Friday, August 10, 2007

ဖျက်မရသော အတိတ် ၄ - မုန်တိုင်းအစ

၁၉၈၇ စက်တင်ဘာ ၅ ရက် ...



“နိုင်ငံတော်မှ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန် နှင့် ၇၅ ကျပ်တန် ငွေစက္ကူများကို တရားမ၀င်ငွေအဖြစ် ကြေငြာလိုက်သည်” ဆိုတဲ့ ကြေငြာချက်ကြောင့် တစ်နိုင်ငံလုံး လှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ်။ အဓိက ပြဿနာက ငွေစက္ကူအတုတွေ အများအပြား ထွက်လာလို့ လို့အကြောင်းပြချက် ပေးပေမယ့် နောက်ကွယ်မှာ တစ်ခြား အကြောင်းရာတွေလဲ အများအပြားရှိလိမ့်ဦးမယ်လို့ အခုအချိန်မှာ ပြန်စဉ်းစားမိပါတယ်။ အဲဒီတုန်းကတော့ ဘယ်သိမတုန်း၊ ငစေနေဆိုတာ အဲဒီတုန်းက သူငယ်တန်းကျောင်းသားကြီးပဲဥစ္စာ။ ငိုတဲ့သူက ငို၊ ရယ်တဲ့သူက ရယ် ပေါ့။ တစ်ချို့ကလဲ မနေ့ကမှ အိမ်ကပိုက်ဆံတွေ ဘဏ်ထဲ အကုန်ထည့်မိလို့ တော်ပါသေးရဲ့ ဆိုတဲ့ သူမျိုးတွေ ရှိသလို၊ ကားဝယ်ဖို့ ပိုက်ဆံတွေ အကုန်ထုတ်ထားပြီးတော့မှ ငွေ ငါးရာ တစ်ထောင် လောက်ကွာနေတာကို ညှိလို့မရတာနဲ့ မနက်ဖြန်မှ ခြေမယ်ဆိုပြီးအလုပ် လက်ထဲမှာ ငွေတွေ တစ်ပုံတစ်ပင် ပိုက်ဘောမိသွားတဲ့သူတွေလဲ ပါတာပေါ့။ အဲဒီတုန်းက ငွေတစ်သိန်းဆို ကားအကောင်းစားတစ်စီး အသာလေးရတယ်။ ဘာပဲဖြစ်ဖြစ် ငွေစက္ကူကို ဒီလို ရုတ်တရက် ဖျက်သိမ်းတာဟာ နိုင်ငံရဲ့ ငွေကြေးလည်ပတ် စီးဆင်းမှုကို အတော်လေး ကသောင်းကနင်း ဖြစ်စေတာတော့ အမှန်ပဲ။ အထူးသဖြင့် ၂၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန်ဆိုတာ အဲဒီတုန်းက လူသုံးအများဆုံး ငွေစက္ကူမဟုတ်လား။ ငွေကြေးစီးဆင်းမှု လုံးဝ ရပ်တန့်လုမတတ်ကို ဖြစ်သွားခဲ့တယ်။ အဲဒီကနေ စမွှေးခဲ့တဲ့ မီးဟာ တစ်ဖြည်းဖြည်းနဲ့ အရှိန်ရလာတယ်။ တစ်ခြား အကြောင်းအရာတွေကလဲ ဒီမီးကို လောင်စာလောင်းပေးကြတာကိုး။

