နည်းသည်။ အိမ်မှာလဲ စကားမပြောလို့ အဖေနှင့်မတည့်၊ ဒီအကောင် အလွန်ဘ၀င်ကိုင်သည် တဲ့။ ရုံးမှာလဲ စကားမပြောလို့ အဆင်မပြေ၊ ဘောစိကအစ ဒီအကောင် ပေါင်းသင်းဆက်ဆံရေး အလွန်ညံ့သတဲ့။ အဲဒလိုကောင်က ဘလော့မည်ဆိုတော့ စဉ်းစားသာ ကြည့်ကြပါတော့။ အခုပဲကြည့် ... ဒီဘလော့ကို စရေးတာ ၁ နှစ်ပြည့်ပြီ။ အခုအထိ ဖြစ်ဖြစ်မြောက်မြောက် ဘာတစ်ခုမှ မရေးရသေး။ ကဲ ... ဘယ်လိုများ ဘလော့ရပါ့။ မတတ်နိုင် ... ဒီလောက် ဘလော့ချင်နေမှတော့ အင်ထရိုလေးနဲ့ အရင်စရပေမပေါ့။

ပစ္စုပ္ပန် အကြောင်းပြောရလျှင် ငစနေတစ်ယောက် ဒီစာရေးနေတဲ့အချိန် ၂၀၀၇ ခုနှစ်မှာ အသက် ၂၅ နှစ် ပြည့်ပြီးသွားပြီ။ အသက် ၂၂ နှစ်မှာ Bachelor in Computer Science ဟုခေါ်သော ဘွဲ့တစ်ခုကို အကြွေးတစ်ခုမှ မတင်ပဲ (တစ်နည်းအားဖြင့် credit တစ်ခုမှ မရပဲ) ရရှိလာပြီးသကာလ Software production industry ထဲသို့ မယောင်မလည် ရောက်ရှိနေသည်မှာ ၃ နှစ်ကျော်လောက် ရှိပြီးနေချိန်ဖြစ်သည်။ ရန်ကုန်မှာ တစ်နှစ်ကို ကုမ္ပဏီ တစ်ခုနှုန်းနီးပါးဖြင့် ၃ နှစ်ခွဲတွင် ကုမ္ပဏီ ၃ ခုပြောင်းခဲ့ပြီး နောက် အမေက မကောင်းကျောင်းပို့ သဘောဖြင့် ခြင်္သေ့ကျွန်းဟု အမည်ရသော နေရာတစ်နေရာသို့ ကန်လွှတ်လိုက်သဖြင့် ရောက်နေသည်မှာ ၅ လခန့် ရှိသွားပြီဖြစ်သည်။ မကောင်းကျောင်းပို့ ဆိုသည်မှာ စကားပုံအရ ပြောရခြင်းဖြစ်သည်။ ငစနေ ခြင်္သေ့ကျွန်းတွင် ကျောင်းမတက်ဖြစ်ပါ။ အလုပ်တစ်ခု ၀င်လုပ်ရင်း လိပ်ကို ပက်လက်လှန်ထားသလို ယက်ကန်ယက်ကန် ဖြစ်နေသည်ဆိုပါတော့။

No comments: