Monday, October 20, 2008

Updates and rememberance

ကြောင်ရေချိုးပေးလိုက်၊ ကြက်ဥကို ကော်ပတ်တိုက်လိုက်၊ ချစ်တီးခေါင်း သန်းရှာလိုက်နဲ့ ဖိုးစနေတစ်ယောက် အလုပ်များချင်တိုင်း များနေပါတယ်။ ပြန်ခါနီးပြီမို့ ဝယ်စရာရှိတာ ဝယ်ခြမ်း၊ အလွမ်းသယ်စရာရှိတာသယ်နဲ့ အားဘူးပေါ့ဗျာ။ ဒီရက်ပိုင်း သူငယ်ချင်းရဲ့ညီတစ်ယောက် ခြင်္သေ့ကျွန်းကိုလာပြီး အလုပ်အကိုင်ရှာဖွေဖို့စီစဉ်နေလို့ တတ်အားသလောက် ကူညီပေးနေတာလေးလဲ ပါပါတယ်။ ဒီချာတိတ် ကိစ္စပေါ်လာတော့မှ သူ့အစ်ကို ဖိုးဇော် တစ်ယောက် ငစနေ့ကို တစ်ခါတုန်းက ချောက်တွန်းခဲ့ပုံလေးသတိရမိပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ ဖိုးစနေ ပထမအကြိမ် ခြင်္သေ့ကျွန်းကို ထွက်ဖို့လုပ်နေစဉ်အခါပေါ့။ အကုန်စီစဉ်ပြီးလို့ ထွက်ဖို့ ၁ လတောင်မလိုတော့တဲ့အချိန်မှာ ရုတ်တရက်ပေါ်လာတဲ့ မိသားစုပြဿနာတစ်ခုကြောင့် ခြင်္သေ့ကျွန်းလာမယ့်အစီအစဉ်တွေကို အကုန်ရပ်လိုက်ရပါတယ်။ ဒါပေမယ့် ပြဿနာက အဲဒီမှာတင် မရပ်ပါဘူး။ လက်ရှိ အလုပ်လုပ်နေတဲ့ ကုမ္ပဏီမှာက ထွက်စာတင်ထားပြီးသားဖြစ်နေပါပြီ။ ခေါင်းမာတတ်တဲ့ ဖိုးစနေရဲ့အကျင့်ကြောင့် ထွက်စာကို ပြန်ရုပ်သိမ်းပေးဖို့လဲ မပြောပဲ နောက်အလုပ်တစ်ခုသာ သဲသဲမဲမဲ ဖိပြီး အပူတပြင်းရှာဖွေရပါတော့တယ်။

တစ်ည သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင်မှာထိုင်ပြီး အလုပ်ကိစ္စကိုခေါင်းချင်းရိုက်ဆွေးနွေးနေတုန်းမှာ ဖိုးဇော်တစ်ယောက် ရောက်ချလာပါတယ်။ စကားဝိုင်းထဲ ဝင်ထိုင်ပြီးတော့ တစ်ခုခုကို ပြောသင့်မပြောသင့် ချိန်ဆနေတဲ့ပုံစံမျိုး လုပ်နေပါတယ်။ နောက်တော့မှ မနေနိုင်တော့တဲ့ပုံစံနဲ့ ပြောချလာပါတယ်။
"ဖိုးစနေ၊ မင်းအလုပ်ကိစ္စ အဆင်ပြေပြီလား"
"ပြေသေးပါဘူးကွာ ... အဲဒါမို့လို့ ဒီမှာ ခေါင်းမီးတောက်နေကြတာပေါ့" ... ကျွန်တော် ပြန်ပြောလိုက်တော့ သူ တစ်ချက် ငြိမ်သွားပြန်ပါတယ်။
ခဏနေတော့မှ စကားစလာပြန်ပါတယ်။ .. "ဒီလိုကွာ ... ခု ငါ့မှာ အဆက်အသွယ်တစ်ခုရှိတယ်။ အဲဒါ မင်းလုပ်ချင်မလားလို့"
"အလုပ်က မင်းနဲ့ဆိုရင်တော့ အဆင်ပြေမယ်ကွ၊ အဲဒါတော့ ငါအာမခံတယ်" ... ဖိုးဇော်တစ်ယောက် တစ်ကယ် အတည်ပေါက်နဲ့ပြောနေတာမို့ ကျွန်တော်လဲ စိတ်ဝင်စားသွားပါတယ်။
"ရန်ကုန်မှာတော့ မဟုတ်ဘူးကွ။ အလုပ်က နယ်မှာ။ ပြင်ဦးလွင်နားမှာကွာ ... ဒါပေမယ့် ၂ လကို တစ်ပတ် ရန်ကုန်ပြန်လို့ရမယ်" ...

"အလုပ်က တောထဲမှာဆိုတော့ သွားရလာရ အဆင်ပြေအောင် ပါဂျဲရိုးလို ကားတစ်စီးပေးထားလိမ့်မယ်။ မင်းတစ်ယောက်တည်းကို တစ်စီးတော့ မဟုတ်ဘူးပေါ့ကွာ။ မင်းတို့လို အလုပ်လုပ်နေတဲ့သူတွေ ၃ - ၄ ယောက်လောက်ကို တစ်စီးစီ ပေးထားလိမ့်မယ်။" ...

"လခကတော့ များတယ်ကွ ... ခု လက်ရှိ မင်းရနေတဲ့ လခထက် ၃ ဆလောက်ပိုများမယ်။ မင်း စိတ်ဝင်စားရဲ့လား"

ဖိုးစနေ ခေါင်းထဲမှာ အလုပ်များသွားပါတယ်။ သူပြောတဲ့ အချက်အလက်တွေနဲ့ ဒီအလုပ်ကို လုပ်သင့်မလုပ်သင့် ချိန်ထိုးစဉ်းစားနေတုန်း ဖိုးဇော်က စကားဆက်ပြန်ပါတယ်။

"ဒါပေမယ့် စက်ရုံက အစိမ်းဝတ်တွေရဲ့ စက်ရုံဆိုတော့ မင်းလုပ်ချင်မလားလို့ကွာ ... အဲဒါလေးတစ်ချက်ပဲ ငါစိတ်ပူတာ။ ကျန်တာတော့ အကုန်အဆင်ပြေတယ်။"
"အစိမ်းဝတ် စက်ရုံဆိုရင်တော့ နည်းနည်း ပြန်စဉ်းစားရမယ်ကွ။ ဖေဖေလဲ ကြိုက်ချင်မှကြိုက်မှာ .... ဒါပေမယ့်ကွာ ... နောက်ဆုံး ဘာအလုပ်မှ ရှာမရရင်တော့ မင်းပြောတဲ့အလုပ်မှာ ခဏတဖြုတ်လုပ်သင့်ရင်လဲ လုပ်ရမှာပဲ။ ဖေဖေ့ကိုတော့ ကြည့်ပြောရမှာပေါ့။" ကျွန်တော်က တွေးတွေးဆဆတစ်ချက်ပြန်ပြောတော့ ဖိုးဇော်မျက်နှာ ပြုံးသွားပါတယ်။ လက်ဘက်ရည်ဝိုင်းတစ်ခုလုံးလဲ တိတ်ဆိတ်ငြိမ်သက်ပြီး ကျွန်တော်တို့ပြောတာကိုပဲ စိတ်ဝင်တစား နားထောင်နေကြပါတယ်။ ရုတ်တစ်ရက်ကျွန်တော် တစ်ခု သတိရသွားတာနဲ့ မေးချလိုက်ပါတယ်။ "နေပါဦးကွ ... မင်းပြောတဲ့အလုပ်က ဘာလုပ်ရမှာလဲ ... ငါနဲ့ အဆင်ပြေမယ်ဆိုတာရော သေချာရဲ့လား။"

ဖိုးဇော်မျက်နှာ တစ်မျိုးဖြစ်သွားပါတယ်။ ပြီးမှ အမူအယာကို နည်းနည်း ပြန်ထိန်းလိုက်ပြီး ... "မပြေစရာအကြောင်းမရှိပါဘူးကွာ ... မင်း လုပ်နိုင်မယ်ဆိုတာ ငါ သိပြီးသားပါ။ အလုပ်က ဒီလိုကွ ... အနီးစခန်းမှာ သံရည်ကြိုစက်တွေ ရှိတယ် ... အဲဒါမင်းသိတယ်မဟုတ်လား။ အဲဒီမှာ ကြိုပြီးထွက်လာတဲ့ သံရည်တွေကို အပေါ့အငန်မြည်းပေးရမယ်။ အဲဒါလေးပဲ"

တစ်ဝိုင်းလုံး ရုတ်တရက် ငြိမ်သွားပါတယ်။ ပြီးမှ အဖြစ်မှန်ကို အရင်ဆုံး သဘောပေါက်သွားတဲ့ ဟန်မျိုးက တဟားဟားအော်ရီပါတော့တယ်။ အဲဒီတော့မှ ဖိုးစနေလဲ သဘောပေါက်ပြီး ဖိုးဇော်ကို လိုက်ထိုးပါတော့တယ်။ ဖိုးစနေက လိုက် ဖိုးဇော်က လက်ဘက်ရည်ဆိုင်ကို ပတ်ပြေးနဲ့ ဆူညံပွက်လောရိုက်ကုန်ပါတယ်။ ပြေးလို့လိုက်လို့ မောတော့လဲ သူငယ်ချင်းနှစ်ယောက် တစ်ယောက်လည်ပင်း တစ်ယောက်ညှစ် ... အဲလေ တစ်ယောက်လည်ပင်း တစ်ယောက်ဖက်ပြီး ဝိုင်းရှိရာကိုပြန်လာ အကျရည်ခါးခါးကို အတူတူထိုင်သောက်ကြတာပေါ့ဗျာ။ ငယ်တုန်းက သူငယ်ချင်းတွေ နဲ့အတူတူ ပျော်ရွှင်ခဲ့ရတဲ့ရက်တွေ ပြန်ပြီးအောက်မေ့ပါရဲ့။

Saturday, October 11, 2008

Happy Birthday Mom!

Happy Birthday Mom, ... but hey, my mom's birthday was last Friday, 10th of October.

I called mom early in the morning to wish her happy birthday. But she's not very well. Not so serious, just having a seasonal flu. As it's mom's birthday I put a message "Happy birthday Mom! I love you!" on my GTalk status. Then Tim, my new Singaporean friend asked me with a surprise "Hey, is it really your mom's birthday today?". I answered him "Yes! Of course!!!" . He said "Wow! ... it's really cool. Bcoz today is my mom's birthday also!"
Well, I can't be more delighted than him. We wish each other's mom's birthday in return. Well, at least, It's good to have a friend whose mom's birthday is same as my mom.

Happy birthday mom! I love you!!!

From Singapore with love,

ငစနေ

Friday, October 10, 2008

What am I doing recently?

I'm doing some bug-fixing and debugging of my old projects at office. Major updates and changes has been finished. So, I got some time to write blog posts again. What's happened to me at home? I'm washing and ironing my cloths!!! No joke, it's serious.

The old washing machine provided by my landlady has been acting strangely last few weeks and it took 4 ~ 6 hrs to finish a load of laundry. And last week, it cannot finish anything anymore. So my flat-mates went to electronic shop to buy a new washing machine. I'm a bit surprised (well, a bit astonished also) to see them coming back empty handed but when I heard that they've made a delivery order, I'm a bit delighted. (thanks mates, for taking the trouble to go and buy the machine :-) ) Yes, I haven't done my laundry jobs for the whole week because of that stupid old washing machine and all of my freshly washed clothes are nearly out of stock to wear. I'm really longing to have a new washer as soon as possible.

My wish has been fulfilled on last Wednesday. When I arrived back home from work, I saw a new washing machine. So, that night, I did 2 loads of laundries. Well, there come some problems! All of my flat-mates are in same situation with me about their laundries and they arrived back home earlier than me, so they've already done all their loads and already hanged the clothes full on the cloth line. There's no place left for me. :( so I've been forced to switch on the special function of our newly bought machine "The Wash and Iron". Yes, you washed, and when the machine stops, you take it out and iron directly, no hanging needs.

My old fashion about washing and wearing is, I wash, and then I hang the clothes, and when I want to wear, I took it out of the cloth line, iron it and wear. So I don't need to pay great amount of time to do the ironing. Now, I've got to iron the clothes again and I found out that it takes more time to iron a damp shirt than when it's dried. No choice, I've got to do it. And I think I've got to do it in future also. Why? Because one of my flat-mates have a habit of getting up early in the morning and cook the breakfast (mostly fried rice). So when he finish cooking, all the clothes hanged on the cloth line are smelled with his fried rice. :( ... so, no way of hanging them again. Wash and iron! Okay, ciao, see you again.

From Singapore with love
ငစနေ

What's happened to Me?

Well, it’s been so long I haven’t blog. And because of some emotional fluctuations, I’m not in a mood to type smooth words in my native language. So, here come my first blog post in English and of course, I post it via mail. I’m feeling so bored to open the Blogger.com at this moment.

Some of my blog readers might be wondering where am I , what am I doing and why I didn’t post for so long. Well, there’re many reasons, one thing is my work and another thing is my mood. I’m about to go back to my beloved Motherland for a visit and I’ve got to move all my project deadlines ahead of my vacation date. It’s the hell of busy days. My mood? Well, I’m not sure what’s happening. I’m feeling like I’m not myself. It’s not that I haven’t write any blog posts during my absent days. I wrote a lot. But every time I finished writing a post, I review it and I don’t like it anymore. So instead of posting, I just delete them away.

During these days, I’ve had some chances to go out and take some photos. But sadly, most of them are portraits of my beloved cousin sister. So I won’t be able to post it here. I still have some non-personal shots, but again, I don’t feel like editing them right now. So they’re resting in my external storage box. If I can find some time and some mood to edit them, you’ll be seeing them online here. For now, ciao, see you around. I’ll be updating my blog regularly, at least in English.

With love from the land of Merlion,
ငစနေ

Tuesday, July 29, 2008

Money No Enough

Money No Enough ဆိုတာ အခု တစ်လောကြော်ငြာနေတဲ့ စင်္ကာပူ ရုပ်ရှင်တစ်ကားပါ။ တစ်မင်တစ်ကာ အင်္ဂလိပ်စာကိုဖျက်ပြီး Singlish နဲ့ Money No Enough လို့ ပေးထားလေရဲ့။ အခုအဖြစ်အပျက်နဲ့ တိုက်ဆိုင်နေတော့ အဲဒီခေါင်းစဉ်လေးပဲ ဆွဲသုံးလိုက်တယ်။

ဖိုးစနေတို့ အလုပ်တွေများပြီး ဆတ်ဆလူးပျားတုပ်ဖြစ်နေရတဲ့အထဲ အဖြစ်ဆိုးပုံများ ပြောလဲပြောချင်ရဲ့ ပြောပြန်ရင်လဲ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်ဦးမယ်။ ဖြစ်တာက ဒီလိုရယ် ...

