မိတ်ဆွေများ အားလုံးကို ပျော်ရွှင်ဖွယ်ရာ Christmas နဲ့ နှစ်သစ်ကူး ဖြစ်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။ ကျွန်တော် မောင်စနေတစ်ယောက်တော့ ကျောပိုးအိတ်တစ်လုံးနဲ့ ရွာရိုးလျှောက်ဦးမှာမို့ နောက်နှစ်ကျမှပဲ ပြန်လည်ဆုံဆည်းကြပါစို့ဗျာ။ ဇာတ်လမ်းကောင်းကောင်း၊ ပုံကောင်းကောင်းလေးတွေတော့ ရလောက်ပါရဲ့။
နေအခါခါထွက်လို့ စံပယ်တွေလဲ မွှေးတသက်သက်ဝေခဲ့တယ်။ ကံနဲ့ဆောက်တဲ့ဝင်္ကပါမှာ ချစ်သူနဲ့ကိုယ်နဲ့ကတော့ ပြန်မဆုံကြသေးပါဘူး
Monday, December 24, 2007
Friday, December 21, 2007
Wednesday, December 19, 2007
Knockin' On Heaven's Door (Bob Dylan)
Bob Dylan ရဲ့ Knockin' On Heaven's Door ပါ။ ခံစားကြည့်ကြပါဦး။ Avril ဆိုထားတာကိုကြိုက်သလို ဒီ version ကလဲ ရသတစ်ခု ပေးနိုင်ပါလိမ့်မယ်။
ဒါကတော့ Guns N' Roses ရဲ့ original version ပါ။
Tuesday, December 18, 2007
မူတူးဆာမိစံ
ဒီ post ကို ရေးမယ်လို့ စဉ်းစားနေတာ ကြာပါပြီ။ မူရင်းဝတ္ထုကို အစအဆုံး စဉ်းစားလို့ မရသေးတာနဲ့ ကြာနေတာ။ ခုတော့ စဉ်းစားလို့ ရသလောက်လေးပဲ ဖြတ်ပြီး တင်လိုက်တော့တယ်။ တစ်ရက်က ကျွန်တော်တို့ သူငယ်ချင်းတွေဆုံကြတော့ စပ်မိစပ်ရာပြောကြရင်းနဲ့ ကိုယ့်အလုပ်အကြောင်း ကိုယ်ပြောဖြစ်ကြတယ်။ များသောအားဖြင့်ကတော့ အလုပ်ထဲမှာ သိပ်အဆင်မပြေကြတဲ့အကြောင်း၊ သူဌေးက ကပ်တဲ့အကြောင်း၊ အထက်ကလူက ကိုယ့်ကို သူများလောက် တန်းတူအခွင့်အရေးမပေးတဲ့အကြောင်း စသည်ဖြင့်ပေါ့ ... မကောင်းတာချည်းပဲပြောလို့ အလုပ်တွေအကုန် မကောင်းဘူးလို့တော့ မဟုတ်ပါဘူးဗျာ။ ကောင်းတဲ့နေရာတွေလဲ ကောင်းပါတယ်။ ဒါပေမယ့် လူများရှေ့သွားပြီး ငါ့အလုပ်က ဘယ်လောက်ကောင်းတာလို့ပြောနေရင် အသားလွတ် လွှတ်ကြွားသလိုဖြစ်နေမှာ စိုးကြတော့ မကောင်းတာတွေပဲ ပြောကြတာပေါ့။ ပြီးတော့ စိတ်ထဲမှာ မကျေနပ်တာလေးတွေ ပြောလိုက်ရတော့ ပေါ့သွားတာပေါ့။ အဲဒီမှာ သူငယ်ချင်းတစ်ယောက်က မင်းတို့ ဒီသီချင်း နားထောင်ပြီးပြီလား ဆိုပြီးတော့ သူ့ဖုန်းထဲက သီချင်းတစ်ပုဒ်ကို ဖွင့်ပြတယ်။ 9MM ရဲ့ သီချင်းသံစဉ်ကို စာသားပြောင်းထားတဲ့ သီချင်းတစ်ပုဒ်ပါ။ ဘွဲ့ရတောသားတစ်ယောက် ရှိသမျှ ရောင်းချပေါင်နှံပြီး မလေးရှားကို အလုပ်လုပ်ဖို့ ထွက်လာတဲ့အကြောင်းလေး ဆိုထားတာပါ။ ရီရပေမယ့် ခါးလည်းခါးတယ်။ အဲဒါလေး နားထောင်မိတော့ အခု ရေးမယ့် ၀တ္ထုတိုလေးကို သွားသတိရမိတယ်။ တော်တော် ငယ်ငယ်တုန်း၊ စာကောင်းကောင်းဖတ်တတ်စ အရွယ်တုန်းက ကလျာ မဂ္ဂဇင်းမှာ ဖတ်ခဲ့တာ ဆိုတာရယ်၊ ရေးတဲ့သူကစာရေးဆရာမတစ်ယောက် ဆိုတာရယ်ပဲ မှတ်မိတော့တယ်။ အလည်ပိုင်းက စာသားတွေကလဲ မေ့နေပြီဆိုတော့ သတိရသလောက်လေးပဲ ခံစားကြတာပေါ့ဗျာ။ ဒီဝတ္ထုတိုလေးကို သိတဲ့သူရှိရင် သူ့ blog မှာပဲဖြစ်ဖြစ် ဒီ post ရဲ့ comment ထဲမှာပဲဖြစ်ဖြစ် ပြန်တင်ပေးပါလို့လဲ တောင်းဆိုပါတယ်ဗျာ။ ခံစားကြည့်ကြပါ။
“မူတူး ....”
“ဆပ်”
“ဆာမိ ....”
“မမ် ဆပ်”
မူတူးနဲ့ ဆာမိဆိုတာ ကျွန်တော် ငယ်ငယ်တုန်းက အိမ်မှာ ခိုင်းဖို့ဝယ်ထားတဲ့ ငွေဝယ်ကျွန် ၂ ယောက်ပါ။ ဘင်္ဂလားက လာကြတဲ့ ကုလားလူမျိုး ညီအစ်ကို ၂ ယောက်ပေါ့။ မူတူးက အဖေခိုင်းတဲ့ အလုပ်တွေ အကုန်လုပ်ပေးရတယ်။ ထင်းခွဲတာ ရေခပ်တာ၊ အလုပ်ကြမ်းလုပ်တာက အစ အဖေနဲ့ ပက်သက်တဲ့ ဗာဟီရကိစ္စတွေ အကုန်လုပ်ပေးရသလို ဆာမိကလဲ အမေခိုင်းတဲ့ အဝတ်လျှော် ကြမ်းတိုက်၊ ဈေးသွားတာ၊ ချက်ပြုတ်တာက အစ၊ ကလေးထိန်းတာအဆုံး အကုန်လုပ်ပေးရတယ်။ သူတို့ကိုပေးတဲ့ လုပ်အားခက မဖြစ်စလောက် အနည်းငယ်လေးပါပဲ။ ဒါပေမယ့်လဲ သူတို့ ၂ ယောက် ပျော်ပျော်ရွှင်ရွှင်ပဲ ကျွန်တော်တို့အိမ်မှာ နေပြီး ခိုင်းသမျှကို လုပ်ကိုင်ပေးနေကြတယ်။
တစ်ခါတုန်းက အဖေက မူတူးကို မေးဖူးတယ်။
“မူတူး ... မင်း ဘင်္ဂလားကို မပြန်ချင်ဘူးလား၊ ဟိုက ဆွေမျိုးတွေကို မလွမ်းဘူးလား”
“ဆပ် ... ကျွန်တော် ဘင်္ဂလားပြန်ရင် ဟိုမှာ ဘာအလုပ်အကိုင်မှလဲ ရှိမှာမဟုတ်ဘူး။ လမ်းဘေးပဲ ပြန်ရောက်သွားမှာ။ ဒီမှာ ကျွန်တော့်မှာ လုပ်စရာ အလုပ်ရှိတယ်။ နေစရာလဲ နေရာရှိတယ်။ ကောင်းကောင်းလဲ စားရတယ်။ (အရှေ့နားမှာ သူတို့ထမင်းစားရင် ထမင်းကို ဆားနဲ့ ငရုတ်သီးနဲ့ပဲ စားတယ်ဆိုတာလေး ပါတယ်။ ကျွန်တော် နေရာမမှတ်မိလို့ မထည့်လိုက်ရဘူး)။ ပြီးတော့ ငွေစုပြီး ဘင်္ဂလားက အဖေနဲ့အမေဆီကို ပြန်ပို့ပေးလို့ရတယ်။ ကျွန်တော်တို့ ဒီမှာပဲ ပျော်တယ်။ ဘင်္ဂလားကို မပြန်ချင်တော့ဘူးဆပ်”
တော်လှန်ရေးအစိုးရတက်လာပြီး နိုင်ငံခြားသားတွေကို သူတို့တိုင်းပြည်ကို ပြန်ခိုင်းတဲ့အခါ မူတူးနဲ့ ဆာမိလည်း ဘင်္ဂလားကို ပြန်သွားခဲ့တယ်။ အဖေ့လုပ်ငန်းတွေ ပြည်သူပိုင်သိမ်းခံရပြီးနောက်ပိုင်း ကျွန်တော်တို့ မိသားစုရဲ့ စီးပွားရေးအခြေအနေလည်း တဖြည်းဖြည်း ကျပ်တည်းလာခဲ့တယ်။ အကျပ်အတည်းကြားထဲမှာပဲ ရုန်းကန်ရင်းနဲ့ အဖေ အိပ်ယာထဲ လဲတဲ့အခါမှာတော့ အိမ်ရဲ့ စီးပွားရေးအခြေအနေဟာ ကျွန်တော်တို့ ညီအစ်ကို ၂ ယောက်ရဲ့ ပုခုံးပေါ်ကို ရောက်လာခဲ့တယ်။
(ပြီးတော့ ညီအငယ်က အရင် shore job လုပ်ဖို့ ဂျပန်ကို ထွက်သွားတဲ့အကြောင်းနဲ့ နောက် ၁ နှစ်ကျော်လောက် ကြာတဲ့အခါမှာ ဟိုမှာ အလုပ်အကိုင်ကောင်းတယ်ဆိုပြီး သူ့ကိုပါ လိုက်လာဖို့ခေါ်လို့ သူပါ ဂျပန်ကို လိုက်သွားပါတယ်။ အဲဒီအချိန်က ၁၉၇၀ နဲ့ ၁၉၈၀ ကြားဖြစ်မယ်လို့ ကျွန်တော် ခန့်မှန်းမိပါတယ်)
အငယ်ကောင်က သူလုပ်နေတဲ့ စားသောက်ဆိုင်မှာပဲ ကျွန်တော့်ကို အလုပ်သွင်းပေးတယ်။ သူက ရောက်နေတာ ၁ နှစ်ကျော်ကြာပြီ၊ ဂျပန်စကားပြောတတ်နေပြီဆိုတော့ အရှေ့ပိုင်းမှာ စားပွဲထိုးအလုပ်လုပ်နေရပြီ။ ကျွန်တော်ကတော့ ခုမှ ရောက်စ ဆိုတော့ နောက်ပိုင်းမှာ ပန်းကန်ဆေးတဲအလုပ်ကနေ စလုပ်ရတာပေါ့။ မနက်မိုးမလင်းခင် ဆိုင်ဖွင့်တဲ့အချိန်က စလို့ ညမိုးချုပ်လို့ ဆိုင်ပိတ်တဲ့အချိန်အထိ လာသမျှ ပန်းကန်တွေကို ဒိုင်ခံ ဆေးပေးရတယ်။ တစ်ရက်ကျတော့ ညီငယ်က သတင်းတစ်ခု လာပေးတယ်။ ဆိုင်က အလုပ်သိပ်မကောင်းလို့ လူလျှော့ချင်နေတဲ့အကြောင်း၊ နိုင်ငံခြားသားတွေကို အရင်ဆုံး အလုပ်ထုတ်မယ်လို့ ကြားမိတယ်လို့ ပြောလာတယ်။ နောက် သိပ်မကြာခင်ပဲ အလုပ်လုပ်နေတုန်း သူ့ကို မန်နေဂျာက တွေ့ချင်တဲ့အကြောင်း လာပြောတယ်။ ရုံးခန်းကိုသွားတဲ့လမ်းမှာ သူက ပြောတယ်
“အခု မန်နေဂျာက အလုပ်သမားတွေကို ခေါ်တွေ့ပြီးတော့ အလုပ်ဖြုတ်ဖို့ ကြည့်တာ။ တစ်ကယ်လို့ သူက အိမ်ကိုလွမ်းလား အိမ်ပြန်ချင်လားလို့ မေးရင် မပြန်ချင်ဘူးလို့သာပြော။ လွမ်းတယ်ဆိုလို့ကတော့ တစ်ခါတည်း အိမ်ပြန်ပို့လိမ့်မယ်။ မင်းက ဂျပန်လို့မတတ်တော့ ငါ စကားပြန်လုပ်ပေးမယ်။ ကြည့်သာပြော။ ငါလည်း အခြေအနေကြည့်ပြီး ပြင်ပေးမယ်”
အငယ်ကောင်ပြောတဲ့အတိုင်းပါပဲ။ စကားနည်းနည်း ပြောပြီးတော့ အိမ်အကြောင်းတွေ မေးပါတယ်။ အိမ်ကိုမလွမ်းဘူးလား။ မပြန်ချင်ဘူးလား လို့ မေးတဲ့အခါ ကျွန်တော် ရုတ်တရက် မူတူးနဲ့ ဆာမိကို သတိရမိတယ်။ အိမ်ကို မပြန်ချင်တဲ့အကြောင်း ဒီမှာ အလုပ်လုပ်ရတာ ပျော်တဲ့အကြောင်း။ ဝင်ငွေလည်း ကောင်းတဲ့အကြောင်း ပြန်ပြောလိုက်တယ်။ မန်နေဂျာက
“ကောင်းပြီလေ။ ထွန်းစံ ကြိုးစားပါ။ ဂျပန်စကားကိုလည်း ကြိုးစားပြီးသင်ပါ။ ဒါမှ ဒီထက် ကောင်းတဲ့နေရာမှာ လုပ်ရပြီး လခ ကောင်းကောင်းရမှာ။ ဒါထက် ထွန်းစံရဲ့ နာမည် အပြည့်အစုံကို ကျွန်တော် မခေါ်တတ်ဘူး။ ဘယ်လိုခေါ်ရတယ်ဆိုတာ ပြောပြပါဦး”
ကျွန်တော့်ခေါင်းထဲမှာ ရုတ်တရက် နာမည်တစ်ခုဝင်လာပြီး အားရပါးရပဲ ပြုံးပြီး ပြန်ပြောလိုက်တယ်။
“မူတူးဆာမိစံ”
မန်နေဂျာက အလွန်အဲ့သြတဲ့ မျက်နှာနဲ့
“မူတူးဆာမိစံတဲ့လား?”
ဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝ

Friday, December 14, 2007
ဟိုဟိုဒီဒီ UPDATE
ကျွန်တော် blog စရေးတဲ့ အချိန်တုန်းကတော့ ငါ့ blog ငါရေးတာပဲ။ ရေးချင်ရေးမယ် မရေးချင် မရေးဘူး ဆိုတဲ့စိတ်တစ်ခု ရှိနေပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ကိုယ့် blog ကို ကိုယ့် အိမ်ယာတစ်ခုလို သဘောထားလာမိတယ်။ ကိုယ့်အိမ်ကို လာလည်တဲ့သူတွေ ဘာမှ မကျွေးမွေးလိုက်ရပဲ ပြန်သွားရတာကို အားနာသလို ကိုယ့် blog ကို လာတဲ့သူတွေလဲ လာပြီးတော့ post အဟောင်းတွေပဲ ကြည့်ပြီး ပြန်သွားရမှာ အားနာမိနေတယ်။ Blog ရေးတာဟာ တာဝန်တစ်ရပ်လို ခံစားလာရတယ်။ ခုရက်ပိုင်းကတော့ အသည်းကွဲသီချင်းတွေနဲ့ပဲ လုံးလည်ခြာလည်နေလို့ ငစနေတစ်ယောက် blog ဘက်ကို စာဦးမလှည့်ဖြစ်ပဲ ပတ်ပြေးနေမိတယ်။ စိတ်လေတာ ပျောက်လိုပျောက်ငြား ကျွန်းသေးသေးလေးကိုပတ်ပြီး ဓါတ်ပုံတွေ လျှောက်ရိုက်နေပေမယ့် ဓါတ်ပုံတွေကလဲ အသက်မပါသလိုဖြစ်နေတယ်။ ဘာကိုမှ စိတ်တိုင်းက မကျမိ။
ဘာရယ်မဟုတ်ပါဘူး။ ခုရက်ပိုင်း blog လာဖတ်တဲ့သူတွေကို အရမ်းအားနာပါတယ်ဆိုတဲ့အကြောင်း၊ နောက်ပိုင်း စိတ်အခြေအနေ ကောင်းရင်ကောင်းသလို စာပြန်ရေးပါ့မယ်ဆိုတဲ့အကြောင်းလေး လာပြောတာပါ။ ဘော်ဒါကြီး ညီလင်းဆက် ကတော့ ဘယ်သူနဲ့သွားပြီး အဗျူးခံတယ်မသိဘူး သူ့ဗျူးကိုအဖြတ်ခံရလို့ဆိုပြီး ဒေါကန်နေလေရဲ့။ သူက လေးထောင့်ကြီးပြောလဲ ထောင့်တွေ အသပ်ခံရတော့ အဝိုင်းလိုလို ဖြစ်ရင် ဖြစ်သွားပေမပေါ့လေ။

Wednesday, December 05, 2007
some test shots
ကြွားပြီဗျို့။ မနေ့က စမ်းပြီးရိုက်လာတဲ့ ပုံလေးတွေ တင်လိုက်ပြီ။ Tripod မရှိတော့ တစ်ချို့ပုံတွေက handshake နည်းနည်း ထိထားတယ်။ ညဘက် ရိုက်တဲ့ပုံတွေ အတော်ထိတာပေါ့။ နောက်တစ်ခေါက် tripod ဝယ်ပြီးမှပဲ အပီ ထပ်ရိုက်တော့မယ်။ အခု ရိုက်ထားတဲ့အထဲက ပြင်လို့ပြီးသလောက်ကို တင်လိုက်တယ်။ ပြင်တယ်ဆိုတာက cropping လုပ်တာတစ်ခုတည်းပါ။ ကျွန်တော်က lighting နဲ့ color ကို camera က ပေးတဲ့အတိုင်း ထားတာကို ပိုသဘောကျတယ်။ အားမနာ ပါးမနာ ဝေဖန်ကြပါ။
Monday, December 03, 2007
Coconut for the monkey
မျောက် အုန်းသီးရတဲ့ဇာတ်လမ်းကို စသူမှာ ကျွန်တော်တို့ ဘလော့ဂါဂုရုကြီးကိုမောင်လှဖြစ်သည်။ တစ်ခါတုန်းက Forum တစ်ခုတွင် "What's in your bag?" ဆိုသည့် ခေါင်းစဉ်လေးအောက်၌ ကျွန်တော်တို့ အပြိုင်ကြွား အဲလေ .. အပြိုင်ရေးခဲ့ကြတုန်းက ကိုမောင်လှက သူ့အိတ်ထဲတွင် အုန်းသီးတစ်လုံးရှိကြောင်း ပြောရာ ကျွန်တော်တို့ တော်တော်လေး ဦးနှောက်ခြောက်ခဲ့ရဖူးသည်။ နောက်မှ ထို အုန်းသီး ဆိုသောအရာမှာ prosumer digital camera တစ်လုံးဖြစ်ကြောင်း သိခဲ့ရသည်။ ယခုမူ ငစနေတစ်ယောက် အုန်းသီးတစ်လုံးဝယ်လိုက်လေပြီ။ မျောက်အုန်းသီးရတော့ ဘာဖြစ်တုန်းဆိုတော့ အဲဒီအုန်းသီးနဲ့ အလုပ်ရှုပ်တော့တာပေါ့။ ခါကြည့်လိုက်၊ လှုပ်ကြည့်လိုက်၊ လှည့်ပတ်ကြည့်လိုက်၊ အထဲက အသံကို နားထောင်ကြည့်လိုက်၊ သစ်ပင်ပေါ်က ပစ်ချကြည့်လိုက် နဲ့ မြင်ယောင်သာ ကြည့်ကြပါတော့။
မျောက် အုန်းသီးရရင်တော့ အဲဒီလိုလုပ်တာပေါ့ဗျာ။ camera ကိုတော့ အဲဒီလို လုပ်လို့ ဘယ်ရပါ့မလဲ။ အဲဒီတော့ ဟိုလိုလေး ရိုက်ကြည့်လိုက်၊ ဒီလိုလေး ရိုက်ကြည့်လိုက်၊ အပေါ်ကနေ စီးပြီးရိုက်လိုက်၊ အောက်ကနေ ပင့်ပြီးရိုက်လိုက်နဲ့ အလုပ်တွေရှုပ်နေတော့တာပေါ့ဗျာ။ ငစနေ့သူငယ်ချင်း Qwer Qwer ကတော့ အဲဒါ မျောက် အုန်းသီးရတာ မဟုတ်ဘူးတဲ့။ မျောက်လက် စက်သေနတ်ရောက်တာ တဲ့။ တွေ့သမျှ မြင်သမျှ မဲမဲမြင်ရာ လျှောက်ပစ် လျှောက်ရိုက်နေလို့ဆိုပဲ။ သူလဲ ဘာထူးလို့တုန်း Canon S5 Prosumer ကြီးကိုင်ပြီး လျှောက်ပစ်နေတာပဲဟာ။

Wednesday, November 28, 2007
ပျင်းကြောထူတဲ့ ပေါက်စလေးများ
ခုခေတ် ကလေးတွေများ မမွေးခင်ကတည်းက အပျင်းထူကြလွန်းတယ်လို့ပြောရင် ငစနေ လွန်လေမလားမသိ၊ ဒါပမေယ့် ဟုတ်ကိုဟုတ်တယ်ဗျာ။ ဒီရက်ပိုင်း ငစနေ တူတစ်ယောက် တူမတစ်ယောက်ရတာ နှစ်ယောက်လုံး ငပျင်းတွေချည်းပဲ။ ပျင်းလွန်းလို့ သူတို့အမေတွေဗိုက်ထဲ ခွေနေကြတာ အချိန်ကျတာတောင် ထွက်မလာကြဘူး။
ဖြစ်ပုံက ဒီလိုရယ်။ ငစနေ့ အစ်မတစ်ယောက်က ခြင်္သေ့ကျွန်းမှာနေပြီး နောက်တစ်ယောက်က မာလာယုကျွန်းဆွယ်မှာ နေကြသည်။ ၂ ယောက်စလုံး ရှေ့ဆင့်နောက်ဆင့် ၃ - ၄ လ ခြားပြီး ကိုယ်ဝန် ရှိပြီးသကာလ ခြင်္သေ့ကျွန်းက အစ်မက သားယောက်ျားလေးတစ်ယောက် အရင်ဆုံးမွေးလေသည်။ အစ်မမှာ ဆရာဝန်မို့ ကိုယ်ဝန်ရှိလဲ မနေနိုင်ပဲ ဆေးရုံတစ်ခုလုံး အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ ပြေးလွှားလှုပ်ရှားနေရတာ ကိုယ့်မွေးမယ့်ရက်တောင် ကိုယ်မေ့နေတတ်တယ်။ ဒါပေမယ့် တစ်ရက် ဆေးရုံက အိမ်ပြန်အရောက် ဗြုံးဆို ရေမွှာ ပေါက်သတဲ့။ ည ၁၁ နာရီခွဲလောက် ရှိနေပြီမို့ ကမန်းကတန်းပဲ ဆေးရုံကို ပြန်ပြေးရတာပေါ့။ ဆေးရုံရောက်ပြီးလို့ မွေးခန်းထဲ အသင့်စောင့်ပေမယ့် ကိုယ်တော်လေးက ထွက်မလာ။ နောက်နေ့ တစ်နေ့လုံးနှင့် တစ်ညလုံး စောင့်ပြီးကာမှ ကိုယ်တော်လေးက အပျင်းကြောဆွဲကာ ထွက်လာလေသည်။ ခက်ခက်ခဲခဲ မွေးရတာလဲ မဟုတ်ပါ။ ထွက်ချင်တော့လဲ ခဏသာ ဗိုက်နာပြီး ထွက်လာလေသည်။
မာလာယုက အစ်မလဲ ဘာထူးလို့တုန်း။ မွေးဖို့ သတ်မှတ်ထားတဲ့ရက် ကျော်လာပေမယ့် အထဲက ကလေးမက အိပ်ကောင်းနေတုန်း။ အထဲမှာ အိပ်လိုက်စားလိုက်နဲ့ပဲ အကောင်က အပြင်က ၂ လသား ကလေးလောက် ကြီးထွားနေပြီ။ ထွက်ဖို့ နည်းနည်းမှ စိတ်မကူး။ သူ့ယောက်ျား ဒေါင်တာရမ်းကု (အဟဲ ... သိပ်ကြည့်မရလို့ အဲဒလို တမင်ခေါ်တာဗျာ) ပြာယာတွေခတ်နေပြီး ဆေးရုံတင်ပြီး ဆေးသွင်းရသတဲ့။ အဲဒလို ၂ ရက်လောက် ပြာယာခတ်ပြီးကာမှ မနေ့ညနေ ၆ နာရီ ၁၀ မိနစ်မှာ အောင်မြင်စွာ ထွက်လာပါလေရောတဲ့။ အထဲမှာ အိပ်ကောင်းစားကောင်းနေတာ ကိုယ်အလေးချိန်က ၃.၇ ကီလို (၈ ပေါင်ကျော်) ရှိသတဲ့ဗျာ။
ဒါမို့ပြောတာ။ ဒီခေတ် ကလေးတွေ ပျင်းကျောက တယ်ထူပါတယ်လို့။

၁၀၉ - ၁၁၀ နောက်ဆက်တွဲ (၂)
ဘလော့ဖတ်သူအပေါင်းတို့ရေ၊ မင်္ဂလာပါဗျာ။ ကျွန်တော် ငစနေ ဘလော့မရေးဖြစ်တာ အတော်လေး ကြာသွားတဲ့အတွက် အထူးပဲ အနူးနဲ့အညွတ် တောင်းပန်ပါတယ်။ အလုပ်လေးတွေရှုပ်၊ အရှုပ်လေးတွေ လုပ်ရင်းနဲ့ ဘလော့ဘက် လက်ဦးမလှည့်ဖြစ်တာကြာပါပြီ။ ကိုငှက်စကား ခဏဌားသုံးရရင် စိတ်အကြည်ဓါတ် မရတာလဲပဲ တစ်ကြောင်း ပါပါတယ်။ အလုပ်ကောင်းကောင်းလေး ရပြီးကာမှ ဆင်ပြောင်ကြီး အမြီးတစ်တဲ့ ဇာတ်လမ်းနဲ့တွေ့နေတဲ့ ငစနေတစ်ယောက် ရှေးကုသိုလ်ကံအကောင်းစားလေးက နှံပြည်စုတ်မျက်ချေးလောက် ကျန်နေသေးလေတော့ ရုတ်တရက်ကြီးရယ် Admin manager မမက အချိန်စောပြီး ကလေးမွေးပါလေရော။ ဘာမှမဆိုင်ဘူးလို့မပြောနဲ့နော်၊ ဆိုင်သမှဆိုင်၊ သူ ခွင့်ယူပြီး လစ်သွားတော့ ဘောစိက ငစနေ့ကို လောလောဆယ်မှာ လူအသစ် ငှားပြီး လုပ်ငန်းတွေကို သင်ပေးရမှာ မဖြစ်နိုင်တဲ့အတွက် လုပ်ငန်းသဘောတွေ နားလည်နေတဲ့ ငစနေကပဲ ခဏလောက် ဆက်နေပေးပါဦးဆိုပြီး မနေ့က ပြောလာပါတယ်။ ဖိုးကျိုင်းတုတ်ဖြစ်သွားတဲ့ ငစနေ မျက်နှာသေလေးနဲ့ သူ့မှာ မိသားစုကို ဘယ်လောက် ပြန်တွေ့ချင်နေတဲ့အကြောင်း၊ ဒါပေမယ့်လဲ ဘောစိက သူ့ကို အလွန် ကောင်းခဲ့ဖူးတဲ့အတွက် အခုအချိန်မှာ ဘောစိကို ပြန်ပြီး ကျေးဇူးဆပ်တဲ့အနေနဲ့ ကူညီပေးမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် ဒီနှစ်ကုန်အထိပဲ နေပေးနိုင်မှာဖြစ်ကြောင်း ခပ်တည်တည် ပြောကြားပြီး အောင်မြင်စွာနဲ့ ဘောစိ အခန်းက ဆုတ်ခွာခဲ့ပါတော့တယ်။ ခုမှပဲ နည်းနည်း အမောပြေပါတော့တယ်။ အခုတော့ ငစနေတစ်ယောက် ကတ်အစိမ်းလေး ဆက်ကိုင်ပြီး ခြင်္သေ့ကျွန်းမှာ အပြတ်သောင်းကျန်းနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေဗျာ။
