Tuesday, June 19, 2007

ဖျက်မရသောအတိတ် ၁ - မူကြိုကျောင်းသား

အတိတ်ကိုပြန်သွားရလျှင် ...

ငစနေက စနေသား ... နေတက်ရေတက်မှာမွေးသတဲ့။ မွန်းလွဲ ၃း၁၅ ဆိုတော့ နေက တက်ပြီး နည်းနည်း ပြန်ကျသွားလို့လားမသိ စိတ်ကတော့ သိပ်မကြီးတတ်။ မွေးချင်း ၂ယောက်ထဲမှာ အငယ်ဆုံး။ အကြီးဆုံး အစ်မကြီးနဲ့ ၅ နှစ်ကွာသည်။ အစ်မကြီးနဲ့ ငစနေကြားထဲမှာ အထီးမှန်း အမမှန်း မသိလိုက်သော အကောင် ၂ ကောင်ရှိသေးသည်။ စောစောစီးစီး ဘုရားသခင်က ပြန်ခေါ်သွား၍ အဖတ်မတင်လိုက်။ ငစနေ့ အဖေရော အမေပါ နိုင်ငံ့ဝန်ထမ်းတွေ၊ အဲဒီတော့ ငစနေ ငယ်ငယ်ကတည်းက အမေဘက်က အဖွားလက်ပေါ်မှာပဲ ကြီးရသည်။ အဖေ့ဘက်က အဖွားကတော့ ငစနေ မမွေးခင် ၂ နှစ်လောက်အလိုမှာ ဆုံးသွားသည်။ အဖိုးတွေကတော့ ဆုံးတာ ကြာပေါ့။ အဖွားလက်ပေါ် ကြီးတဲ့ကောင်ဆိုတော့ ထုံးစံအတိုင်း မိဘနဲ့ သိပ်အစေးမကပ်။ အဖေနဲ့ဆို ပိုဆိုးသေး။ အဖေက လူပုစိတ်တို၊ သူလဲ စနေသားပဲ။ ငစနေကလဲ ဂျစ်တစ်တစ်ရွဲ့တဲ့တဲ့ဆိုတော့ တစောင်းစေးနဲ့ မျက်ချေးပေါ့။ အဖေက ငစနေ့ကို မချစ်တာတော့မဟုတ်၊ တော်တော်လေးချစ်သည်၊ ဒါပမေယ့် ငစနေက အဖေဖြစ်စေချင်သလိုမလုပ်၊ အဖေကြိုက်သလိုမနေ၊ တော်တော်လေး ထော်လော်ကန့်လန့်နိုင်သည်။ အဲဒီတော့ အဖေနဲ့ ကွိုင်တက်တော့တာပေါ့။

ငစနေ မှတ်မိသလောက် ငယ်ငယ်တုန်းက တော်တော်လေး အူတိအူကြောင်နိုင်သည်။ ငစနေ ၃ နှစ်သားလောက်မှာ မူကြိုစတက်သည်။ မှတ်မှတ်ရရ လူမှုဝန်ထမ်းကဖွင့်တဲ့ မူကြိုအမှတ်၅၊ ကျောက်မြောင်းထဲမှာ သွားတက်ရသည်။ ငစနေ မှတ်မိသလောက် အဲဒီမှာ ၁နှစ်နီးပါးကြာသည်။ ပေါင်းသင်းဆက်ဆံရေး အလွန်ကောင်းသဖြင့် သူငယ်ချင်း တစ်ယောက်မှမရ၊ နေ့လည်ဆို မုန့်စားပြီးလျှင် ဆရာမက တစ်ရေးတစ်မော အိပ်ခိုင်းတတ်သည်။ ထိုအချိန်မျိုးဆိုလျှင် ငစနေတို့ မျက်လုံးမှိတ်ကာ အိပ်ချင်ယောင် ဆောင်နေတတ်သည်။ ဆရာမ အနားမှာမရှိလျှင် ပါလာသော လက်ကိုင်ပုဝါကို အရုပ်ပုံစံဖြစ်အောင် ခေါက်ကာ ဆော့နေလေ့ရှိသည်။