အဲဒီတုန်းက ဆိုရှယ်လစ်စနစ်ဆိုတာကလဲ ဆိုဗီယက်ပြည်ထောင်စု နဲ့အတူ ဆောက်တည်ရာမရ ဖြစ်နေတဲ့အချိန်၊ လူတွေက တစ်ပါတီ ဆိုရှယ်လစ်စနစ်ကို စိတ်ကုန်လာကြပြီ။ အထူးသဖြင့် ၁၉၆၂ မတိုင်ခင်တုန်းက နေရာရခဲ့ပြီး အခု အခြေအနေမကောင်းတဲ့သူတွေပေါ့။ အရှေ့ပိုင်း နယ်စပ်တွေမှာကလဲ တရားဥပဒေက သေခြာ မစိုးမိုးနိုင်၊ ကချင် ဆိုရင် KIA၊ ရှမ်းဆိုရင် တရုတ်ဖြူလက်ကျန်နဲ့ တစ်ခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ၊ တစ်ပြည်လုံးကို မြေအောက်ကနေ လိုက်ပြီး ပိုးထိုးသလို ထိုးနေတာက ဗကပ၊ ကျန်တဲ့ တောင်ပိုင်းက KNU ဆိုပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေက အကြီးအကျယ် စိုးမိုးနေတဲ့အချိန်။ သူတို့ကလဲ အာဏာကို လိုချင်နေကြတယ်။ ဘယ်နိုင်ငံရေးသမားက အာဏာကို လိုချင်လိုချင် သူတို့ ပထမဆုံး မြှောက်ပေးတာက ကျောင်းသားပဲ။ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားတွေ ဆန္ဒပြကြတယ်။ အတိုချုပ်ပြောရင် ဦးနေ၀င်းက စစ်တပ်ကို နှိမ်နင်းဖို့ အမိန့်ပေးတယ်။ ကိုဖုန်းမော်ဟာ ခေတ်သစ် ကိုအောင်ကျော် ဖြစ်သွားတယ်။ တံတားဖြူက တံတားနီဖြစ်သွားတယ်။ ပြည်တွင်းက အခြေအနေတွေကို ကြားသိရတဲ့ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံကို ပြန်လာတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးအတွက် ဦးဆောင်ဦးရွက်လုပ်ပြီး ပါဝင်လှုပ်ရှားပေးခဲ့တယ်။ ဦးနေ၀င်းက“စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်” လို့ ခြိမ်းခြောက်တယ်။ လူထုက ရှေ့တိုးတယ်။ တပ်မတော် လေ နဲ့ တပ်မတော် ရေ က လူထုဘက်က ပါဝင်ရပ်တည်လာတယ်။ ဦးနေ၀င်း ဆင်းပေးလိုက်ရတယ်။ ဦးစိန်လွင် တက်လာတယ်။ ဒါပေမယ့် အခြေအနေက ထိန်းလို့မရသေး။ အာဏာကို ပြည်သူ့ဘက်ကို ပြန်လွှဲပေးပါပြီ ဆိုပြီး ဒေါက်တာမောင်မောင် တက်လာတယ်။ “ဆန္ဒတွေ မစောကြပါနဲ့” လို့ လေပြေထိုးပြီး နှစ်သိမ့်ဖို့ကြံတယ်။ လူထုက “နဖူးပြောင်ပြောင် ဦးမောင်မောင်၊ အရူးထောင်ကို ပို့လိုက်ပါတော့” ဆိုပြီး ကြွေးကြော်တယ်။ တောမီးလောင်လို့ လက်ခမောင်းခတ်တဲ့ တောကြောင်တွေကို ထိန်းလို့မရပြန်ဘူး။ ဒီလိုနဲ့ အခြေအနေက ပိုပြီး ရှုပ်ထွေးလာတယ်။

3 comments:

May Nyane said...

တော်တော်မှတ်မိတာပဲ.. အမတောင် အဲလောက် မမှတ်မိတော့..။

မေ said...

“နဖူးပြောင်ပြောင် ဦးမောင်မောင်၊ အရူးထောင်ကို ပို့လိုက်ပါတော့” ဆိုတာ ပြန်မှတ်မိသွားပီ။ သငယ်တန်းကဟာတွေ မှတ်မိသေးတယ်။ ကောင်လေး ဥာဏ်ကောင်းတယ် :P

ငစနေ said...

သူငယ်တန်းမဟုတ်ဘူးဗျ။ အဲဒီတုန်းက ၁ တန်းတက်နေပြီ။ ဟွန့် ... သေချာလဲ မဖတ်ပဲနဲ့