Saturday, November 10, 2007
မြန်မာ့အလံများ
ဘာရယ်မဟုတ် အင်တာနက်ထဲ လျှောက်သွားနေရင်းနဲ့ အလံတွေအကြောင်းရောက်သွားတယ်။ အလံဆိုတာက ဟိန္ဒူ ဘာသာစကားပါ။ မြန်မာမှာတော့ အရင်တုန်းက အလံ လို့သုံးတာ မကြားဖူးဘူး။ တံခွန်၊ ကုက္ကား ဆိုတာတွေပဲရှိတယ်။ နောက်ပိုင်း အိန္ဒိယလူမျိုးတွေ ရောက်လာတော့မှပဲ သူတို့စကားတွေလဲ မြန်မာစာထဲ ရောလို့ ၀င်လာတော့ မဆလာ၊ အာလူး၊ ဂေါ်ဖီ၊ ပလာတာ စတာတွေနဲ့အတူ အလံ ဆိုတာလဲ အသုံးတွင်ကျယ်လာပါတယ်။ အင်တာနက်ထဲ မြန်မာအလံတွေအကြောင်း ရှာမိတော့ အစောဆုံး အလံ အနေနဲ့ ခရစ်သက္ကရာဇ် ၁၅၀၀ လောက်က အသုံးပြုတဲ့အလံ လို့ ယူဆရတဲ့ ဟင်္သာအလံ ကိုတွေ့မိပါတယ်။
အစိမ်းအောက်ခံမှာ အ၀ါရောင် ဟင်္သာရုပ်နဲ့ အလံဟာ ဟံသာဝတီ နေပြည်တော်မှာ အသုံးပြုတဲ့ အလံဖြစ်မယ်လို့ ခန့်မှန်းမိပါတယ်။ သူ့ထက် နည်းနည်း နောက်ကျပြီး အသုံးပြုတာကတော့ မြန်မာ စစ်တပ်တွေမှာ ရှေ့ဆုံးက ချီတဲ့ သူရဲကြီး တံခွန် ဆိုတာပါပဲ။ ကြက်လျှာစွန်း ၃ ခုနဲ့ အလယ်မှာ န၀ရတ်ကိုးပါး စီချယ်ထားတဲ့ သူရဲကြီးတံခွန်ဟာ သူရဲကောင်းတို့ အမှတ်အသား လို့ သိရပါတယ်။
နောက် တံခွန်တစ်ခုကတော့ မင်းတုန်းမင်းရဲ့တပ်များ စစ်ချီရာမှာ သုံးတဲ့ တံခွန်လို့ ဆိုပါတယ်။ ကျွန်တော်တော့ အတိအကျ မှတ်တမ်းနဲ့ မမြင်ဖူးပါ။ ကြက်လျှာစွန်း ၃ ခုပါ အလံမှာ အလယ်က အနက်ရောင် အပေါင်းသင်္ကေတ နဲ့ ဖြစ်ပါတယ်တဲ့။
ကုန်းဘောင်မင်းဆက်မှာ အသုံးပြုခဲ့တယ်လို့ သေသေချာချာ ပြောနိုင်တဲ့ အလံတစ်ခုကတော့ ဒေါင်းအလံပဲဖြစ်ပါတယ်။ ဒေါင်းအလံကို ပုံစံ အတော်များများနဲ့ အသုံးပြုခဲ့ကြပါတယ်။ အခု ဒေါင်းအလံကတော့ မင်းခမ်းမင်းနားများမှာသုံးတဲ့ အဖြူရောင် ပိုးသားအောက်ခံမှာ အနီရောင် ချည်ထိုးဒေါင်းရုပ်ဖော်ထားတဲ့ အလံပါ။ တံခွန်ပုံစံ ကြက်လျှာ အနားသတ်မဟုတ်ပဲနဲ့ လေးထောင့်ပုံစံ အလံဖြစ်ပါတယ်။
အဲဒီကတည်းက စလို့ အမြီးဖြန့်ပြီးကနေတဲ့ ဒေါင်းဟာ မြန်မာ့အမှတ်တံဆိပ် ဖြစ်လာခဲ့ပါတယ်။ ဒေါင်းဟာ ကုန်းဘောင်မင်းဆက် မြန်မာဘုရင်တွေရဲ့ အမှတ်တံဆိပ် ဖြစ်ခဲ့ပြီး ဒေါင်းတံဆိပ် ဒင်္ဂါး၊ ဒေါင်းအလံ စသည်ဖြင့် ဘုရင်တို့ရဲ့ အမှတ်အသားကိုပြတဲ့နေရာမှာ ဒေါင်းရုပ်ကို အသုံးပြုလာပါတယ်။ အင်္ဂလိပ် ကိုလိုနီအစိုးရ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး နောက်ပိုင်းမှာတောင်မှ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအလံဟာ ယူနီယံဂျက် အလံနဲ့ ဒေါင်းတံဆိပ် ပေါင်းစပ်ထားတဲ့ အလံ ဖြစ်လာခဲ့ပါတယ်။
ဒီ အပြာရောင်အောက်ခံမှာ ဒေါင်းတံဆိပ်နဲ့ ယူနီယံဂျက် အလံဟာ ဒိုင်အာခီ အုပ်ချုပ်ရေး ပေးတဲ့အချိန်က စလို့ မြန်မာအစိုးရရဲ့ အလံအနေနဲ့ အသုံးပြုခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်ကို တော်လှန်ခဲ့တဲ့ မြန်မာလွတ်လပ်ရေးတပ်မတော် (BIA) ကလည်း ၃ ရောင်ချယ် ဒေါင်းအလံကိုပဲ အသုံးပြုခဲ့ပြန်ပါတယ်။
ဂျပန်ကို တော်လှန်ခဲ့တဲ့ မြန်မာ့တပ်မတော်ကတော့ အနီအောက်ခံမှာ အဖြူရောင် ကြယ်တစ်ပွင့်ပါတဲ့ တော်လှန်ရေးအလံကို အသုံးပြုလာပါတယ်။
ဂျပန် တော်လှန်ရေးပြီိးလို့ အင်္ဂလိပ် အစိုးရ ပြန်လာတဲ့အချိန်မှာတော့ ယူနီယံဂျက် ဒေါင်းအလံကိုပဲ ဆက်လက် အသုံးပြုခဲ့ပါတယ်။ ဘုရင်ခံအတွက် သီးသန့် အမှတ်တံဆိပ် အနေနဲ့ ယူနီယံဂျက်ရဲ့ အလယ်တည့်တည့်မှာ ဒေါင်းရုပ်ပါတဲ့ အလံတစ်ခု တီထွင် အသုံးပြုခဲ့ပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးတဲ့အခါမှာတော့ ပြည်နယ် ၅ ခုနဲ့ ပြည်မ၊ အေးချမ်းသာယာခြင်း၊ ရဲရင့်ပြတ်သားခြင်း ဆိုတဲ့ အဓိပ္ပါယ်တွေကို ဖော်ဆောင်တဲ့ ကြယ်ဖြူ ၆ ပွင့်နဲ့ ပြည်ထောင်စုအလံတော်ဟာ မြန်မာနိုင်ငံရဲ့ တရားဝင် အမှတ်အသား ဖြစ်လာခဲ့ပါတယ်။
သမ္မတရဲ့ အမှတ်တံဆိပ် အနေနဲ့ကျတော့ လိမ္မော်ရောင် အောက်ခံမှာ ဒေါင်းတံဆိပ်ပါတဲ့ အလံကို အသုံးပြုတယ်လို့ တွေ့ရပါတယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အာဏာရလာတဲ့ နောက်ပိုင်းမှာ တိုင်းနဲ့ပြည်နယ် ၁၄ ခု၊ အလုပ်သမား၊ လယ်သမား အင်အားစု၊ အေးချမ်းသာယာခြင်း၊ ရဲရင့်ပြတ်သားခြင်းဆိုတဲ့ အဓိပ္ပါယ်တွေနဲ့ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်ရဲ့ အလံဟာ အနီအောက်ခံနဲ့၊ ဘယ်ဖက် အပေါ်ထောင့်မှာ အပြာရောင်အောက်ခံ၊ စက်သွား၊ စပါးနှံနဲ့ အရွယ်အစားညီ ကြယ်ဖြူ ၁၄လုံးပုံစံ အဖြစ် ပြောင်းလဲ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီအလံဟာ အခုလက်ရှိအချိန်အထိ မြန်မာနိုင်ငံတော်ရဲ့ အမှတ်တံဆိပ်အဖြစ် ရပ်တည်နေတဲ့ အလံဖြစ်ပါတယ်။ အခုတော့ ဒီ အလံတော်ကိုလဲ ပြုပြင်ပြောင်းလဲပစ်ဖို့ ညှိနိုင်းတိုင်ပင်နေကြပြန်ပါပြီ။ သုံးရောင်ချယ် အောက်ခံမှာ အဖြူရောင် ကြယ်တစ်ပွင့် ပါမယ်ဆိုတဲ့ အခြေခံ သတ်မှတ်ချက်တစ်ခုကိုတော့ ထုတ်ပြန်ထားပြီး ကျန်တာကတော့ ဘယ်လိုပုံစံဖြစ်မယ်ဆိုတာကို ဆက်လက် ဆွေးနွေးနေကြပါတယ်။ ဒီလောက်ဆိုရင်တော့ မြန်မာ့အလံတွေအကြောင်း အတော်လေး ပြည့်စုံလောက်ပါရဲ့။
Monday, October 29, 2007
၁၀၉ - ၁၁၀ နောက်ဆက်တွဲ
အရင်တုန်းက သူငယ်ချင်းတွေကြားထဲမှာ မဖြစ်နိုင်သော ကိစ္စတစ်ခုခု ရှိလာပြီဆိုလျှင် “ဟုတ်ပါ့မလား မောင်ကာဠုရယ်” ဟု မေးတတ်ကြသည်။ အမေးခံရသော သူကလဲ “ဒါ့ထက်တောင်ပိုသေး” ဟု ပြန်ပြောနေကျ။ အခုလဲကြည့်၊ ငစနေ့ အလုပ်ကိစ္စမှာ ရုံးအသစ်က လူများက သူတို့သွား၍ဖြေရှင်းလျှင် ကျိန်းသေပေါက် ရမည်ဟု အာမဘန္ဒေ ခံလိုက်ကြပြီး တစ်ကယ်တမ်းသွားတွေ့သောအခါ အောင်ဖျာလိပ်လာကြလေသည်။ quota တစ်ယောက်လိုနေသဖြင့် S-pass ကို reject လုပ်လိုက်ကြောင်း၊ Employment pass လဲ ရနိုင်မည်မဟုတ်ဟု ယူဆရကြောင်း၊ အသေချာဆုံးမှာ local ၂ ယောက်ခန့် အလုပ်ထပ်ခန်ပြီးမှ ပြန်တင်စေလိုကြောင်း၊ စသည်ဖြင့် ထို Milk of Magnesium အဲလေ Ministry of Manpower မှ တာဝန်ခံအရာရှိက ပြန်ကြားသော ဟူ၏။ ဖြစ်နိုင်ခြေ တစ်ခုကတော့ EPEC ဟုခေါ်သော အလုပ်ရှာခွင့်လက်မှတ် လျှောက်ကြည့်ပါက ရနိုင်သည်ဟု ထပ်ဆင့် အကြံပေးသောကြောင့် ငစနေတစ်ယောက် EP online website မှနေ၍ တင်ရပြန်လေသည်။ သို့သော်လည်း ၄ ရက်အတွင်းမှာပင် ထို EPEC ကိုလဲ လက်မခံ ပယ်ချလိုက်ကြောင်း လျှပ်စစ်ချောစာမှတစ်ဆင့် အကြောင်းကြားလေသောအခါ ... အဟဲ ... ဘာတတ်နိုင်မှာ မို့လို့တုန်းဗျာ ... နောက်ဆုံး အစီအစဉ်ကိုပဲ အကောင်အထည် ဖော်ဖို့ ရုံးအသစ်ကို အကြောင်းကြား ရတော့တာပေါ့။
ခုအခြေအနေအတိုင်းဆိုလျှင် နိုဝင်ဘာလထဲ လူအသစ် ထပ်ခန့်၊ နိုဝင်ဘာလကုန် လခပေးတော့မှ CPF ဆောင်တဲ့ data အသစ်နဲ့ ဒီဇင်ဘာလထဲလောက် S-pass ပြန်တင်နိုင်လျှင် အတိုင်းထက်အလွန် ဝမ်းသာဖို့ကောင်းနေပြီ။ ဒါက စက်သူဌေးဖြစ်မယ့် တွက်ရေး၊ တစ်ကယ်တမ်း တွက်ကြည့်မှ စက်မရှိတာတွေက အများကြီးရယ်။ လောလောဆယ် S-pass အဟောင်းက အလွန်ဆုံး ကိုင်ထားနိုင်ရင် နိုဝင်ဘာလကုန်ထိ၊ အဲဒါကို ပြန်အပ်လိုက်ရလျှင် ဒီဇင်ဘာလထဲမှာ တစ်ကယ့် ၁၀၉ - ၁၁၀ စစ်စစ် အလည်အပတ် ဗီဇာလေးနဲ့ ငုတ်တုတ်လေး ထို့င်နေသည့် ငစနေကို ဘလော့ဖတ်ရှုသူအပေါင်းတို့ တွေ့မြင်ရတော့မည်ဖြစ်ကြောင်း .....