ဘဏ်ကတ်ကိုင်တာ အကျင့်ပါလာတော့ ဖိုးစနေတစ်ယောက် ပိုက်ဆံအိတ်ထဲ ပိုက်ဆံကို များများစားစား မထည့်ထားတတ်။ ၂၀ - ၃၀ ခန့်သာ အများဆုံး ထည့်ထားလေ့ရှိသည်။ ဘဏ်ကတ်နဲ့ငွေချေလို့ရတဲ့နေရာမှန်သမျှ ကတ်လေးထုတ်ထုတ် ငွေချေရတာ အရသာကိုတွေ့လို့။ ဒီလထဲ ငွေသုံးက နည်းနည်းများသည်။ သဘောကလဲ ကောင်းပြီး ရုံးမှာ လိုအပ်တဲ့ပစ္စည်းဝယ်တာတွေ၊ ဧည့်သည်ကို entertain လုပ်တာတွေမှာ ပိုက်ဆံက စိုက်ထားလိုက်ပြီး လကုန်မှ ပြန် claim လုပ်မယ်ဆိုပြီး ထားလိုက်တာတွေက ရှိသေးသည်။ ဒီကြားထဲမှာ သူငယ်ချင်းများ (ကောင်မလေးများ) က အရေးတစ်ကြီး ပိုက်ဆံလိုနေသည်ဆိုလျှင်လဲ သဘောကောင်းစွာ ထုတ်ချေးလိုက်သေးသည်။ (ခု မချေးတော့ဘူး၊ မှတ်သွားပြီ) အပျင်းထူပြီးတော့ ဘဏ်ထဲမှာ ပိုက်ဆံဘယ်လောက်ကျန်လဲဆိုတာလဲ ဘယ်တော့မှ စစ်လေ့မရှိ။

ဒီနေ့မနက် ရုံးသွားခါနီး ပိုက်ဆံအိတ်ထဲကြည့်တော့ ၁၀ တန်တစ်ရွက်နဲ့ အကြွေနည်းနည်းပဲတွေ့သည်။ မနက်စာနဲ့ နေ့လည်စာ လောက်သေးတယ်ဆိုတော့ အေးဆေးပေါ့။ ညနေကျမှ ပိုက်ဆံထုတ်မယ်ဆိုပြီး ရုံးသွား၊ မနက်စာနဲ့ နေ့လည်စာ စားလိုက်တော့ ၁၀တန်လေးလဲ ကုန်ရောပေါ့။ ညနေ ရုံးဆင်းတော့ Peninsula ဘက်အေးဆေးလျှောက်၊ လမ်းမှာ တွေ့တဲ့ ATM ကိုဝင်ပြီး ပိုက်ဆံထုတ်တော့မှ ဇာတ်လမ်းက စတော့သည်။ စက်က ငွေထုတ်မပေး၊ error ပဲပြနေလေသည်။ ကမန်းကတမ်း balance check လုပ်လိုက်တော့ လက်ကျန်က ၇ ကျပ် ဟူ၏။ လက်ထဲမှာရှိတာက အကြွေ ၃ ကျပ်ကျော်ကျော်။ ကဲ ... အိမ်ပြန်ပြီး ခေါက်ဆွဲပြုတ်နဲ့ နှစ်ပါးသွားလေးကတာပဲကောင်းပါတယ်ဆိုပြီး MRT ထဲ ဆင်းလာတုန်း ပါလေရာဖုန်းက ပကျိပကျိအော်လေသည်။

"Incoming call from ဘုန်းနိုင် .... "

“ဟေ့ကောင် ... ပြောဟ” ဖိုးစနေက နုတ်ဆက်လိုက်တော့

“ဟေ့ကောင် မင်းငါ့ကို ထမင်းကျွေးချင်စိတ်လေးဘာလေးများ မရှိဘူးလားဟေ”

ဖိုးစနေ စိတ်ရောလူပါ ညစ်သွားသည်။ ကိုယ်တိုင် ပိုက်ဆံမရှိလို့ အိမ်ပြန်ပြီးခေါက်ဆွဲပြုတ်သောက်ပါမည်ဆိုမှ ကျေးဇူးရှင်က ထမင်းကျွေးခိုင်းနေသေးသည်။ သို့သော်လည်း ငယ်သူငယ်ချင်းကြီးဆိုတော့ အော်ထုတ်၍လဲမရ၊

“ဟ ... ကျွေးချင်တာပေါ့ဟ။ ဒါပေမယ့် ဒီအချိန်မှ လာပြောရလားဟ။ လခထုတ်ပြီးမှ ကျွေးနိုင်မှာပေါ့။”

“လာမဖြီးနဲ့ဟေ့ကောင်၊ မင်းလခထုတ်ပြီးပြီမဟုတ်လား။ စလုံးက ကုမ္ပဏီတွေက လမကုန်ခင် လခပေးနေကျပါကွာ မင်းကလဲ”

