Tuesday, July 31, 2007

ဖျက်မရသောအတိတ် ၃ - ပြည်သူ့ဆိုင်

နွေရာသီကျောင်းပိတ်ရက်များ၊ အားလပ်ရက်များတွင် အဖွားက ငစနေ့အား အထူးတာဝန်တစ်ခု ထမ်းဆောင်ရန် တာဝန်အပ်နှင်းလေ့ရှိသည်။ အခြားမဟုတ်၊ ပြည်သူ့ဆိုင် ကင်းထောက်အလုပ်ပင်ဖြစ်သည်။ ပြည်သူ့ဆိုင်သည် ငစနေတို့ အနောက်ဘက်လမ်း၊ ရပ်ကွက်ကောင်စီရုံး၏ အောက်ထပ်၌ ရှိလေသည်။ ပြည်သူ့ဆိုင်ဟု လူအများက အလွယ်ခေါ်ကြသော်လည်း အမှန်မှာ “ရပ်ကွက် သမ၀ါယမဆိုင်” ဖြစ်သည်။ ဆိုရှယ်လစ်စနစ်၏ ထုံးတမ်းတစ်ခုဖြစ်သော ပြည်သူ့ဆိုင်သည် နိုင်ငံတော်မှ ရိက္ခာတို့ကို ပြည်သူများသို့ အချိုးကျ ခွဲဝေရောင်းချပေးရသောဆိုင်ဖြစ်သည်။ အဓိကမှာ ဆန်၊ ဆီ၊ ဆား၊ ဆေး နှင့် အခြား လူသုံးကုန်ပစ္စည်းများ ဖြစ်သည်။ ဆန် နှင့်ဆီမှာ အပတ်စဉ် ပုံမှန် ရောင်းချပေးသော်လည်း အခြား ပစ္စည်းများမှာ အခါအားလျှော်စွာ၊ (ယူစရာရှိသူများယူ၍ အနည်းငယ်ကျန်ရှိသောအခါ၊) ရောင်းမစွံကုန်ပစ္စည်းများနှင့်တွဲ၍ အစွံထုတ်လေ့ရှိလေသည်။

အဖွားက ငစနေ့ကို ဟဲ့ ... ပြည်သူ့ဆိုင်မှာ ဘာတွေရောင်းလဲ သွားကြည့်ချေ ... ဟု ဆိုလိုက်သည်နှင့် ငစေနေတစ်ယောက် ပြည်သူ့ဆိုင်သို့ ဒုံးပြေးလေတော့သည်။ ဟိုရောက်တော့ ကြော်ငြာဘုတ်ပေါ် ဘာရေးထားလဲ မတောက်တခေါက်ကြည့်၊ ဆန်အခြေအနေကြည့်၊ ... ဆန်အခြေအနေဆိုလို့ ပြည်သူ့ဆိုင်က ပုံမှန် ရောင်းပေးလေ့ရှိသောဆန်မှာ ဧည့်မထ ဟု အမည်ရသော မကြမ်းမချော ဆန်ဖြစ်လေသည်။ တစ်ခါတစ်ရံ မီးဒုံး၊ ငစိန် ကဲ့သို့သော အညံ့စားဆန်များ ရောင်းချပေးပြီး တစ်ခါတစ်ရံ ငကျွဲ၊ ပေါ်ကျွဲ ကဲ့သို့သော အနည်းငယ် ပိုကောင်းသည့် ဆန်များလည်း ရောင်းတတ်သည်။ ငစနေကား ဆန်ကိုကြည့်၍ ဘာမှန်းမသိ၊ ဆန်လုံးတို၍ အနီစင်းများပါလျှင် ဆန်ညံ့သည်၊ ဆန်လုံးရှည်၍ အရောင်ဖြူကာ အကျိုးအကျေ သိပ်မပါလျှင် ဆန်ကောင်းသည် ဟူ၍သာ သိထားလေသည်။ လူတစ်ယောက်လျှင် ဆန်ဘယ်နှပြည်၊ ဆီ ဘယ်နှဆယ်သားဟု ခွဲတမ်းဖြင့် အချိုးကျ ရောင်းပေးခြင်းဖြစ်သည်။