ခြင်ကာပူ မှ ဘလော့ရှုသူတို့ရေ။ ဖတ်ပြီး ဒီတိုင်းတော့ ပြန်မသွားကြပါနဲ့။ ဘယ်လိုလုပ်ရင် ကောင်းမယ်ဆိုတာလေး comment ဝင်ပေးသွားကြပါဦး။

Tuesday, October 23, 2007
၁၀၉ - ၁၁၀
ဘောစိက ဂွတ်လပ်ဟုပြော၍ လက်ဆွဲနှုတ်ဆက်လိုက်သောအခါ ဖိုးစနေတစ်ယောက် မျောက်သစ်ကိုင်းလွတ် ၁၀၉ - ၁၁၀ ဖြစ်လေပြီ။ အဲဒါမှ ခက်ပါ့ ... ဒီဘက်က ထွက်လို့တော့ ရပြီ၊ ဟိုဘက်က ၀င်ရဖို့အရေး MoM ဆိုသော Milk of Magnisium အဲလေ ... Ministry of Manpower ဆိုတာကြီးက pass ကို ဂျက်ထားလေတော့ ကန့်လန့်ကန့်လန့် ဖြစ်ကုန်ပြီပေါ့။ တစ်ဖက်အလုပ်ရှင်ကတော့ မင့် ချို့ယွင်းချက်ကြောင့်မဟုတ်ပါ ... ငါတို့ management issue တစ်ခုရှိ၍ဖြစ်သည် မနက်ဖြန် သွား၍ ဖြေရှင်းလိုက်လျှင် ရနိုင်ပါသည်ဟု အားပေး၏။ ဟုတ်ပါ့မလား မောင်ကာဠုရယ် ဟုသာ မေးလိုက်ချင်သည်။ ဒါ့ထက်တောင် ပိုသေးဟု ပြောရင်တော့ မတတ်နိုင်။ မရလျှင်တော့ တစ်ခြားအလုပ်တစ်ခု ရှာရုံပေါ့ ဖိုးစနေရယ်။ မင်းကတော့ ဖြစ်လိုက်ရင် ဘယ်တော့မှ ချောချောမွေ့မွေ့ပြီးတယ်မရှိ။ အမြဲတမ်း တစ်ခုမဟုတ်တစ်ခု လွဲရမှ အဆင်ပြေသူဆိုတော့လဲ ... အင်း ... နောက်ဆုံးကျရင်တော့ အဆင်ပြေသွားပါလိမ့်မယ်။ ငါးမရ ရေချိုးပြန် ... အလုပ်မရ အထုတ်ဆွဲပြန်ရုံပေါ့။ အဟက်ဟက် ... ကိုကြီးဒေါင်းရေ ... ကယ်တော်မူပါ .. အဟိ
Wednesday, October 03, 2007
Friday, September 28, 2007
ရာဇ၀င်များရဲ့သတို့သမီး
ခေတ်အဆက်ဆက်ရဲ့ အသက်သွေးကြော၊ ဘ၀တို့ စီးဆင်းရာ၊ ယဉ်ကျေးမှုတို့မွေးဖွားရာ၊ မြို့တော်ဟောင်းတို့ရဲ့ သင်္ချိုင်း၊ အမိမြန်မာရဲ့ မွေးချင်း ညီအစ်မ ... “ဧရာဝတီ”။ သူဟာလဲ တို့အားလုံးရဲ့ မိခင်ပါပဲ။ ခေတ်အဆက်ဆက်၊ ရာဇ၀င်ပေါင်းများစွာနဲ့ အပြုံးမပျက် လက်ဆက်ခဲ့တယ်။ ခေတ်တွေ သာပြောင်းသွားတယ် သူကတော့ ဆက်လက် စီးဆင်းနေမြဲ ...
ဒါက အကောက်တောင်ပေါ်ကနေ ရိုက်ထားတဲ့ပုံပါ။
ထုံးဘိုမှ အကောက်တောင်ကို သွားနေတုန်း ရိုက်ထားတာ
မြစ်ကမ်းပါးက ဘုရားဆင်းတုတွေ (Exposure meter ကြောင်သွားလို့ lighting burn ဖြစ်သွားတယ်)
မြစ်ကမ်းပါးက ဘုရားဆင်းတုတွေ (Exposure meter ကြောင်သွားလို့ lighting burn ဖြစ်သွားတယ်)
ထုံးဘို ဆိပ်ကမ်းမှာ သင်္ဘောတွေ ကပ်ထားတယ်
ထုံးဘိုဆိပ်ကမ်း
အာဇာနည်ခေါင်းဆောင်ကြီး သခင်မြရဲ့ မွေးရပ်မြေ၊ ထုံးဘိုမြို့
အဖေ့အိမ်
ကျွန်တော့်ရဲ့မြို့တော်
အိမ်က ယူလာတဲ့ hard-drive ကို အခုမှပဲ မမေ ကောင်းမှုနဲ့ သူ့ external HDD drive ငှားပြီးတော့ file တွေ ပြန်ဖွင့်ဖြစ်တယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်တုန်းက Sakura Tower အပေါ်ဆုံးထပ်ကနေ ရိုက်ယူထားတဲ့ ပုံလေးတွေ့လို့ အမှတ်တစ်ရ ပြန်တင်မိတယ်။ ဒီရက်ပိုင်းလဲ Sakura Tower ပေါ်ကနေ ရိုက်ထားတဲ့ပုံတွေ ကြည့်နေရတာ များပြီ။ အပြောင်းအလဲလေးပေါ့။ ကျွန်တော့်မြို့တော်ရန်ကုန်ဟာ အခုရော အဲဒီလို စိမ်းစိုနေတုန်းပဲလား။ လှပနေတုန်းပဲလား လို့ တွေးနေမိတယ်။ ဟိုနေ့က GTalk မှာ Status ကို “စိမ်းနေဦးမည့် ကျွန်တော့်မြေ” လို့ တင်ထားမိတော့ သူငယ်ချင်းတစ်ယောက်က လှမ်းအော်တယ် ... “စိမ်းတော့စိမ်းတယ် ... ပုတ်သင်ညိုစိမ်း” တဲ့။
Wednesday, September 12, 2007
Tuesday, September 11, 2007
nine - eleven
KL သို့အလည်တစ်ခေါက် - ၄ ကိုရေးပြီး publish လုပ်လိုက်တော့ ပထမဆုံး သတိထားမိတာက post ရေးတဲ့ နေ့စွဲပါ။ Tuesday, September 11, 2007 လို့ တွေ့လိုက်ရတဲ့အတွက် အော် ... 9-11 တောင် တစ်နှစ်ထပ်ရောက်လာပြန်ပြီ လို့ တွေးမိပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်တုန်းက အဲဒီနေ့ဟာ ကမ္ဘာကို တုန်လှုပ်စေခဲ့တဲ့ နေ့ပေါ့။ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၉ ရက် နံနက် ၈း၄၆ မှာ ခရီးသည်တင် လေယာဉ်ကြီးတစ်စင်း ဟာ ခပ်နိမ့်နိမ့် ပျံဝဲလာပြီး North Tower of the World Trade Centre (WTC1) ကို တည့်တည့်ကြီး ၀င်တိုက်ပစ်လိုက်ပါတယ်။ အိပ်ချင်မူးတူးဖြစ်နေတဲ့ New York မြို့သူမြို့သားတွေ လန့်နိုးကုန်ကြပါတယ်။ ၅ မိနစ်အတွင်းမှာပဲ World Trade Centre Twin Towers နားမှာ မီးသတ်ကားတွေ လူနာတင်ယာဉ်တွေ၊ ရဲပတ္တရောင်ကားတွေ ပြည့်နှက်သွားပါတယ်။ WTC1 ကို လေယာဉ်တစ်စင်း ၀င်တိုက်တယ်ဆိုတာ သိလိုက်ပေမယ့် ဘယ်ကလာတဲ့လေယာဉ်လဲ ဘယ်လိုဖြစ်လို့ ၀င်တိုက်တာလဲဆိုတာ ဘယ်သူမှ မသိကြပါ။ သတင်းဌာနတွေက သတင်းတွေ ဆက်တိုက် လွှင့်ပေးကြပါတယ်။ တစ်ဆက်တည်းမှာပဲ California ကိုသွားတဲ့ လေယာဉ် ၄ စီး မနက် စောစောပိုင်းတုန်းက ပြန်ပေးဆွဲခံရတယ် ဆိုတဲ့ သတင်းနဲ့ အခု ၀င်တိုက်တဲ့လေယာဉ်ဟာ အဲဒီ လေယာဉ် ၄ စီးထဲက တစ်စီးဖြစ်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်လာပါတယ်။
ပြောနေဆိုနေကြတုန်းမှာပဲ မနက် ၉း၀၂ မှာ နောက်ထပ် လေယာဉ်တစ်စီး ထပ်ပေါ်လာပြီး South Tower (WTC2) ကို ထပ် ၀င်တိုက်လိုက်ပြန်ပါတယ်။ ဒါဟာ တိုက်ဆိုင်မှုတစ်ခု မဟုတ်မှန်း လုံးဝ သေချာခဲ့ချိန်မှာတော့ အချိန်ဟာ အတော်လေး နောက်ကျခဲ့ပါပြီ။ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ညီနောင်ဟာ မီးခိုးတလူလူနဲ့ ကြီးကျယ်တဲ့ ထိခိုက်ပျက်စီးမှုကို ခံစားလိုက်ရပါပြီ။ နောက် ၃၅ မိနစ်အကြာ နံနက် ၉း၃၇ မှာ Pentagon စစ်ဌာနချုပ်ကို နောက်ထပ် ခရီးသည်တင်လေယာဉ်တစ်စီး ၀င်တိုက်လိုက်ပြီလို့ သတင်းဌာနတွေက ကြေငြာလိုက်တဲ့ အချိန်မှာတော့ လူတွေဟာ ဆောက်တည်ရာမရ လှုပ်ရှားကုန်ကြပါတော့တယ်။ ဘာတွေဖြစ်ကုန်ပြီလဲ ... ကမ္ဘာ့စီးပွားရေးအချက်အခြာ၊ ကမ္ဘာ့ စစ်ရေးနဲ့ မဟာဗျူဟာ ထိပ်တန်း အချက်အခြာနေရာတွေကို လူတစ်စုက စနစ်တကျ အကွက်ကျကျ စီစဉ်ပြီး တိုက်ခိုက်လိုက်ပြီဆိုတာ ထင်ရှားနေပါပြီ။ ဒါပေမယ့် သူဘယ်သူလဲ ... ဘယ်ကနေပြီးတော့ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ တိုက်ခိုက်မှုမျိုးကို ပြုလုပ်ခဲ့တာလဲ၊ ဒီကိစ္စကို ဘာမဆို အမြဲတမ်း ကြိုသိနေပါတယ် ဆိုတဲ့ FBI, CIA, NSA ဌာနတွေက ဘာလို့ ကြိုမသိခဲ့ကြတာလဲ ဆိုတာကိုတော့ ဘယ်သူမှ အဖြေမပေးနိုင်ကြပါဘူး။ သူတို့ သိတာဆိုလို့ North Tower ကို ၀င်တိုက်တဲ့လေယာဉ်ဟာ American Airline က Boeing 767-233ER အမျိုးအစား၊ Boston ကနေ Los Angeles ကို ထွက်ခွာလာတဲ့ Flight No. 11 လေယာဉ်၊ South Tower ကိုဝင်တိုက်တဲ့ လေယာဉ်က United Airlines က Boeing 767-222 အမျိုးအစား Boston ကနေ Los Angeles ကိုထွက်ခွာလာတဲ့ Flight No. 175 လေယာဉ်၊ Pentagon ကို ၀င်ဆော်သွားတာကတော့ American Airline ရဲ့ Boeing 757-233 အမျိုးအစား Flight No. 77 လေယာဉ်တွေ ဖြစ်တယ်ဆိုတာနဲ့ လေယာဉ်ပေါ်က ခရီးသည်တွေ တစ်ယောက်မကျန် အသက်ဆုံးရှုံးကုန်တယ် ဆိုတာပဲ ရှိပါတယ်။
နံနက် ၉း၅၉ မိနစ်မှာ ဒုတိယမြောက် ၀င်တိုက်ခံရတဲ့ South Tower (WTC2) ဟာ ၀င်တိုက်လိုက်တဲ့ လေယာဉ်က လေယာဉ်ဆီ ဂါလံ ၂၀,၀၀၀ ကျော်နဲ့ ၅၆ မိနစ်ကြာ မီးလောင်ကျွမ်းခံရပြီးတဲ့နောက် ခံနိုင်ဝန်အား ဆုံးရှုံးမှု (structural failure) ကြောင့် ပြိုကျပျက်စီးသွားပါတော့တယ်။ North Tower (WTC1) ဟာလဲ နံနက် ၁၀း၂၈ မှာ (structural failure) နဲ့ပဲ ပြိုကျ ပျက်စီးသွားပါတယ်။ Tower နှစ်ခုထဲမှာ မီးလောင်မှုကြောင့် ပိတ်မိနေသူတွေ၊ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ ကြိုးစားနေတဲ့ မီးသတ်သမားတွေ၊ North Tower ကို လေယာဉ်ဝင်တိုက်ခံရချိန်မှာ ပထမဦးဆုံးရောက်လာတဲ့ ကယ်ဆယ်သူတွေ အားလုံးဟာ မျှော်စင်ညီနောင်ရဲ့ အပျက်အစီးပုံအောက်မှာ မရှုမလှ အသက်ပျောက်ခဲ့ရပါတယ်။ နောက်ဆက်တွဲအနေနဲ့ အနီးဆုံးမှာရှိနေတဲ့ Tower No. 7 (WTC7) ဟာလဲ မျှော်စင်ညီနောင်ပြိုကျမှုကနေ ထွက်ပေါ်လာတဲ့ အပျက်အစီးအပိုင်းအစတွေ ရိုက်ခတ်ခံရတဲ့ဒဏ်ကြောင့် ညနေ ၅း၂၀ မှာ ထပ်မံ ပြိုကျခဲ့ရပြန်ပါတယ်။ ဒီကိစ္စကို စီစဉ်ခဲ့တဲ့သူတောင်မှ ဒါကို အံ့သြကောင်း အံ့သြနေပါလိမ့်မယ်။ ဒါပေမယ့် ပျက်စီးမှုကတော့ ကြောက်ခမန်းလိလိပါပဲ။
to be continue ...