ဖိုးစနေ စိတ်ထဲကပြောမိသည် “ဇွတ်ပါလားကျေးဇူးရှင်ရယ်”

“အရင်ကတော့ လမကုန်ခင်ရတာပဲဟ။ ခုမှ GYRO ဆိုတာကြီးနဲ့ လခပေးမယ်လုပ်တော့ နောက်ဆုံးရက်မှ လခရရ နေတာ ၃ - ၄ လ ရှိနေပြီ”

“ရရ မရရ ကွာ၊ ဒီနေ့ကျွေးမှရမယ်၊ မင်းမှာ ပိုက်ဆံမပါရင် ငါစိုက်ထားပေးမယ်။ နောက် နာရီဝက်နေရင်ရောက်မယ်။ ဒါပဲ”

သူတော်ကောင်း များ ဒုက္ခရောက်ပြီဆိုရင် သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များ ကြည့်မနေတတ်ကြ၊ ထမင်းငတ်ကိန်းဆိုက်နေသော ဖိုးစနေဆီသို့ ထမင်းဒကာတစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်အောင် ပို့ပေးလိုက်ကြလေသည်ဟုသာ မှတ်ယူရင်း Oriental House မှာ ငစနေနဲ့ဘုန်းနိုင် ၂ယောက်သား ထမင်းစားခဲ့ကြတာပေါ့ဗျာ။


30th July Update ...
သမ္မာဒေဝနတ်မင်းများ ကူညီလွန်းကြသည်ထင့် ... ဒီမနက် ဘဏ်လက်ကျန်စစ်ကြည့်တော့ လခက မျက်စိလည်လမ်းမှားကာ တစ်ရက်စောပြီး ဝင်နေသတဲ့ဗျာ။ ပျော်ပါတယ်။ တစ်ဆက်တည်း ကုသိုလ်ကောင်းမှုလေးလဲ ထပ်လုပ်ဦးမှလို့ တွေးမိပါတယ်။ ရှေးကလုပ်ခဲ့တဲ့ကုသိုလ်လေးတွေကြောင့် အခုဘာမှအခက်အခဲမရှိ အဆင်ပြေသွားပေမယ့် နောင်ဖြစ်လာမယ့် ပြဿနာတွေအတွက် ကုသိုလ်တွေမကျန်မှဒုက္ခ လို့ အတွေးပေါက်မိလို့ ဘုရားသွားကျောင်းတက် လုပ်လိုက်ပါဦးမယ်ဗျား။

Dedigated to Phone Naing who urged me to update my blog.

Monday, July 07, 2008

S P E E D

ဒီတစ်ပတ်တော့ S P E E D ဆိုတဲ့ ခေါင်းစဉ်နဲ့ ပုံတစ်ချို့ ရိုက်ဖြစ်ပါတယ်။ အရှိန်နဲ့ ရွေ့လျားနေတဲ့ ကား၊ ဆိုင်ကယ် စတဲ့ အရာဝတ္ထုတွေကို ရိုက်ကြည့်တာပါ။ အဲဒီလိုပုံမျိုးရိုက်တဲ့အခါ shutter speed ကို အရမ်း မြန်ထားရင် object က freeze ဖြစ်သွားပြီး ပုံထဲမှာ သွားနေတဲ့ကားဟာ ရပ်နေတဲ့ ကားနဲ့ မခြားနားတော့ပါဘူး။ အဲဒီအတွက် shutter speed ကို ၁/၃၀ စက္ကန့် လောက်မှာ ထားပြီး ရိုက်ပါတယ်။ object ရဲ့ speed က နှေးနေရင်တော့ ၁/၂၀ စက္ကန့်လောက်ထားသင့်ပါတယ်။ shutter ကို နှေးထားပြီး ကင်မရာကို သွားနေတဲ့ အရာဝတ္ထုအတိုင်း လိုက်ရွှေ့ပြီး ချိန်ရင်း ရိုက်လိုက်တဲ့အခါ နောက်ခံက movement blur ဖြစ်နေတဲ့ ကား၊ ဆိုင်ကယ် ပုံတစ်ပုံကို ရပါလိမ့်မယ်။ စိတ်ဝင်စားတယ်ဆိုရင် ငှက်တွေ ပျံနေတာကိုလဲ အဲဒီလို ရိုက်ကြည့်လို့ရပါတယ်။ အလွန်ကောင်းတဲ့ ပုံတစ်ပုံ ထွက်လာပါလိမ့်မယ်။ အခု ကားတွေနဲ့ ဆိုင်ကယ်ပုံကို ခံစားကြည့်ပါဦး။





