Tuesday, June 19, 2007

ဖျက်မရသောအတိတ် ၂ - ငစနေနှင့်ကျူရှင်

ငစနေတစ်ကောင် ကျူရှင်တက်ရမည်ဟု သတင်းကောင်းလာပေးသူမှာ အစ်မကြီးဖြစ်သည်။ ငစနေ သူငယ်တန်းကို တစ်ကယ်စတက်သည့်အချိန်တွင် သူက ၅ တန်းကျောင်းသူဖြစ်နေပြီ။ သူတက်သည့် ကျူရှင်မှာ ငစနေတို့နှင့် တစ်လမ်းတည်း ... အိမ်မှ ၅ မိနစ်ခန့် လမ်းလျှောက်ရသော အကွာအဝေးမှာရှိလေသည်။ ဆရာမှ ဒေါ်တင်လှ မှာ သဘောကောင်းလှသည်။ ကျောင်းတစ်ကျောင်းတွင် အလယ်တန်းပြဆရာမ လုပ်ရင်း အိမ်တွင်လည်း ကလေးများကို ၀ိုင်းကျူရှင်သဘောမျိုး စာသင်ပေးသေးသည်။

ငစနေမှာ ထိုကိစ္စကို သိပ်မကျေနပ်ချင်၊ ထိုစာများကို ကျောင်းပျော် တစ်နှစ်တက်စဉ်က ငစနေ သင်ပြီးသား၊ အကုန်သိသည်။ ဒါပေမယ့် ပြဿနာကဖြစ်ချင်တော့ ကျောင်းတွင် ပထမဆုံး လပတ်စာမေးပွဲဖြေသောအခါ ငစနေက လူ ၃၆ ယောက်တွင် အဆင့် ၁၀ ရပြီးငစနေ့ အမေရုံးမှ မိတ်ဆွေတစ်ယောက်၏ သမီးက အဆင့် ၁ ရသောအခါတွင် စလေသည်။ အမေက ငစနေ့ကို ဆူတော့သည်။ နင်က အသုံးမကျလို့ အဆင့် ၁၀ ပဲရတာ။ ဟိုက အဆင့် ၁ တောင်ရတာ အရမ်းတော်တာပေါ့ ... ဘာပေါ့ ညာပေါ့ ... စသဖြင့်ပေါ့လေ။ ၅ နှစ်သား ငစနေ၏ အိုင်ကျူမြင့်ပုံကို ကြည့်ပါဦး

"အမေကလဲ ဟိုက ညံ့လို့ ၁ ပဲရတာ၊ သားက ၁၀ တောင်ရတာဆိုတော့ သူ့ထက် ပိုတော်တာပေါ့"

ဟု ပြန်ပြောသည် ဟူသတတ်။ အဲဒလို လူတတ်ကြီးလုပ်ပြီး ပြောပြီသကာလ အမေက အစ်မကြီးကို ငစနေ ကျူရှင်တက်ရေးအတွက် အာဏာကုန်လွှဲအပ်ကာ စုံစမ်းခိုင်းလေသည်။ သို့နှင့် ငစနေတစ်ယောက် ကျူရှင်ဆိုသောအရာနှင့် ထိတွေ့ခွင့် ရသွားလေတော့သည်။

ထိုအချိန် ၁၉၈၇ ခုနှစ်တုန်းက ငစနေအတောင့်တဆုံး အချိန်တစ်ခုကို ပြောပါဟုဆိုလျှင် မီးပျက်သောအချိန်ဟုသာ ပြောရပေမည်။ မီးကလဲ ပျက်ခဲလှသည်။ တစ်ပတ်နေလို့မှ တစ်ခါမပျက်၊ ပျက်လျှင်လဲ ၅ မိနစ်လောက်သာ၊ ၅ မိနစ်ထက် ကျော်သည်နှင့် ငစနေ့အဖေက လျှပ်စစ်ဌာနသို့ ဖုန်းဆက်လေတော့သည်။ တစ်ချက်နှစ်ချက် ဟိန်းဟောက်လိုက်သည်နှင့် အိမ်ရှေ့ဓါတ်တိုင်သို့ လှေခါးတပ်ထားသော E-2000 ကားကြီး ရောက်ရှိလာကာ ပြင်စရာရှိသည်ကို ချက်ချင်းပြင်၍ မီးပြန်လာစမြဲဖြစ်သည်။ ငစနေတို့ အိမ်နှင့် လျှပ်စစ်ဌာနက ကားဖြည်းဖြည်းမောင်းလျှင် ၅ မိနစ်ခန့်သာ မောင်းရလေသည်။ ငစနေ တောင့်တသော အချိန်မျိုးကား လျှပ်စစ် ထရန်စဖော်မာ ထပေါက်သော အချိန်မျိုးဖြစ်သည်။ ထိုအချိန်ဆိုလျှင် ၁ ရက်ခန့်အချိန်ယူပြင်ဆင်ရတတ်သည်။ ထိုသို့ လျှပ်စစ်မီး အချိန်ကြာကြာ ပျက်ခြင်းကို တောင့်တရသည်မှာ အကြောင်းအရင်း ၂ ခုရှိလေသည်။ ပထမ အကြောင်းအရင်းကား မီးပျက်သောရက်တွင် ကျူရှင် တက်စရာမလိုခြင်းနှင့် ဒုတိယ အကြောင်းအရင်းမှာ နို့အေးချောင်း စားရခြင်းတို့ကြောင့် ဖြစ်၏။ ဘယ်က နို့အေးချောင်းက ရောက်လာသနည်း။ ရှုပါမိတ်ဆွေ၊ ကျူရှင်သင်သော ဆရာမတို့အိမ်တွင် နို့အေးချောင်းလဲ ရောင်းသေးသည်။ ကိုယ်တိုင်လုပ်၍ ရောင်းခြင်းမဟုတ်၊ ဖိုးလမင်းတံဆိပ် နို့အေးချောင်းကို အော်ဒါမှာ၍ ရေခဲသေတ္တာထဲထည့်ကာ ရောင်းခြင်းဖြစ်သည်။ မီးပျက်၍ ရေခဲသေတ္တာများ အလုပ်မလုပ်လျှင် ဆရာမက မပျော့တစ်ပျော်ဖြစ်နေသော နို့အေးချောင်းများကို ဇလုံကြီးနှင့်ထည့်၍ ငစနေတို့ တပည့်များကို ကျွေးမွေးလေတော့သည်။ ငစနေတို့ကား ပျော်မဆုံးတော့။

ထိုအပျော်များမှာ ၁ နှစ်ခန့်အကြာ ၁၉၈၈ တွင် နို့အေးချောင်းနှင့်အတူ အရည်ပျော်ကုန်လေ၏။


3 comments:

မေ said...

ဆက်ရေးဦးလေ ငစနေရဲ့၊ ဖတ်လို့ကောင်းတယ်

May Nyane said...

satire sense ရှိတယ်..ရေးပါရှင့်....

Nyi Htway said...

မမေ နဲ့ အစ်မ မေငြိမ်းရေ ... အားပေးတာ ကျေးဇူးပါ။ ဆက်ရေးပါ့မယ်။ အရှုပ်တွေလုပ်နေလို့။ ဟီး ... မမေသိတယ်။ သူ့မေးကြည့် ...