KL သို့အလည်တစ်ခေါက် - ၎
ကဲဗျာ။ တစ်ခြားဟာတွေ အသာထားပြီး KL ကိုပဲ ဆက်သွားရအောင်။
မနက် ၆း၂၀ ရှိသွားပါပြီ ရထားကြီးကတော့ သွားလို့ကောင်းတုန်းပါပဲ။ ငစနေ့ စိတ်ထဲမှာတော့ ... အင်းပေါ့လေ ... နည်းနည်း နောက်ကျတာ ဖြစ်မှာပေါ့လို့ တွေးမိပါတယ်။ ၆း၃၀ ... ၆း၄၀ လောက်ကျတော့ ငစနေ စိတ်ပူလာပါတယ်။ ကိုယ်ဆင်းရမယ့် ဘူတာများ ကျော်သွားပြီလားလို့ စိတ်ထဲက တွေးမိပါတယ်။ ရထားပေါ်က လူတွေကတော့ အိပ်တဲ့သူက အိပ်တုန်း။ တစ်ချို့လဲ ခြေဆန့်လက်ဆန့် ... အိမ်သာသွားတဲ့သူကသွား နဲ့ သူတို့ကတော့ ပုံမှန်အတိုင်းလိုပါပဲ။ ငစနေ စီးတဲ့ရထားက Singapore - Kuala Lampur Night Express train ပါ။ KL မှာ ဂိတ်ဆုံးပါတယ်။ ငစနေ ဆင်းမယ့်ဘူတာက KL မရောက်ခင် ၁ ဘူတာအလို Kajang ဘူတာပါ။ KL နဲ့ 20 Km ပဲ ဝေးပါတယ်။ တစ်ကယ်လို့ ဘူတာကျော်သွားရင်တောင်မှ အခု ခုတ်နေတဲ့အရှိန်နဲ့ဆိုရင် KL ကို ရောက်ဖို့ကောင်းနေပြီမို့ KL ကိုများ ကျော်ပြီးတော့ Ipoh ဘက်အထိ ဆက်သွားနေပြီလားလို့ လန့်သွားမိပါတယ်။ တစ်ကယ် ဟုတ်တယ်ဆိုရင်တော့ Ipoh မှာပဲ ဆင်းပြီး Telok Intan မှာနေတဲ့ အစ်မကိုပဲ ဖုန်းဆက်ပြီး လာခေါ်ခိုင်းရ ကောင်းမလား ဘာလားနဲ့ စိတ်ထဲမှာ ယောက်ယက်တွေ ခတ်ကုန်ပါတော့တယ်။
အဲဒီအချိန်မှာပဲ ရထားကြီးက ဥသြတစ်ချက်ဆွဲပြီး အရှိန်လျှော့လိုက်ပါတယ်။ နောက်တစ်ဘူတာ ၀င်ခါနီးပါပြီ ... နာမည်ကို ကမန်းကတန်း ဖတ်ကြည့်လိုက်တော့ ... ဟုတ်ကဲ့ Kajang Station ပါခင်ဗျာ။ အဲဒီတော့မှပဲ ငစနေ့ရင်ထဲက အလုံးကြီး ပြုတ်ကျသွားပါတော့တယ်။ အချိန်ကတော့ မနက် ၆း၄၇ ပါခင်ဗျာ။ ၂၉ မိနစ်တိတိ နောက်ကျပါတယ်။ ခရီးသည်တွေကတော့ ရထားနောက်ကျတာကို အဆန်းမဟုတ်သလိုပဲ လုပ်စရာရှိတာလုပ်ကြ၊ ဆင်းတဲ့သူဆင်း အိပ်တဲ့သူ အိပ်ပါပဲ။ ဘူတာထဲက ထွက်လာတော့ အပြင်မှာ ငစနေ သိတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ လာသာလာခဲ့ပါ ... ငါကျိန်းသေပေါက် လာကြိုပါ့မယ် လို့ အာမဘန္တေခံထားတဲ့ အစ်မ၀မ်းကွဲရော ... သူ့အမေ၊ ငစနေ့အဒေါ်ရော ... ဘယ်သူမှ မရှိပါ။ အဲဒါနဲ့ပဲ အိတ်ထဲက ဖုန်းကို ပြန်ထုတ်ပြီး switch-on လုပ်၊ ငစနေ့ အဒေါ် ဖုန်းကို လှမ်းခေါ်လိုက်တော့မှ ... သားရေ ... ခဏစောင့်ဦး၊ အန်တီ အိမ်ခဏပြန်နေလို့။ နောက် ၅ မိနစ်ဆိုရောက်မယ် လို့ အန်တီက လှမ်းပြောပါတယ်။ ၅ မိနစ်လောက် အကြာမှာပဲ ငစနေ့ရှေ့နားကို Proton Wira မီးခိုးရောင်လေး ထိုးရပ်လာလို့ ကြည့်လိုက်တော့ အန်တီကိုယ်တိုင် ကားမောင်းပြီး ငစနေ့ကို ပြန်လာခေါ်တာ ဖြစ်နေပါတယ်။ အဲဒီတော့မှ အန်တီက သူ မနက် ၆ နာရီကတည်းက စောင့်နေတဲ့အကြောင်း ၆ နာရီခွဲလောက် ကျတော့မှ ဘူတာက ၀န်ထမ်းကိုမေးကြည့်တော့ နောက်ကျဦးမယ်ဆိုတာနဲ့ အိမ်ခဏပြန်ပြီး သမီးကြီး ကို ရုံးလိုက်ပို့ပေးနေရကြောင်း အခု သူ့ရုံးကနေ တစ်ဆက်တည်း ၀င်ခေါ်တာ ဖြစ်ကြောင်း ရှင်းပြပါတယ်။
ရထားက ဖြည်းဖြည်းပဲ မောင်းပါတယ်။ အပြင်မှာကတော့ မိုးက ရွာလိုက် ရပ်လိုက်ပါပဲ။ နေရာကွက်ကြား ရွာနေတာ ဖြစ်မယ်လို့ပဲ ခန့်မှန်းရပါတယ်။ သီချင်းနားထောင်ချင်နေပေမယ့် ဖုန်းက battery က ကုန်လုနီးပါး ဖြစ်နေတာနဲ့ အသာလေး switch-off လုပ်ပြီး အိတ်ထဲထည့်ထားလိုက်ရပါတယ်။ တော်ကြာ မနက် အရေးပေါ် ဆက်စရာကြုံတဲ့အချိန် battery ဒေါင်းသွားမှ ဒုက္ခရယ်။ ငစနေလဲ ပါလာတဲ့ စာအုပ်လေးဖတ်လိုက်၊ ဘီစကွတ်မုန့်လေး စားလိုက် ရေလေးသောက်လိုက် လုပ်နေပေမယ့် ည ၁ နာရီလောက်ရောက်တော့ မျက်လုံးက ဘယ်လိုမှ ဖွင့်မရတော့တာနဲ့ အိပ်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ ရထားက အချိန်စာရင်းအရ ငစနေဆင်းမယ့်ဘူတာကို မနက် ၆း၁၈ မှာ ၀င်မှာမို့ လက်ပတ်နာရီမှာ ၅း၄၅ alarm ပေးထားလိုက်ပြီး စိတ်ချလက်ချ အိပ်လိုက်ပါတော့တယ်။ မနက် နာရီ alarm သံကြားလို့ နိုးတော့ ကိုယ်စီးတဲ့ တွဲတစ်တွဲလုံး ဘယ်သူမှ မထကြသေးပါဘူး။ အပြင်မှာတော့ လင်းစပြုနေပါပြီ။ မကြာခင်မှာပဲ ရထားက အရှိန်နှေးလာပြီး ဘူတာတစ်ခုကို ၀င်ပါတယ်။ နာမည်ကို ကြည့်လိုက်တော့ Seremban လို့ ရေးထားတာနဲ့ ငစနေ ဆင်းရမယ့် ဘူတာမဟုတ်သေးဘူးဆိုပြီး အသာ ထိုင်နေလိုက်ပါတယ်။
မနက် ၆း၂၀ ရှိသွားပါပြီ ရထားကြီးကတော့ သွားလို့ကောင်းတုန်းပါပဲ။ ငစနေ့ စိတ်ထဲမှာတော့ ... အင်းပေါ့လေ ... နည်းနည်း နောက်ကျတာ ဖြစ်မှာပေါ့လို့ တွေးမိပါတယ်။ ၆း၃၀ ... ၆း၄၀ လောက်ကျတော့ ငစနေ စိတ်ပူလာပါတယ်။ ကိုယ်ဆင်းရမယ့် ဘူတာများ ကျော်သွားပြီလားလို့ စိတ်ထဲက တွေးမိပါတယ်။ ရထားပေါ်က လူတွေကတော့ အိပ်တဲ့သူက အိပ်တုန်း။ တစ်ချို့လဲ ခြေဆန့်လက်ဆန့် ... အိမ်သာသွားတဲ့သူကသွား နဲ့ သူတို့ကတော့ ပုံမှန်အတိုင်းလိုပါပဲ။ ငစနေ စီးတဲ့ရထားက Singapore - Kuala Lampur Night Express train ပါ။ KL မှာ ဂိတ်ဆုံးပါတယ်။ ငစနေ ဆင်းမယ့်ဘူတာက KL မရောက်ခင် ၁ ဘူတာအလို Kajang ဘူတာပါ။ KL နဲ့ 20 Km ပဲ ဝေးပါတယ်။ တစ်ကယ်လို့ ဘူတာကျော်သွားရင်တောင်မှ အခု ခုတ်နေတဲ့အရှိန်နဲ့ဆိုရင် KL ကို ရောက်ဖို့ကောင်းနေပြီမို့ KL ကိုများ ကျော်ပြီးတော့ Ipoh ဘက်အထိ ဆက်သွားနေပြီလားလို့ လန့်သွားမိပါတယ်။ တစ်ကယ် ဟုတ်တယ်ဆိုရင်တော့ Ipoh မှာပဲ ဆင်းပြီး Telok Intan မှာနေတဲ့ အစ်မကိုပဲ ဖုန်းဆက်ပြီး လာခေါ်ခိုင်းရ ကောင်းမလား ဘာလားနဲ့ စိတ်ထဲမှာ ယောက်ယက်တွေ ခတ်ကုန်ပါတော့တယ်။
အဲဒီအချိန်မှာပဲ ရထားကြီးက ဥသြတစ်ချက်ဆွဲပြီး အရှိန်လျှော့လိုက်ပါတယ်။ နောက်တစ်ဘူတာ ၀င်ခါနီးပါပြီ ... နာမည်ကို ကမန်းကတန်း ဖတ်ကြည့်လိုက်တော့ ... ဟုတ်ကဲ့ Kajang Station ပါခင်ဗျာ။ အဲဒီတော့မှပဲ ငစနေ့ရင်ထဲက အလုံးကြီး ပြုတ်ကျသွားပါတော့တယ်။ အချိန်ကတော့ မနက် ၆း၄၇ ပါခင်ဗျာ။ ၂၉ မိနစ်တိတိ နောက်ကျပါတယ်။ ခရီးသည်တွေကတော့ ရထားနောက်ကျတာကို အဆန်းမဟုတ်သလိုပဲ လုပ်စရာရှိတာလုပ်ကြ၊ ဆင်းတဲ့သူဆင်း အိပ်တဲ့သူ အိပ်ပါပဲ။ ဘူတာထဲက ထွက်လာတော့ အပြင်မှာ ငစနေ သိတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ လာသာလာခဲ့ပါ ... ငါကျိန်းသေပေါက် လာကြိုပါ့မယ် လို့ အာမဘန္တေခံထားတဲ့ အစ်မ၀မ်းကွဲရော ... သူ့အမေ၊ ငစနေ့အဒေါ်ရော ... ဘယ်သူမှ မရှိပါ။ အဲဒါနဲ့ပဲ အိတ်ထဲက ဖုန်းကို ပြန်ထုတ်ပြီး switch-on လုပ်၊ ငစနေ့ အဒေါ် ဖုန်းကို လှမ်းခေါ်လိုက်တော့မှ ... သားရေ ... ခဏစောင့်ဦး၊ အန်တီ အိမ်ခဏပြန်နေလို့။ နောက် ၅ မိနစ်ဆိုရောက်မယ် လို့ အန်တီက လှမ်းပြောပါတယ်။ ၅ မိနစ်လောက် အကြာမှာပဲ ငစနေ့ရှေ့နားကို Proton Wira မီးခိုးရောင်လေး ထိုးရပ်လာလို့ ကြည့်လိုက်တော့ အန်တီကိုယ်တိုင် ကားမောင်းပြီး ငစနေ့ကို ပြန်လာခေါ်တာ ဖြစ်နေပါတယ်။ အဲဒီတော့မှ အန်တီက သူ မနက် ၆ နာရီကတည်းက စောင့်နေတဲ့အကြောင်း ၆ နာရီခွဲလောက် ကျတော့မှ ဘူတာက ၀န်ထမ်းကိုမေးကြည့်တော့ နောက်ကျဦးမယ်ဆိုတာနဲ့ အိမ်ခဏပြန်ပြီး သမီးကြီး ကို ရုံးလိုက်ပို့ပေးနေရကြောင်း အခု သူ့ရုံးကနေ တစ်ဆက်တည်း ၀င်ခေါ်တာ ဖြစ်ကြောင်း ရှင်းပြပါတယ်။
Tuesday, September 04, 2007
we cried together that night
ငစနေတစ်ယောက် စိတ်ထဲမှာ အကြည်ဓါတ်သိပ်မရှိတာနဲ့ blog ကိုပစ်ထားခဲ့တာ ကြာပါပြီ။ သူငယ်ချင်းတွေက စီဘောက်စ်ကနေတစ်မျိုး၊ GTalk ကနေတစ်ဖုံ စာပြန်ရေးဖို့ အမျိုးမျိုးပြောကြပေမယ့် ငစနေတစ်ယောက် စာရေးမယ်ဆိုပြီးလုပ်လိုက်တိုင်း ရင်ထဲမှာရှိတာတွေအတွက် စကားလုံးတွေ ပျောက်ဆုံးနေခဲ့တယ်။ ဒီလိုနဲ့ စနေနေ့ညကပေါ့ ...