Blaze of Glory - Jon Bon Jovi

စိတ်ညစ်တာတွေ များလာရင် နားထောင်တတ်တဲ့ သီချင်းတွေထဲမှာ ဒီသီချင်းလဲ တစ်ပုဒ်အပါအဝင်ပါပဲ။ Jon Bon Jovi ရဲ့ Blaze of Glory သီချင်းပါ။ လောလောဆယ် ကျွန်တော် စိတ်ညစ်နေပါတယ်။ ကိုယ့်ကိုကိုယ် ပြန်ကြည့်ပြီး အားမရတာတွေ များနေတာလဲ ပါတာပေါ့။ အိပ်ယာထ - ရုံးသွား - ရုံးပြန် - အိပ်ယာဝင် ဆိုတဲ့ ခေါက်ရိုးကျိုးနေတဲ့ဘဝကို တော်တော်လေး ငြီးငွေ့နေပါတယ်။ အိမ်ပြန်ချင်နေတယ်။ အဖေနဲ့အမေ့ကို သတိရနေတယ်။ ကိုယ်ထောင်တဲ့ဇာတ်မို့ ကိုယ်တိုင်ပြီးအောင် ကနေရပေမယ့် ဇတ်ညွှန်းကိုဆက်မရေးတတ်တော့ ဇာတ်ကြီးက တဝဲလည်လည်ဖြစ်နေလေရဲ့ဗျာ။ ညည်းတာတွေ အသာထားလို့ သီချင်းလေးကိုတော့ နားထောင်ကြည့်လိုက်ကြပါဦး။

Tuesday, July 01, 2008

City Lights


City Lights in panorama view.

Sunday, June 29, 2008

C I T Y L I G H T S

Mt. Faber ပေါ်ကနေ စင်္ကာပူရဲ့ downtown area ကို လှမ်းမြင်ရတဲ့ မြင်ကွင်းဖြစ်ပါတယ်။ C i t y L i g h t s လို့ပဲ နာမည်ပေးလိုက်တယ်။



B R I D G E S

ဒီနေ့ ဓါတ်ပုံထွက်ရိုက်ဖြစ်တဲ့ ပုံတွေထဲက တစ်ချို့ပါ။ ဒီပုံလေးကတော့ တံတား တဲ့။ ထောက်ထားတဲ့တိုင်က တစ်တိုင်တည်းရယ်ဗျ။ ပြုတ်ကျမှဖြင့် ဒုက္ခနော်။



အပေါ်က တံတားကိုပဲ နောက် ရှုထောင့်တစ်မျိုးကနေ ပြန်ရိုက်ထားတယ်။ ရိုက်ဖို့ချိန်နေတုန်း တံတားမှာ ထွန်းထားတဲ့ မီးရောင်တွေ ပြောင်းသွားပြီး ကျွန်တော်ရိုက်လိုက်တဲ့ပုံစံလေးက DNA မုန့်ကြိုးလိမ်ပုံနဲ့ တူနေလို့ DNA လို့ပဲ နာမည်ပေးလိုက်တယ်။



ဒီတံတားတစ်ခုကတော့ သူတို့က Waves လို့ နာမည်ပေးထားတယ်။ အဝေးကနေကြည့်ရင် တံတားတစ်ခုလုံးက လှိုင်းတွန့်တွေလိုမျိုးဖြစ်နေတာ တော်တော်လေးလှတယ်။ ဒီပုံကတော့ အဲဒီ တံတာပေါ်ကနေပဲ အကွေ့တစ်နေရာကို ပြန်ရိုက်ထားတာပါ။

Friday, June 27, 2008

တစ်ခါက ဧရာဝတီ

ထုံးဘိုဘက် ရောက်ခဲ့စဉ်တုန်းက မြစ်ဆိပ်ကမ်းမှာကပ်ထားတဲ့ စက်လှေကြီးတွေကို ဓါတ်ပုံရိုက်ဖြစ်ခဲ့တယ်။ ဧရာဝတီ၊ စက်လှေတွေနဲ့ တိမ်တွေရဲ့အလှကို ခံစားကြည့်ကြပါဦး။

Thursday, June 26, 2008

Old Places

ဖိုးစနေရောက်နေတဲ့ ခြင်္သေ့ကျွန်းဆိုတာလေးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်ကဆို တံငါရွာသာသာလေးရယ်ရှိတာ။ အဲဒီတော့ သူတို့မှာ ဘာရာဇဝင် သမိုင်းကြောင်းရယ်မှ တင့်တင့်တယ်တယ်မရှိရှာဘူး။ ရှေးဟောင်းအဆောက်အဦဆိုလို့လဲ နှစ် ၁၀၀ ကျော်တာထက် ပိုပြစရာကိုမရှိ၊ ဖိုးစနေတို့ ရန်ကုန်က ရွှေတိဂုံစေတီတော်မြတ်ကြီးဟာဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ ကျော်က တည်ခဲ့တာလို့များပြောလိုက်ရင် သူတို့ခင်မျာ ပါးစပ်အဟောင်းသားလေးတွေနဲ့ရယ်။ အဲဒါ ရွှေအစစ်တွေကွ လို့များ ကြွားလိုက်လို့ကတော့ ဘာမှကို ပြန်မပြောနိုင်ကြရှာဘူး။ အဲလေ ... အကြွားက လွန်ပြန်ပြီ။ အင်္ဂလိပ်မင်းများ ဝင်ရောက်သိမ်းပိုက်ပြီး ဆိပ်ကမ်းမြို့ ခံတပ်မြို့လေး တည်လိုက်တော့မှ စင်ကာပူဆိုတာ သားသားနားနားဖြစ်လာတာကလား။ အဲဒီတော့မှ တည်ထားတဲ့ အဆောက်အဦလေးတွေဆိုရင် သူတို့ခင်မျာ တော်တော်လေးကို အကုန်အကျခံပြီး ထိန်းသိမ်းရရှာတယ်။ ရန်ကုန်မှာတုန်းကတော့ အဲဒီလို အဆောက်အဦတွေ ဓါတ်ပုံရိုက်ချင်ရင် ဘယ်နားရိုက်ရိုက် ပေါပါလေ့၊ ကြိုက်သလောက်ရိုက်စမ်းပါ ပေါ့ဗျာ။ ဒီမှာတော့ ရှားပါးတယ်။ မရှိမဲ့ရှိမဲ့လေးတွေ လိုက်ရိုက်ထားတာကို ပြရရင်ဖြင့် ... ဒါလေးက ကြောင်လိမ်လှေခါး လို့ နာမည်ပေးထားတယ်။ ကြည့်ကြည့်ပါဦး။