မူကြိုမှာ ဆေးရောင်တွေချယ်ရသည်၊ ကဗျာတွေ ဆိုရသည်။ ဒါကို အမေက သိပ်မကြိုက်၊ ဒီမူကြို စာမသင် ဟုဆိုတာ ငစနေ ၄ နှစ်သားလောက်မှာ မူကြိုပြောင်းအပ်လိုက်သည်။ အလုပ်သမားဆေးရုံနားက St. Francis Church တွင် ဖွင့်ထားသော မူကြိုသို့ ပြောင်းရသည်။ ရောက်ရောက်ချင်း နေ့မှာပင် ငစနေတို့ ပညာပြတော့သည်။ စာသင်သည့် Sister က ငစနေ့ကို ၀လုံး ၅ မျက်နှာရေးခိုင်းသည်။ ၃ မျက်နှာလောက်ရောက်တော့ ငစနေ ပျင်းလာသည်။ စာဆိုလျှင် လက်ကြောမတင်းတတ်သော အကျင့်က အဲဒီက စတာပေါ့။ အနားလှည့်ကြည့်တော့ ခပ်ချောချော ကောင်မလေးတစ်ယောက်၊ အရွယ်က ငစနေနဲ့ မတိမ်းမယိမ်းပေါ့။ ဘယ်က ဘယ်လိုစလိုက်သည်တော့မသိ၊ Sister ပြန်ရောက်လာသည့်အချိန်တွင် ငစနေတစ်ယောက် ကောင်မလေးနဲ့ စကားလက်ဆုံကျနေပြီ။ စကားကောင်းနေလို့ Sister ကြီးပြန်လာတာတောင် မသိလိုက်။ အဆုံးမတော့ ၂ယောက်လုံး အရိုက်ခံရပါလေရော။ ကောင်မလေးက ငစနေထက် ၂ ချက်လားမသိ ပိုအရိုက်ခံရတယ်။ လူဟောင်းဖြစ်ပြီး စည်းကမ်းဖောက်လို့တဲ့။ ညနေ အိမ်က လာကြိုတော့ Sister ကြီးက လာကြိုတဲ့သူကို တိုင်သည်၊ ဒီကောင် စာလဲမလုပ် တော်တော်လဲ စကားများသတဲ့။ အဲဒါနဲ့ အမေက နောက်နေ့ သွားဦးမလား မေးသောအခါ ငစနေ ခေါင်းကိုသာ တွင်တွင်ခါလေသည်။ ထိုသို့ဖြင့် ငစနေ့ log book တွင် ၁ ရက်သာခံသော မူကြိုအဖြစ် စာရင်းဝင်သွားလေသည်။

နောက်တော့ အမေက သူတို့ရုံးနားက မူကြိုတစ်ခုကို ခေါ်သွားကာ အပ်ပေးသည်။ ဆရာမကြီး ဒေါ်မာလာတင် ဖွင့်ထားသော မူကြိုဖြစ်လေသည်။ ဒီတစ်ခါတော့ ငစနေ ဘာစိတ်ကောင်းဝင်သွားသည်မသိ၊ စာတွေဘာတွေ ကောင်းကောင်းလုပ်သည်။ ဆရာမကြီးက စာလုပ်ခိုင်းတာ နည်း၍လည်း ဖြစ်နိုင်သည်။ သို့သော် ကြာကြာမခံလိုက်၊ အမေနှင့် သွားကြည့်သောရုပ်ရှင် "မအေးပွင့်၊ မြင့်မြင့်စမ်း၊ လမ်း၃၀" တွင် ဒေါ်မာလာတင်က လူဆိုးအဖြစ် သရုပ်ဆောင်တာကိုကြည့်ပြီး ကြောက်သွားကာ သွားမတက်တော့ပေ။ ငစနေတစ်ယောက် အဖွားအိမ်သို့ နောက်တစ်ခေါက် ပြန်ရောက်ရသည်ပေါ့။