အဲဒီ စနေနေ့ည က ငစနေ dinner တစ်ခုကိုသွားတယ်။ church တစ်ခုက လုပ်တဲ့ ဆွေးနွေးပွဲ အောင်မြင်ပြီးဆုံးတဲ့ အထိမ်းအမှတ် dinner ပါ။ ဆွေးနွေးပွဲက အပတ်တိုင်း အင်္ဂါနေ့ ညဘက်မှာ လုပ်ခဲ့ကြတဲ့ အဲဒီဆွေးနွေးပွဲကို ငစနေကတော့ လေ့လာသူအနေနဲ့ သွားတက်တာပေါ့။ ထာဝရ ဘုရားသခင်အကြောင်း၊ ယေရှုသခင်က လူသားတွေကို ကယ်တင်မယ့်အကြောင်း၊ ဆေတန်မိစ္ဆာရဲ့ ဆိုးသွမ်းယုတ်မာပုံတွေ၊ ဆေတန်ရဲ့ရန်က ဘယ်လိုကာကွယ်ရမယ် ဆိုတာတွေ သူတို့ပြောပြကြတယ်။ ပြောပြပြီးတိုင်း အစုငယ်လေးတွေခွဲပြီး သူ့အတွေ့အကြုံ ကိုယ့်အတွေ့အကြုံတွေ ဖလှယ်ကြတယ်။ ၂ လ တိတိ အဲဒီ ဆွေးနွေးပွဲတွေကို အပတ်တိုင်း လုပ်ခဲ့ပြီးတဲ့နောက် အောင်မြင်ခြင်းအထိမ်းအမှတ် ညစာစားပွဲကို စနေနေ့ညက Clementi Bible Center က Chapel of Joy မှာ လုပ်ခဲ့ကြတယ်။
ငစနေရယ်၊ ညီမ၀မ်းကွဲတစ်ယောက်ရယ်၊ သူ့သူငယ်ချင်းတွေရယ် ပြီးခဲ့တဲ့ဆွေးနွေးပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြလို့ ဘုရားကျောင်းကိုလာတဲ့သူတွေအကုန်လုံး မြန်မာ ဆိုတဲ့ အမည်တစ်ခုကို ကောင်းကောင်းသိနေကြတယ်။ သူတို့ထဲမှာ မြန်မာနိုင်ငံကို ရောက်ဖူးတဲ့သူတွေလဲရှိတယ်။ မြန်မာနိုင်ငံအကြောင်းကို ကြားဖူးကြတဲ့သူတွေလဲ ရှိတယ်။ How's the lady doing? လို့ စိတ်ဝင်တစ်စားနဲ့ လာမေးကြတဲ့သူတွေလဲရှိတယ်။ ငါ့အိမ်က maid က မြန်မာလူမျိုးပါ၊ တွေ့ရတာ အရမ်းဝမ်းသာပါတယ်လို့ လာနှုတ်ဆက်တဲ့သူလဲ ရှိပါရဲ့။ ဘာပဲဖြစ်ဖြစ် ဘာတွေပဲလုပ်နေလုပ်နေ မြန်မာတွေဟာ မြန်မာဆိုတဲ့ နာမည်တစ်ခုကို ထိန်းသိမ်းနေတာတွေ့ရတာတော့ ဂုဏ်ယူစရာပါ။ ငါ့ maid က အရမ်း အကျင့်စာရိတ္တကောင်းတာ၊ ကလေးတွေကိုလဲချစ်တယ်၊ လူကြီးတွေကိုလဲ ဂရုစိုက်တယ်။ ဟင်းချက်လဲကောင်းတယ် စသည်ဖြင့် အကောင်းဘက်ကချည်းပဲ မှတ်ချက်ပေးနေတာတွေ ကြားရတာ ဂုဏ်တော့ ယူပါရဲ့၊ ဒါပေမယ့် ငါ့ maid က graduated ဆိုတဲ့ နောက်ဆက်တွဲစကားလေး ကြားရတာတော့ နည်းနည်း အောင့်သီးအောင့်သက် နိုင်လှတယ်။ ဟုတ်ပါတယ်။ စင်္ကာပူမှာ အိမ်ဖော်လာလုပ်နေတဲ့သူတွေထဲမှာ တက္ကသိုလ်ကျောင်းသူတွေ၊ ဘွဲ့ရပြီးသား တွေ ပါနေတွေ့နေရတာ လွန်ခဲ့တဲ့ ၄၊ ၅ လ လောက်ကတည်းကပါ။
အဲ ... လွဲကုန်ပြီ။ အောင်မြင်ခြင်းအထိမ်းအမှတ်ပွဲမှာ ပထမဆုံး ညစာ စားကြတယ်။ ပြီးတော့ ဘုရားရှိခိုးဆုတောင်းသီချင်းတွေ သီဆိုကြတယ်။ ပြီးတော့ သိက္ခာတော်ရ ဆရာတော်တွေက လေ့လာသူအနေနဲ့ တက်ရောက်လာတဲ့သူ တစ်ယောက်ချင်းစီအတွက် ဆုတောင်းပေးကြတယ်။ သိက္ခာတော်ရဆရာတော်က ငစနေ့ဆီလာပြီး ညီမောင်အတွက် ဘာများ ထာဝရဘုရားသခင်ဆီမှာ ဘာများ ဆုတောင်းပေးရမလဲလို့ မေးလာတယ်။ အကုန်လုံးကလဲ စိတ်ဝင်တစား ၀ိုင်းကြည့်နေကြတယ်။ ငစနေ စဉ်းစားတယ်၊ တစ်ကယ်လို့သာ ထာဝရဘုရားသခင်က ငါ့တောင်းဆုကို လက်ခံမယ်ဆိုရင် ငါဘာဆုတောင်းရမလဲ ... ကိုယ့်အတွက် ဘာလိုလဲ။ ... ငစနေ့မှာ လိုအပ်နေတာတွေ အများကြီးပါ။ တစ်ကယ်တောင်းဆုပြည့်မယ် တောင်းသာတောင်းဆိုရင် ငစနေတစ်ယောက် တစ်ထောင့်တစ်ညပုံပြင်ထက်ရှည်အောင် တောင်းလိုက်ချင်ပါရဲ့။ ဒါပေမယ့် အဲဒီညက ငစနေ့အတွေးထဲမှာ လူတွေကို မြင်ယောင်နေတယ်။ လူတွေ ... လမ်းလျှောက်နေကြတဲ့သူတွေ၊ ဆာလောင်မွတ်သိပ်နေကြတဲ့လူတွေ၊ သေနတ်ပြောင်းအောက်မှာ ခေါင်းငုံ့နေရတဲ့လူတွေ၊ သခင်အားရတိုင်း ကျွန်ပါးဝနေတဲ့ သဘောက်သားတွေရဲ့ဖိနပ်အောက်မှာ ပြားပြားဝပ်နေရတဲ့သူတွေ ... ငစနေ့အတွေးထဲမှာ အဲဒီမြင်ကွင်းတွေပဲ ချာချာလည်နေတယ်။
နောက်ဆုံးတော့ သိက္ခာတော်ရ ဆရာတော်ကို ငစနေပြောလိုက်တယ် ... “ငါ့အတွက် ဘာမှမလိုတော့ပါဘူး၊ ကျေးဇူးတင်ပါတယ်” လို့ ... “ဒါပေမယ့် ငါ့ထက် လိုအပ်နေတဲ့သူတွေရှိတယ်။ မင်းသူတို့အတွက် ဆုတောင်းပေးပါ။ လူတွေ ... ငါ့ရဲ့ ညီအစ်ကိုမောင်နှမတွေ ... သူတို့တွေ ခံစားနေရတယ်။ ဒုက္ခရောက်နေကြတယ်။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေကြတယ်။ အချုပ်အနှောင်ခံနေရတယ်၊ သူတို့ကို ကယ်တင်ဖို့၊ ခံစားရတဲ့ ဒုက္ခတွေကလွတ်မြောက်စေဖို့ ထာဝရဘုရားသခင်ဆီမှာ ငါတို့ ဒီညဆုတောင်းရအောင်” လို့ ငစနေ ဆက်ပြောမိတယ်။ သိက္ခာတော်ရ ဆရာတော်ဟာ ငစနေ့ကို အလွန်အံ့သြတဲ့ မျက်နှာနဲ့ ကြည့်နေတယ်။ သူသိတာပေါ့။ သူမြန်မာနိုင်ငံကို သာသနာပြုခရီးတွေ ထွက်ခဲ့ဖူးတာပဲ။ မြန်မာလူမျိုးတွေကို သူသိတာပေါ့။ မြန်မာစကားတောင် အနည်းအကျဉ်း တတ်သေးရဲ့။ ခုရက်ပိုင်း သူ သတင်းတွေ ကြည့်နေတာပဲ။ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေလဲဆိုတာ သူတွေ့တာပေါ့။ ဆရာတော် စပြီး ဆုတောင်းတယ်၊ ထာဝရဘုရားသခင်ကို တိုင်တည်ပြီး ဆုတောင်းတယ်။ အားလုံး လွတ်မြောက်ဖို့၊ ငြိမ်းချမ်းဖို့၊ အမှန်တရားဟာ အမြန်ဆုံးရောက်လာဖို့ .... ငစနေတစ်ယောက် မြင်ကွင်းတွေေ၀၀ါးလာတယ်၊ သူကိုယ်တိုင် မသိလိုက်ခင်မှာပဲ သူငိုနေပြီ။ သန်း၆၀ သော ညီအစ်ကိုတွေ၊ မောင်နှမသားချင်းတွေ၊ အားလုံးအတွက် ငစနေ ငိုခဲ့မိတယ်။ ညီမလေးကို လှမ်းကြည့်လိုက်တော့ သူလဲ ငစနေ့လိုပါပဲလား ... သူ့သူငယ်ချင်းတွေရော .... ဟာ ... သိက္ခာတော်ရဆရာတော်ရဲ့ မျက်ဝန်းမှာလဲ မျက်ရည်တွေ အိုင်ထွန်းနေရဲ့ ... ကျန်တဲ့ သူတွေရော ... ငစနေ အားလုံးကို လှမ်းကြည့်မိတယ်။ လူတွေ အားလုံး ကိုယ့်ထက်တောင်ပိုပြီး သည်းသည်းထန်ထန် ငိုကြွေးနေကြတယ်။
..... ဟုတ်ပါတယ် ... ငစနေတို့ အဲဒီညက အတူတူငိုခဲ့ကြတယ် .....