ဒီတစ်ပုံကတော့ Arab Street အနီးတစ်ဝိုက်မှာပါပဲ။ ကော်ရစ်ဒါလေးနဲ့ တိုင်လေးတွေရယ်။ အပေါ်က မီးဆိုင်းလေးတွေရယ်။ အလင်းရောင်ကျနေတာလေးရယ်ကို သဘောကျလို့ ရိုက်ဖြစ်သွားတာပါ။ နာမည်ကိုတော့ “စင်္ကြန်” လို့ပဲ ပေးထားပါတယ်။


Wednesday, June 25, 2008

R U N N I N G S H O E S

ဖိုးစနေ အလုပ်များချင်ယောင်ဆောင်ပြီး အပျင်းထူနေတာနဲ့ ခါတိုင်းလုပ်နေကျ အားကစားလေးတောင် မလုပ်ဖြစ်တာ ကြာပါပြီ။ အားကစားဆိုတာလဲ အားမှကစားတာကိုးဗျ နော။ အဲဒါနဲ့ ဟိုတစ်ရက်က ပန်းခြံထဲပြေးရအောင်လို့ အပြေးဖိနပ်လေးဆွဲပြီးသွားပါတယ် လက်စွဲတော် ကင်မရာကလဲ ကန့်လန့်ကန့်လန့် ပါလာလေတော့ ကင်မရာနဲ့ ဖိနပ်ကို မိတ်ဆက်ပေးလိုက်တာ အောက်ကပုံလေးရလာပါတယ်။ သူ့ကိုမစီးတာကြာလို့ ဟိုဘက်လှည့်ပြီးစိတ်ကောက်နေတဲ့ ကျွန်တော့်ရဲ့ R U N N I N G S H O E S လေးပေါ့။



Tuesday, June 24, 2008

ပန်းအလှ

စင်္ကာပူ ရုက္ခဗေဒဥယျာဉ်ရောက်တုန်း ဟိုလျှောက်ရိုက်ဒီလျှောက်ရိုက်လုပ်ခဲ့တာ ပန်းပွင့်ပုံလေးတွေ ရလာပါတယ်။ ကြည့်ကြည့်ပါဦး။

ဒါက ပိန်းပန်းပါ


ဒါကတော့ ဂန္ဓမာ အဝါတွေရဲ့ အလယ်ကြားထဲက ဂန္ဓမာ အဖြူပွင့်ကြီးတစ်ပွင့်ပါ။

ကဲ။ အားလုံးပဲ ... အိပ်လိုက်ဦးမယ်ဗျာ။ ၃ နာရီ ၁၅ ဆိုတော့ အိပ်မှဖြစ်တော့မယ်။

S A R A H

ပြီးခဲ့တဲ့ဧပြီလတုန်းက ဖိုးစနေ မလေးရှားကို တစ်ခေါက် အလည်သွားခဲ့ပါသေးတယ်။ အစ်မအိမ်ရောက်တုန်းရောက်ခိုက် တူမတော် အချောအလှကို ဓါတ်ပုံရိုက်လာခဲ့တယ်။ ပဲကတော့ များပါ့ဗျာ။ ဓါတ်ပုံရိုက်ဖို့ ကင်မရာနဲ့ ရွယ်လိုက်တာနဲ့ အပြတ်အိုက်တင်ပေးတော့တာပဲ။ အဲဒါ ၅ လခွဲ ပါလို့ ဘယ်သူက ပြောလို့ယုံမှာတုန်း။ ဒီနေ့တော့ စိတ်ကူးရတုန်း ပုံလေးကို နည်းနည်းပါးပါးပြန်ပြင်ပြီး ဘောင်လေးခတ်လိုက်တယ်။