ငစနေ ပြည်သူ့ဆိုင်က ပြန်လာသည်နှင့် အဖွားရေ ဆန်ကတော့ဘယ်လို၊ ဆီက ဘယ့်နှယ်၊ တစ်ခြား ဘာတွေ ရောင်းပေးသေးတယ် စသည်ဖြင့် ဖောက်သည်ချရလေသည်။ ငစနေ့ သတင်းပေးချက်အပေါ်မူတည်၍ အဖွားက ဒီတစ်ပတ် ပြည်သူ့ဆိုင် သွားဖို့လိုမလို ဆုံးဖြတ်တတ်သည်။ သွားဖို့မလိုဟု ဆုံးဖြတ်လိုက်ပါက ဆီစာအုပ်ကို အိမ်သို့လာ၍ အ၀တ်လျှော်နေသော အဒေါ်ကြီးအား ပေးလိုက်ပြီး နောက် ၂ ရက်လောက်နေလျှင် အဒေါ်ကြီးက အမြတ်ငွေဟုဆိုကာ ပိုက်ဆံအနည်းငယ်နှင့် စာအုပ်ကို ပြန်လာပေးလေ့ရှိသည်။ ထိုခေတ်က ဤကဲ့သို့ ပြည်သူ့ဆိုင်ကို အမှီပြု၍ လုပ်ကိုင်စားသောက်နေသော လူတန်းစားတစ်ရပ်ရှိကြောင်းကို ငစနေ သိရှိရလေသည်။ ပြည်သူ့ဆိုင်နှင့် ပက်သက်၍ လူအများက “မသိဘူး၊ မရှိဘူး” ဟု အမြဲပြောတတ်သော သူအား “ပြည်သူ့ဆိုင်စာရေး” ဟူသော ဂုဏ်ပုဒ်တစ်ခု တပ်ပေး၍ ဂုဏ်ပြုကြလေသည်။

ပြည်သူ့ဆိုင်နှင့် အလားတူ ပြည်သူနှင့် သက်ဆိုင်သောအရာတစ်ခုကား ပြည်သူ့ကုန်တိုက် ဖြစ်လေသည်။ ကုန်တိုက် ဆိုသည့်အတိုင်း ဘာပစ္စည်းမှမရှိပဲ ကုန်နေသည်က များသည်။ ထိုကုန်တိုက်နားတွင် စုရုံးစုရုံး လုပ်နေသော သူများကား “တန်းစီတိုးစား” ဟု အမည်တွင်သော လူတစ်စုဖြစ်သည်။ သူတို့သည် တန်းစီကြသည်။ ကုန်တိုက်၏ ပစ္စည်းရောင်းချပေးသော ကောင်တာများတွင် အမြဲတမ်း တန်းစီနေကြပြီး ရောင်းချပေးသည့် ပစ္စည်းများကို ကုန်တိုက်အပြင်ဘက်၌ဖြစ်စေ၊ ရပ်ကွက်အတွင်း၌ဖြစ်စေ အမြတ်အစွန်း အနည်းငယ် ပြန်တင်၍ ပြန်လည်ရောင်းချလေ့ရှိသည်။ သူတို့ ပုံမှန် ၀ယ်ယူရရှိလေ့ရှိသော ပစ္စည်းများမှာ “သွားတိုက်ဆေး” နှင့် “ဘာလီရည်” ဖြစ်လေသည်။

to be continue ...

1 comment:

Law Shay said...

အဖေကတော့ သမဆိုင်ဆိုတာနဲ့ ကျွန်တော်တို့လဲ သမဆိုင်ပဲ ခေါ်နေကျဗျ။ ပြည်သူ့ဆိုင် ဆိုတော့လဲ နာမည်တမျိုးဆန်းတာပေါ့နော်။