ထာဝရဘုရားသခင် စောင်မတော်မူပါစေ ... အာမင် ။

Tuesday, August 28, 2007
KL သို့အလည်တစ်ခေါက် - ၃
အချိန်က ည ၉း၃၀ ပဲရှိပါသေးတယ်။ ရထားက ည ၁၁း၃၀မှ လာမှာမို့လို့ ပထမတော့ ငစနေတစ်ယောက် ဘူတာထဲမှာ ကျီးကြည့်ကြောင်ကြည့်နဲ့ အနေအထားကို လှည့်ပတ်ကြည့်မိပါတယ်။ ဘူတာက ခပ်သေးသေး၊ ခပ်ဟောင်းဟောင်းပါပဲ။ အပေါ်ထပ်မှာတော့ ရုံးခန်းတွေဘာတွေ ရှိမယ်နဲ့တူပါရဲ့။ အောက်ထပ်မှာတော့ အ၀င်ဝကနေကြည့်ရင် အရှေ့တည့်တည့်က ရထား platform ပေါ်ကိုဆင်းတဲ့ တံခါးပါ။ ဘယ်ဘက်ကိုကြည့်ရင် ဟောခန်းကြီးရဲ့အဆုံးမှာ လက်မှတ်ရောင်းတဲ့ ကောင်တာရှိပါတယ်။ အလယ်တစ်ခုလုံးကတော့ ခရီးသည်တွေ နားနေဖို့ ထိုင်ခုံတန်းတွေဖြစ်ပြီး ညာဘက်မှာ သက်သာအရောင်းဆိုင်လေး တစ်ခုရှိပါတယ်။ သက်သာဆိုင်ရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ ရထားနဲ့ စင်္ကာပူကိုဝင်မယ့်လူတွေအတွက် immigration office နဲ့ အပေါ်ထပ်ကိုတက်တဲ့ လှေခါးကို တွေ့ရတယ်။ ခန်းမတစ်ခုလုံးကို ceiling mounted aircon တွေ တပ်ထားပေမယ့် တံခါးတွေ ဖွင့်ထားလို့လား၊ ဒါမှမဟုတ် aircon တွေ အကုန်မဖွင့်လို့လားတော့မသိ၊ လူနည်းပေမယ့် လေထုက ခပ်အိုက်စပ်စပ်ရယ်။
travelers' lounge and ticket counter
ပထမတော့ ငစနေလဲ ဘူတာထဲမှာပဲ စာဖတ်ရင်းနဲ့ ရထားထိုင်စောင့်နေသေးတယ်၊ နောက်တော့ ပျင်းလဲပျင်း၊ ဗိုက်လဲဆာလာတာနဲ့ အထုပ်ဆွဲပြီး JB မြို့ထဲကို ပြန်ထွက်လာခဲ့ပါတယ်။ ဘူတာရုံရဲ့ ရှေ့တည့်တည့်မှာရှိတဲ့လမ်းကနေ တစ်ဘလောက် လျှောက်လိုက်ရင် JB ရဲ့ မြို့လည်ကို ရောက်ပါပြီ။ မြို့လည်ဆိုတော့ တစ်ခြားနေရာတွေနဲ့မတူ ပိုပြီး သပ်ရပ်ပါတယ်။ လမ်းတွေလဲ ကောင်း၊ shopping centre တွေလဲ ကောင်း၊ ဆိုင်တွေလဲ အများကြီးဖွင့်ထားပါတယ်။ shopping centre တွေကတော့ ည ၁၀ နာရီဆို ပိတ်ပြီမို့ ငစနေ ရောက်သွားတဲ့အချိန်မှာ ဘာမှမရှိတော့ပါ။ ဒါပေမယ့် McDonald ဆိုင်တစ်ဆိုင်တော့ ဖွင့်ထားသေးတာနဲ့ ညစာကို Mc ပဲ စားတော့မယ်ဆိုပြီး ဆိုင်ထဲကိုဝင်လိုက်ပါတယ်။ counter မှာ menu ကြည့်လိုက်တာနဲ့ မျက်လုံးပြုးစရာက စပါတယ်။ Burger နဲ့ Chicken Nugget ကလွဲလို့ SG မှာရှိတဲ့ တစ်ခြားဟာတွေ မရှိပါ။ ကောင်းနိုးရာရာလေး လျှောက်ကြည့်ရင်း Grilled Beef Foldover တစ်ခု နဲ့ အာလူးချောင်းကြော်နဲ့ အအေးနဲ့ စားလိုက်ပါတယ်။ ဟုတ်ကဲ့ ဈေးကတော့ စင်္ကာပူက ဈေးရဲ့ တစ်ဝက်သာသာပဲ ကျပါတယ်။ အစားသောင်းကျန်းနေတာ နာရီကို ကြည့်မိတော့ ည ၁၁း၁၅ ရှိပါပြီ။ ရထားက ၁၁း၃၅ မှာ လာမှာမို့လို့ စားလက်စကို ကမန်းကတမ်း လက်စသတ်ပြီးတော့ ဘူတာကို ပြန်ပြေးရပြန်ပါတယ်။ ဟိုရောက်တော့ လူတွေအကုန် platform ကိုဆင်းနေကြပါပြီ။ ငစနေလဲ ရောယောင်ပြီး platform ကိုဆင်းလိုက်ပါတယ်။ platform မှာ ကိုယ်စီးရမယ့်တွဲက ဘယ်နားထိုးမယ်ဆိုတာကို label တွေပြထားတဲ့အတွက် ငစနေတစ်ယောက် ကိုယ်စီးရမယ့် တွဲအမှတ် K2 ထိုးမယ့်နေရာမှာ ထိုင်စောင့်နေလိုက်ပါတယ်။ မကြာပါ ရထားကြီး ၀င်လာပါပြီ။ (စုတ်ပြတ်မှုန်ဝါးနေသော ပုံအတွက် သည်းခံပေးကြပါ)
ငစနေ လက်မှတ်ယူထားတဲ့ Airconed Secondary Class (ASC) ဆိုတာ အကောင်းစား မဟုတ်ပါဘူး။ သူ့အောက်မှာ Economy Class တစ်ခုပဲ ရှိပါတော့တယ်။ ဒါပေမယ့် ညရထားမှာက ပထမတန်းထိုင်ခုံတွေအစား အိပ်စင်တွဲတွေ အစားထိုးထားတဲ့အတွက် အိပ်စင် မယူချင်တဲ့ ငစနေတစ်ယောက် ဒုတိယတန်းခုံပဲ ယူလိုက်ရပါတယ်။ ရထားတွဲထဲမှာတော့ အတော်လေးကို သပ်သပ်ရပ်ရပ် ရှိပါတယ်။ ရထားပေါ်မှာ သန့်ရှင်းရေးဝန်ထမ်းတွေ ရှိပြီး ဘူတာ တစ်ခါဝင်လို့ လူအတက်အဆင်း တစ်ခါလုပ်ပြီးတိုင်း သန့်ရှင်းရေးတစ်ခါလုပ်ပါတယ်။ ရထားထိုင်ခုံတွေက တစ်ဖက်တည်းကို မျက်နှာမူထားတာမဟုတ်ပဲ နီးတဲ့ အပေါက်ဘက်ကို မျက်နှာလှည့်ထားတာပါ။ တစ်မျိုးတော့ ထူးဆန်းနေတာပေါ့။ နှစ်ခုံတွဲ ခုံတွေက အလယ်လက်တန်းက ခေါက်သိမ်းလို့ရသော ထိုင်ခုံများဖြစ်၍ စုံတွဲများအတွက် များစွာ အဆင်ပြေလေသည်။ စုံတွဲမပါသော ငစနေအတွက်လဲ ဘေးခုံက လူမရှိသဖြင့် လက်တန်းခေါက်က တစ်ယောက်တည်း နှစ်ခုံထိုင်ပြီး အတော်လေး ဇိမ်ကျခဲ့သည်ပေါ့။
Sunday, August 19, 2007
KL သို့ အလည်တစ်ခေါက် - ၂
“အလျင်လိုမှ အနှေးဖြစ်” ဆိုသော စကားမှာ ငစနေအတွက်များ တမင်ရည်ရွယ်ထားလေသလားမသိပေ။ အမြန်ရောက်ချင်ပါတယ်ဆိုမှ ပြဿနာက တစ်မျိုးပြီးတစ်မျိုး တက်လေသည်။ ဘတ်စ်ကားက တံတားကိုကျော်၍ တစ်ဖက်ကမ်းရှိ မလေး Immigration office အထိသာ ပို့ပေးလေသည်။ ကိုယ့်အထုတ်ကိုယ်ဆွဲ၍ ခြေကျင်ပဲ ပြေးရတာပေါ့။ Immigration counter ကိုရောက်တော့ ငစနေ ဆိုင်းဘုတ်ကိုကြည့်သည်။ တစ်ဖက်က Malay Passport Only ဟုရေးထားတာ တွေ့ရပြီး ၀င်တဲ့သူ မရှိချေ။ နောက် counter တစ်ခုကတော့ All Passports ဟုသာ ရေးထားပြီး လူတွေ အတော်များများ တန်းစီဝင်နေကြသည်။ ငစနေလဲ သူများနောက် လိုက်ဝင်ပြီး တန်းစီ counter ရောက်တော့ immigration officer က မျက်နှာကိုသာ တစ်ချက်လှမ်းကြည့်ပြီး ခေါင်းညိတ်ပြလေသည်။ သွားလို့ရပြီ ဆိုသည့်သဘော။ ငစနေလဲ ကောင်တာမှ အမြန်လစ်တော့သည်။ အချိန်က ၈း၅၅။ အဲဒီတော့မှ စောစောက ကားပေါ်တွင် တွေ့ခဲ့သည့် မလေးလူမျိုးက ငစနေ့ကို လှမ်းခေါ်တော့သည်။ ပြီးတော့ ငစနေ့ကို ကောင်တာကို အမြန်ပြန်သွားပြီး white card ဖြည့်ရန်နှင့် အ၀င် တံဆိပ်တုံး ထုရန် ပြောလေသည်။ သေဟဲ့ နန္ဒိယ ဟုသာ စိတ်ထဲမှ ရေရွတ်ပြီး ကောင်တာကို တစ်ခေါက်ပြန်ပြေးရလေသည်။ အဲဒီတော့မှ ဆရာသမား immigration officer က ရယ်ကျဲကျဲနှင့် ငါက မင်းကို မလေးနိုင်ငံသားမှတ်လို့ မကြည့်ပဲ လွှတ်ပေးလိုက်တာ ဟုပြောလေသည်။ အားနာသွားလေသလားမသိ၊ သူကိုယ်တိုင် white card ကိုဖြည့်ပေးပြီး ဘယ်သွားမလဲ ဘာညာ စပ်စုလေသည်။ ငစနေက KL အထိ သွားမည်ဖြစ်ကြောင်း၊ ငစနေ့ အစ်မ၀မ်းကွဲတစ်ယောက်၏ မင်္ဂလာဆောင် အခမ်းအနားသို့ တက်ရောက်ရန်ဖြစ်ကြောင်း စကားစမည် ပြောရင်းနဲ့ ငစနေက JB Station ကို ဘယ်လိုသွားရမလဲ ဟုမေးသောအခါ စိတ်ရှည်လက်ရှည် လမ်းညွှန်ပေးလေးသည်။
၉း၀၀ ဖြစ်နေပြီမို့လို့ အထုတ်ဆွဲပြီး ထွက်ပြေးသော ငစနေ့ကို နောက်ထပ် လူတစ်ယောက်က လှမ်းခေါ်ပြန်လေသည်။ ကြည့်လိုက်တော့ custom officer တစ်ယောက်။ ဟုတ်သားပဲ။ custom မှာ ပစ္စည်းစစ်ရဦးမှာပေါ့။ သိပ်တော့ မကြာပါ။ ပါလာတဲ့ luggage ကို x-ray စက်ထဲ ကောက်ထည့်ပြီး ဟိုဘက် ထွက်လာတဲ့ဘက်က ပြန်ကောက်ပြီး ပြေးရတာပေါ့။ immigration office မှထွက်ပြီး officer ကြီး လမ်းညွှန်သည့်အတိုင်း underground passage way မှ ဖြတ်၍ အခြားတစ်ဖက်မှ ပြန်ထွက်သောအခါ JB မြို့ထဲသို့ တန်းရောက်လေသည်။ ငစနေတစ်ယောက် ယောင်ချာချာ ဖြစ်တော့တာပေါ့။ ဘယ်သွားလို့ ဘယ်လာရမှန်းမသိ။ သတိထားမိတာတစ်ခုက JB သည် ရန်ကုန်နှင့် အတော် တူသည် ဟူသော အချက်ဖြစ်သည်။ ခပ်လှမ်းလှမ်းမှ ဗိုလ်ချုပ်ဈေးနှင့် ခပ်ဆင်ဆင် အဆောက်အဦကြီး နှင့် ထိုနေရာတစ်ဝိုက်သည် တစ်ကယ့် ရန်ကုန် ဗိုလ်ချုပ်ဈေးရှေ့နှင့် ဆင်တူသည်ဟု မှတ်ချက်ချရင်း ငစနေ အထုတ်ဆွဲကာ အမြန် လမ်းလျှောက်လာခဲ့သည်။ ဘယ်သွားရမှန်းမသိတော့ ရုပ်ရှင်တွေထဲမှာ ခဏခဏ တွေ့ဖူးတာတစ်ခုကို လုပ်လိုက်သည်။ ဓါတ်ဆီဆိုင်နှင့် တွဲထားသော 7-11 ဆိုင်ထဲကိုဝင်ပြီး လမ်းမေးခြင်းဖြစ်သည်။ ကောင်တာမှ အရောင်းစာရေးလေးများက ရယ်၍ ဆိုင်ရှေ့မှ အဆောက်အဦကြီးမှာ JB Railway Station ဖြစ်ကြောင်း ပြောတော့မှ ငစနေလဲ ရယ်ကျဲကျဲနှင့် ပြန်ထွက်လာရတာပေါ့။ ကြည့်လိုက်တော့မှ တစ်ခြားအဆောက်အဦဟုတ်ရိုးလား ငစနေ စောစောက ဗိုလ်ချုပ်ဈေးနှင့်တူသည်ဟု မှတ်ချက်ချမိသော အဆောက်အဦဖြစ်နေတော့သည်။
JB Station night view