နယုန်မိုးသေး မြက်သားမွေး ဆိုသော နယုန်လလို့ ရောက်လေပြီ၊ မိုးကသေးယုံမျှမဟုတ်၊ လမ်းများပင် ရေလျှံအောင် ရွာလေ၏။ ကျောင်းဖွင့်ချိန်ဖြစ်သဖြင့် အမေက ငစနေ့ကို ကျောင်းထားဖို့ပြင်သည်။ ခက်တာက ငစနေက တန်ဆောင်မုန်းလဖွားဆိုတော့ ကျောင်းအပ်ရမည့်အချိန်တွင် အသက်က ၄ နှစ်ခွဲ၊ ကိုးယိုးကားယား ဖြစ်နေလေသည်။ အဖွားက ငါ့မြေးငယ်သေးတယ် စာမလိုက်နိုင်လျှင် ကလေးစိတ်ညစ်လိမ့်မယ် ဟုဝင်တားသောကြောင့် ကျောင်းတစ်ကယ်တက်ရန် အစီအစဉ်ပျက်လေသည်။ ငစနေ့အမေမှာ မိခင်စကားကိုလဲ မပယ်ရှားချင်၊ ငစနေ့ကိုလဲ မကောင်းကျောင်းပို့လုပ်ချင် နှင့် အတော်ဗျာများကာ နောက်ဆုံးတွင် ဘယ်လိုကဘယ်လို စုံစမ်းလို့ ရသည်မသိ၊ အ.မ.က (၁၇) တာမွေမြို့နယ် ဆိုသော ကျောင်းတစ်ကျောင်းသို့ ငစနေတစ်ကောင် ကျောင်းပျော်အဖြစ် ရောက်သွားလေတော့သည်။ ငစနေကတော့ ထိုကျောင်းကို ဒေါ်ခင်ရီကျောင်း ဟုခေါ်၏။ အကြောင်းမှာ ငစနေတက်ရသော အတန်း၏ အတန်းပိုင်ဆရာမမှာ ဒေါ်ခင်ရီဆိုသော ဆရာမဖြစ်သောကြောင့်ဖြစ်ဟန်တူသည်။

ကျောင်းပျော်ဆိုသည်မှာ ကျောင်းတော့ တက်ရသည်၊ သို့သော် စာမေးပွဲများကိုဝင်ဖြေစရာမလို၊ အတန်းတင်စာမေးပွဲမဖြေရသော ကျောင်းသားဖြစ်သည်။ ကျောင်းတွင် ငစနေ ရှားရှားပါးပါးသူငယ်ချင်းတစ်ယောက် ရလာသည်၊ နာမည်က Austin ဟုဖြစ်သည်။ သူလည်း ငစနေ့ကဲ့သို့ပင် ကျောင်းပျော်ဖြစ်သည်။ ငစနေ၏ ပထမဆုံး ကျောင်းသားဘ၀တွင် မှတ်မိသည်မှာ ကျောင်းရှေ့မှ ဈေးသည်များဖြစ်သည်။ ဈေးသည်ကြီးတစ်ယောက်က စက်ဘီးကယ်ရီယာတွင် သစ်သားပုံးတစ်ခုတင်ကာ ဘေးတွင်တပ်ထားသော လက်ကိုင်ကိုလှည်၍ ငှက်သိုက်မုန့်များလုပ်ရောင်းလေသည်။ သကြားဖြင့်လုပ်သောမုန့်ဖြစ်၍ စားရတာ အရသာရှိလှသည်။ တစ်ခုဆိုးသည်မှာ ကိုင်လိုက်လျှင် လက်များကပ်စေးကပ်စေးဖြစ်ကုန်ပြီး အင်္ကျီတွေ ဘောင်းဘီတွေပါ ပေပွကုန်တတ်သည်။ နောက်ဈေးသည်တစ်ယောက်ကတော့ ဂျုံများကို ကပ်စေးအောင်နယ်၊ အရောင်ဆိုးပြီး အရုပ်များလုပ်ရောင်းသူဖြစ်သည်။ သူ့အရုပ်များမှာ အတော်ပင် လက်ရာမြောက်လှသည်။ ငစနေ မှတ်မိသလောက် ဆင်ရုပ်၊ ကျားရုပ်၊ ဂျိုကာရုပ်၊ စသဖြင့် ပုံစံမျိုးစုံလှသည်။