ဘူတာရုံထဲ ကသောကမျော ပြေးဝင်ပြီး လက်မှတ်ကောင်တာကို လှမ်းကြည့်လိုက်တဲ့အခါမတော့ "Closed" ဆိုတဲ့ ဆိုင်းဘုတ်လေးက ငစနေ့ကို ကြိုဆိုနေပါတယ်။ အချိန်က ၉း၁၀ ရှိနေပါပြီ။ ငစနေလဲ အတော်လေး စိတ်ညစ်သွားပြီး ဘာဆက်လုပ်ရမယ်ဆိုတာ စဉ်းစားရပါတော့တယ်။ စဉ်းစားနေတုန်းမှာပဲ ကောင်တာထဲမှာ လူအရိပ်အခြေ တွေ့လိုက်တာနဲ့ ကောင်တာနားကို အပြေးလေးသွားပြီး “can i get a ticket to Kajang?” လို့ ကမန်းကတမ်း လှမ်းမေးရပါတယ်။ လက်မှတ် အရောင်းစာရေးရဲ့ "which type of seat?” လို့ မေးလိုက်တဲ့ စကားသံအဆုံးမှာ ငစနေတစ်ယောက် ၀မ်းသာလုံး ဆို့မသွားအောင်ကို မနည်း သတိထားလိုက်ရပါတယ်။ စိတ်ထဲမှာတော့ ကောင်တာပိတ်သွားပေမယ့် လက်မှတ်ရောင်းပေးတဲ့ ၀န်ထမ်းကို အခါခါ ကျေးဇူးတင်နေတာပေါ့ဗျာ။ "Airconed Secondary Class" (ASC) ခုံတစ်ခုံကို RM27 ပေးပြီး ၀ယ်ပြီးတဲ့အခါမှာတော့ ငစနေတစ်ယောက် ပြုံးနိုင်သွားပါပြီ။ အဲဒီတော့မှပဲ ဘူတာရုံထဲက ခုံမှာထိုင်ပြီး ငစနေတစ်ယောက် ယူလာတဲ့ ပစ္စည်းတွေကို အေးအေးဆေးဆေး စစ်နိုင်ပါတော့တယ်။ ပစ္စည်း စစ်ပြီးတဲ့အခါမှာတော့ ငစနေတစ်ယောက် ဒုတိယံမ္မိ သေဟဲ့နန္ဒိယ ကို အော်မိပြန်ပါပြီ။ ဟုတ်ကဲ့ခင်ဗျာ၊ ကိုရဲဝင်းတို့ လွဲချက်ကတော့ camera, phone charger,film နဲ့ battery တွေထည့်ထားတဲ့ အိတ် ဘယ်နားထားခဲ့မှန်း မသိတာပါပဲ။ ပြေးရင်းလွှားရင်းနဲ့များ ကျကျန်ခဲ့လား။ SG ကအထွက် baggage check မှာများ အိတ်လိုက် ကျန်ခဲ့သလားနဲ့ စိတ်တွေ ပူရပြန်ပါတော့တယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကို မသင်္ကာတာနဲ့ အိမ်မှာကျန်ခဲ့တဲ့ room-mate ကို လှမ်းဖုန်းဆက် မေးလိုက်တော့မှ .... ဟုတ်ကဲ့ပါ။ သကောင့်သားအိတ်က ငစနေ့ အိပ်ယာပေါ်မှာ အခန့်သား သီတင်းသုံးနေကြောင်း room-mate ဆီက သတင်းစကား ကြားရပါတော့တယ်။ စာရှုသူမိတ်ဆွေ၊ အခုလောက်ဆိုရင် သဘောပေါက်လောက်ရောပေါ့။ အခု တင်နေတဲ့ ဓါတ်ပုံတွေထဲမှာ မှုန်တုန်တုန် ၀ါးတားတာား ဓါတ်ပုံတွေကလွဲရင် ကျန်တဲ့ ကြည်လင်ပြတ်သားနေတဲ့ပုံတွေက အခု ဒီစာရေးနေတဲ့အချိန်ကျမှ အင်တာနက်ထဲကနေ လိုက်ရှာ၊ လိုအပ်သလို ဖြတ်တောက်ပြီး ပြန်တင်ထားရတဲ့ပုံတွေ ဖြစ်လေသတည်းပေါ့ဗျာ။ Camera တွေကျန်ခဲ့တော့ ဖုန်းမှာပါတဲ့ camera လေးနဲ့ပဲ ဟိုလျှောက်ရိုက် ဒီလျှောက်ရိုက်လုပ်ခဲ့ရတယ်။ 1.3 mega pixels ဆိုတော့ အားမရလှဘူးပေါ့။ သီချင်းနားထောင်လို့ကောင်းအောင် music phone ၀ယ်ခဲ့တဲ့ကိုယ့်ကိုကိုယ် ခုမှ ပြန်ပြီး အပြစ်တွေ တင်နေမိတော့တာပေါ့ဗျာ။

Saturday, August 18, 2007
KL သို့ အလည်တစ်ခေါက် - ၁
ငစနေတစ်ယောက် ခရီးသွားမှတ်တမ်းများကို ဖတ်ရတာ အတော်ဝါသနာပါလေသည်။ ကင်းဝန်မင်းကြီးရဲ့ အင်္ဂလန်သွားမှတ်တမ်း ကစလို့ အန်တီ ပတ္တမြားခင် ရဲ့ မမရေ ဆိုပြီး အစချီတတ်တဲ့ “သန္တာစမ်းမှ အလွမ်းစာ”၊ မနန်းစိုး ရဲ့ ခရီးသွားမှတ်တမ်းများ အဆုံး အကုန်ဖတ်လေ့ရှိသည်။ သဘောအကျဆုံးကတော့ ဗိုလ်ဗကိုရဲ့ “ယေးလ်တက္ကသိုလ်ခရီးသည်” နှင့် ဗိုလ်ဗလ၏ “လွတ်လပ်ရေးခရီးတစ်ထောက်”။ ခရီးသွားမှတ်တမ်း ဖတ်ရတာ ရေးသူ တော်လျှင်တော်သလို စာဖတ်သူကိုယ်တိုင် ထိုနေရာသို့ ရောက်နေသလို ခံစားရစေသည်။ ငစနေလဲ အားကျမခံ ရေးကြည့်ဦးမှ လို့ အားခဲထားတာ ကြာပြီ။ ဒါပေမယ့် ဦးအရိုင်းတို့ ပျက်လုံးလိုပေါ့ “ကျန်းမာရေးကလဲမကောင်း၊ ကျန်းမာရေးကောင်းပြန်တော့လဲ လိုအင်ဆန္ဒက မပြည့်” ဆိုတာလိုမျိုး ခရီးက ထွက်ခဲသည်။ ထွက်မယ့်ထွက်တော့လဲ အလုပ်ကိစ္စတွေနှင့်သာ ဆိုတော့ ဘာမှ မှတ်တမ်းမှတ်ရာ မကျန်။ ပြီးခဲ့တဲ့ လကတော့ Malaysia နိုင်ငံ Kuala Lampur မြို့ကို အလည်တစ်ခေါက် ရောက်ခဲ့သည်။ ကိုယ်ရေးကိုယ်တာ ကိစ္စ နဲ့ အလည်အပတ်နဲ့ ပေါင်းပြီး ခရီးထွက်တာဖြစ်လို့ မှတ်တမ်းလေးတစ်ခုတော့ ရေးလိုက်မဟဲ့ လို့ အားတင်းမိသည်။ အစ်မမေငြိမ်းလို ဘယ်စာစောင်ကမှ လက်မခံလဲ ကိုယ့် blog ထဲကိုယ်တင်မှာပေါ့ လို့တော့ စိတ်ပိုင်းဖြတ်ထားရသပေါ့။ (မနှိုင်းကောင်း မနှိုင်းရာတွေ သွားနှိုင်းနေပြန်ပြီ။ အစ်မစာတွေက ကောင်းလွန်းလို့ စာစောင်တွေက လက်မခံရဲတာ။ နင်ရေးတာက ဘာမို့လို့တုန်း)။
ငစနေတစ်ယောက် ဒီခရီးကိုသွားဖို့ အတော်လေး စိတ်အားထက်သန်မိလေသည်။ အားသန်ဆို တစ်သက်လုံးနေမှ တစ်ခေါက်သာ တွေ့ဖူးသော အဒေါ်နှင့် အစ်မ၀မ်းကွဲ ၄ယောက်ကို တွေ့ရမည်က တစ်ကြောင်း၊ ပထမဆုံး ကိုယ်တစ်ယောက်တည်း သွားရမည့်ခရီး ဖြစ်သည်ကတစ်ကြောင်း၊ အတော်လေး စိတ်လှုပ်ရှား နေမိသည်။ မသွားခင် တစ်လလောက်ကတည်းက ကြိုတင်၍ ရထားလက်မှတ်ကို online မှ ကြိုတင် ၀ယ်ယူထားခြင်း၊ လိုအပ်မည်ထင်သည့် ပစ္စည်းများ ၀ယ်ယူစုဆောင်းခြင်းတို့နှင့် မအားလပ်ရအောင် ရှိနေလေသည်။ တစ်ကယ်တမ်းကျတော့ ငစနေဆိုတာ ဘာမို့တုန်း ... သူငယ်ချင်းများက “ရဲဝင်း” ဟု အနွတ္တသညာ ချီးမြှင့်ခံထားရတဲ့ကောင်ပဲဟာ ... မလွဲပဲ ဘယ်နေပါ့မတုန်း။ ပထမဆုံးအလွဲက ရထားလက်မှတ်ထုတ်ဖို့ မေ့ခြင်းဖြစ်လေသည်။ သတိရလို့ booking confirmation ကိုထုတ်ကြည့်တော့ လက်မှတ်ထုတ်ရမယ့် နောက်ဆုံးရက်က ကျော်နေပြီ။ ရထားဘူတာကို ကမန်းကတန်း ဖုန်းဆက်တော့ မရတော့ပါတဲ့။ သွားမယ့်ရက်မှ လက်မှတ်ဝယ်ပြီး စီးသွားပါ ဆိုပြီးတော့ပဲ အကြောင်းပြန်ပါတယ်။ ရုံးက ခွင့်ယူလိုက်တာက ဗုဒ္ဓဟူးနေ့ကနေ တနင်္ဂနွေနေ့အထိပါ။ ဒါပေမယ့် အင်္ဂါနေ့ ညနေ ရုံးဆင်းတာနဲ့ သွားမယ်ဆိုပြီး ရည်ရွယ်ထားတာကြောင့် ရုံးဆင်းတာနဲ့ လက်မှတ်ဝယ်ဖို့ Tanjong Pagar မှာရှိတဲ့ KTM Railway Station ကို တန်းပြေးရပါတယ်။ ရထား အချိန်စာရင်းအရတော့ SG ကနေ ည ၁၀း၃၀ မှာ ထွက်တဲ့ ရထားက JB ကို ည ၁၁း၃၅ မှာ ၀င်မှာဖြစ်ပြီး အဲဒီကနေ KL ကို နောက်နေ့မနက် ၆း၃၅ မှာ ၀င်မယ် လို့ ရေးထားပါတယ်။
Singapore ကနေ KL အထိကို ရထား တိုက်ရိုက် ပေါက်ပါတယ်။ တစ်ရက်ကို အနည်းဆုံး ၃စီး ပုံမှန်ထွက်လေ့ရှိသည်။ ငစနေ့ ခရီးစဉ်က Singapore တစ်ဖက်ကမ်း Johor Baru ကို ကားနဲ့သွားပြီး JB ကနေတစ်ဆင့် ရထားပြောင်းစီးရန်ဖြစ်လေသည်။ JB ကို ရောက်ဖူးချင်တာက တစ်ကြောင်း၊ ရထားကို JB ကနေ စစီးရင် လက်မှတ်ဈေးက တစ်ဝက်လောက် သက်သာတာက တစ်ကြောင်း ဖြစ်လေသည်။ KTM Station ကိုရောက်တော့ ပြဿနာတက်တော့သည်။ JB မှ ငစနေ့ အဒေါ်နေသော Kajang (KL မရောက်မီ တစ်ဘူတာအလို) အထိ လက်မှတ်ပေးပါ ဆိုသောအခါ S$27 ကျပါသည် ဟုဆိုလေသည်။ ငစနေ online မှာ booking လုပ်တုန်းကတော့ RM27 (S$12) သာ။ ယခု ၂ ဆကျော်ကွာနေသောအခါ ငစနေ complaint တက်တော့သည်။ လက်မှတ်ရောင်းက အဲဒီဈေးနဲ့လိုချင်ရင် JB Station ကနေ ၀ယ်စီးပါဟု အကြံပြုလေသည်။ ကြားရက်မို့လို့ လက်မှတ်မရမှာ မပူပါနဲ့။ ရထားက အချောင်ကြီးပါ ဟု အားပေးလေသောအခါ ငစနေလဲ သူ့အကြံအတိုင်း လိုက်နာရန် သဘောတူရတာပေါ့။ ဒါပေမယ့် ဆရာသမားက Ticket counter က ည ၉ နာရီ ပိတ်မှာမို့ အမှီသွားရန်လိုကြောင်း ထပ်ကွန့်သောအခါ ငစနေ ဗျာများရတော့သည်။ နာရီကြည့်လိုက်တော့ ၆း၁၅။ ငစနေ ဘတ်စ်ကား မစောင့်နိုင်၊ အိမ်ကို Taxi တစ်စီးတားပြီး လစ်ရတော့သည်။ SG မှာ ညနေ ၅ နာရီခွဲမှာ ၇ နာရီခွဲကြားအချိန်မှာ တစ်ကယ့် rush hour ဖြစ်လေသည်။ ငစနေတစ်ယောက် မြန်ချင်ပါတယ်ဆိုမှ traffic jam ကြားထဲတွင် ပိတ်မိပြီး ပုံမှန် ၁၅ မိနစ်ခန့်သာ ကြာရမည့်ခရီးကို နာရီဝက်ကျော် ကားပေါ်မှာ ထိုင်လိုက်ရလေသည်။
Woodlands MRT Station & Regional Interchange
950 Cross border service at Woodlands regional interchange
Causeway bridge that connect Singapore with mainland Asia
အိမ်ပြန်ရောက်တော့ ၆း၄၀။ ဘာမှမစဉ်းစားနိုင်၊ ရေကို ကမန်းကတန်းချိုး တနင်္လာနေ့ ညကတည်းက ပြင်ထားသော အထုတ်အပိုးကို ကောက်ဆွဲပြီး အိမ်နှင့် မလှမ်းမကမ်းရှိ MRT Station ကို ပြေးရတော့သည်။ MRT စီး၍ မလေးနယ်စပ်နားရှိ Woodlands အထိသွား။ ထိုမှတစ်ဆင့် မလေးနယ်စပ်ကို ဖြတ်သွားသော 950 CBS (Cross Border Service) ကိုထပ်စီးလျှင် Woodlands checkpoint သို့ ရောက်လေသည်။ Woodlands checkpoint သို့ရောက်သောအခါ ည ၈း၃၀။ ကမန်းကတမ်း Immigration counter မှာ တန်းစီ၊ အထွက်ပြပြီး၊ ICA ရုံးအပြင်သို့ရောက်သောအခါ ငစနေ တိုင်ပတ်တော့သည်။ အထွက်ဘက်တွင် မလေးနှင့် စင်္ကာပူကြားကို ဆက်ထားသော တံတားကိုကျော်ရန် စောင့်နေသော ကားများမှာ အများကြီး ဘယ်ကားပေါ် တက်လို့တက်ရမှန်းမသိ။ နောက်ဆုံး မောင်ပေါက်ကျိုင်းထုံး နှလုံးမူကာ တွေ့သမျှလူ လျှောက်မေးရတော့သည်။ ပထမ Automatic Machine Pistol ကိုယ်စီကိုင်ပြီး ခန့်ခန့်ကြီး ရပ်နေကြသော စင်္ကာပူ ရဲများကို သွားမေးတော့ ဟိုဘက်မှာ ဟု လမ်းညွှန်သဖြင့် သူတို့ ညွှန်ပြရာ ဘက်ကို ပြေးရတော့သည်။ အချိန်က ၈း၅၀။ တွေ့ရာ ကားတစ်စီးပေါ် (170 CBS) ကောက်တက်ပြီးတော့မှ ဒီကားက ကိုယ်သွားချင်တဲ့နေရာ ရောက်မရောက် ဘေးကလူကို မေးရတော့သည်။ သဘောကောင်းလေသော စင်္ကာပူနိုင်ငံသား မလေးလူမျိုးက ငစနေ သွားချင်တဲ့နေရာ ရောက်ကြောင်း confirm လုပ်လေသည်။950 Cross border service at Woodlands regional interchange
Causeway bridge that connect Singapore with mainland Asia
ဆက်ရန် .....
Subscribe to:
Posts (Atom)