အထူးအဆန်းတစ်ခုအဖြစ် ရုပ်ရှင်ပြသော ဈေးသည်ကြီးလည်းရှိသေးသည်။ သူ့ရုပ်ရှင်မှာ ဆီးသီးရောင်းသော တွန်းလှည်းကဲ့သို့ တွန်းလှည်းကို ကလေး ၃ယောက်ခန့်ဝင်နိုင်သော ရုံလေးအဖြစ် လုပ်ထားပြီး အတွင်းတွင် အရုပ်များ ကားချပ်များကို လှုပ်ရှားအောင်လုပ်ကာ သီချင်းဆိုပြခြင်းဖြင့် ရုပ်ရှင်ဖြစ်အောင် လုပ်ပြခြင်းဖြစ်သည်။ ငစနေ နေ့တိုင်းအားပေးသော ဈေးသည်ကြီးမှာမူ ဆီးတော်ဖီရောင်းသော ဈေးသည်ကြီးဖြစ်သည်။ ငစနေကား ဆီးတော်ဖီကို ကြိုက်ရမဟုတ်၊ ဆီးတော်ဖီ အထုပ်အတွင်း၌ပါသော ဂျစ်တူး ကာတွန်းစာအုပ် သေးသေးလေးကို လိုချင်သောကြောင့်ဖြစ်လေသည်။ မုန့်ဝယ်ပြီးသည်နှင့် ဆီးတော်ဖီကို လွှင့်ပစ်ပြီး ကာတွန်းစာအုပ်လေးကို ယူလေသည်။ စာအုပ်လေးမှာ အလျား ၁လက်မခွဲ၊ အနံ ၂ လက်မ သာသာမျှရှိပြီး စာမျက်နှာ ၂၀ ခန့် ပါလေသည်။ နောက်ပိုင်းတွင်မူ တဖြည်းဖြည်း ပါးလာကာ ၄ မျက်နှာမျှသာ ကျန်တော့သည်အထိ ဖြစ်သွားခဲ့သည်။

ငစနေတို့ခေတ်တုန်းက ကျောက်သင်ပုန်းကျောက်တံခေတ် မကုန်သေး။ သူငယ်တန်းကျောင်းသားများ ကျောက်သင်ပုန်းနှင့် ကျောက်တံသာ ကိုင်ရသည်။ နောက်ပိုင်း ကျောင်းသားချင်း ရန်ဖြစ်၍ ကျောက်သင်ပုန်းနှင့် ခုတ်လိုက်သဖြင့် ခေါင်းကွဲသွားခြင်း၊ ကျောက်တံနှင့် ထိုးလိုက်သဖြင့် လက်ဖ၀ါးပေါက်သွားခြင်းများ မကြာခဏ ဖြစ်ပေါ်သောအခါတွင်မှ ကျောက်သင်ပုန်းကျောက်တံအသုံးပြုခြင်းကို ဘန်းလိုက်လေသည်။ ငစနေတစ်ယောက်လည်း ကျောင်းတွင်ပျော်ကာ ကျောင်းပျော်လေး ဖြစ်လာရင်း စာသင်နှစ်တစ်နှစ် ကုန်ဆုံးခဲ့တော့သည်။

5 comments:

May Nyane said...

ဟေးးးးးးးးးး
ခုမှ ရောက်ဖူးတာ..
စာရေးတာ ချစ်စရာကောင်းတယ်။
သူများပြုံးအောင်ရေးနိုင်တယ်။
စကားနည်းပီး စာရေးကောင်းတာ ကိုမင်းလူ အဖော်ရှိတယ်။ ရေးပါ..
ချီးကျူးစရာကောင်းတာ နောက်တခုက
သတ်ပုံတော်တော်မှန်တာပဲ....:)

Nyi Htway said...

အစ်မရေ ... နောက်တစ်ခါကျေးဇူးနော်။ ကိုမင်းလူစာတွေ သဘောကျတယ်။ ကျွန်တော်ရေးတာ သူ့ကို နည်းနည်း အတုခိုးပြီးရေးတာ။

opeal said...

နေတက်ရေတက်မှာ မွေးတာပေါ့ ဟုတ်လား တကယ်ဆို ထက် 45:00 မိနစ်ပဲ ကွာတယ်

Law Shay said...

ခင်ဗျားနဲ့ စကားပြောကြည့်တော့ ခင်ဗျားနဲ့ ကျွန်တော်နဲ့ ကျောင်းသားဘ၀ တူတယ်ပဲ ထင်ထားတာ။ အခုတော့ မိဘမျိုးရိုး သမိုင်းနောက်ခံတွေပါ တူနေပါလားကွယ်ရို့။ အင်း ... ဟစ်တလာကို ပြန်လည်မွေးဖွားဖို့ ကြိုးစားကြတဲ့ ဘရာဇီးမှ ချာတိတ်များ ၀တ္ထုကို သတိရမိသေးတော့တယ်။

*dAwN said...

အစ်ကို ပြောမှပဲ ငယ်ငယ်က ဂျစ်တူးကာတွန်းလေးတွေ ပြန်သတိရတယ်။