Monday, June 23, 2008

စိတ်ကူးရွက်လှေ

စာမရေးဖြစ်တာကြာပြီဗျာ။ ဓါတ်ပုံလဲ ကောင်းကောင်းမရိုက်ဖြစ်ဘူး။ ကိုယ့်ဟာကိုယ်လဲ မကျေမနပ်တွေဖြစ်နေတယ်။ ကျွန်းပေါ်မှာ ဘာမှရိုက်စရာမရှိလို့လားဆိုပြီး ဟိုတစ်ပတ်တုန်းက Palau Ubin ဆိုတဲ့ ကျွန်းပေါက်စဘက် စက်ဘီးစီးထွက်ရင်းနဲ့ ဓါတ်ပုံရိုက်ဖို့ကြံပါတယ် မိုးက မည်းမှောင်လာပြီး ခပ်သည်းသည်းကို ရွာလေတော့ ဟိုဘက်ကမ်းကူးနေတုန်းမှာ စက်လှေပေါ်ကရိုက်လိုက်တဲ့ပုံပဲ ရလိုက်တယ်။ ပြီးတာနဲ့ ကင်မရာကို ကြွပ်ကြွပ်အိတ်နဲ့ထုတ်၊ ကျောပိုးအိတ်ထဲထည့်ပြီး မိုးထဲရေထဲ စက်ဘီးစီးခဲ့ရတယ်။ သူငယ်ချင်း၎ ယောက်သား ကြွက်စုတ်လေးတွေအတိုင်းပဲ။ ဓါတ်ပုံကတော့ ဒီမှာပါ။ စိတ်ကူးရွက်လှေ လို့ နာမည်ပေးထားတယ်။ ကျွန်တော့်စိတ်ကူးတွေ အဲဒီရွက်လှေလိုပဲ ကမ်းကပ်ပြီး ရွက်ချထားရတယ်။ ရာသီဥတုမှ မကောင်းပဲကိုးဗျာ။


Camera - Fujifilm S-5700
ISO - 100
Aparture - 5.0
Focal length - 120mm
Shutter speed - 1/240

Friday, May 23, 2008

ပုံပြင်သစ် - ၁ (မြည်းတစ်ကောင်နဲ့ သားအဖနှစ်ယောက်ပုံပြင်)

မှတ်ချက်။ ။ ပုံပြင်ဖြစ်ပါသဖြင့် ပုံပြင်ဟုသာ သဘောထားဖတ်ကြပါခင်ဗျား။ မည်သူတစ်ဦးတစ်ယောက်ကိုမှ စောင်းချိတ်ရေးသားခြင်း တည့်တည့်ပြောခြင်းများ မရှိပါကြောင်း။

********************************************************

“ကိုကိုကြီး ပုံပြောပြဗျာ။”
ဖိုးစနေတစ်ယောက် ပိတ်ရက်နေ့လည်ဘက် မီးလာတုန်းလေး ဂိမ်းဆော့မလို့ကြံတုန်းရှိသေး ညီဝမ်းကွဲ ပေတူး ရောက်လာပြီး ဂျီကျပါတော့တယ်။ သူပြောခိုင်းတာကို မပြောရင် မပြီးနိုင်မစီးနိုင် ရစ်ပြီး ငိုကြောရှည်တော့မှာမို့ ဂိမ်းကို ခဏချပြီး ပေတူးကို ပုံပြောပြဖို့ ပြင်ဆင်ရပါတယ်။

“ဟိုးရှေးရှေးတုန်းက သားအဖနှစ်ယောက်ဟာ မြည်းဝယ်ဖို့ မြို့ကိုလာကြတယ်တဲ့။”
ပုံပြင်စလိုက်တယ်ဆိုရင်ပဲ ပေတူးတစ်ယောက် အပြတ်ငြင်းပါတော့တယ်။ “အာ ... ရဘူးရဘူး အဲဒါ နားထောင်ပြီးသားကြီး။ နောက်ဆုံး မြည်းသေတာနဲ့ ပြီးသွားတာ။ အတစ်ကြောကြ။ ရဘူး”
ငစနေ တော်တော်လေး စိတ်ညစ်သွားပါတယ်။ ပေတူးနားမထောင်ဖူးတဲ့ပုံပြင်ကလဲ ခပ်ရှားရှားမို့ ရှိပြိးသားအဟောင်းကိုပဲ လုပ်ကြံပြောဖို့ စဉ်းစားရပါတော့တယ်။
“ဒါက အသစ်ပါဟ ပေတူးရ။ နားထောင်ကြည့်ပါဦး။ ဒီတစ်ခါ မြည်းမသေဘူး။ စိတ်ချ”
“ဂယ်နော်၊ ဂယ်ကြောတာလား၊ ဂယ်သေဘူးနော်” မသေပါဘူးဆိုတာတောင် အရစ်က ရှည်နေသေးတာမို့ “အေးပါကျေးဇူးရှင်ရယ်၊ မသေပါဘူး။ ကောင်းကောင်းနားထောင်၊ ဟုတ်ပြီလား” လို့ပြောပြီး ပုံပြင်ကို ခပ်မြန်မြန်ပဲ အစပြန်ကောက်ရပါတယ်။

ဟိုးရှေးရှေးတုန်းက သားအဖနှစ်ယောက်ဟာ မြည်းတစ်ကောင်ဝယ်ဖို့ မြို့ကိုလာကြသတဲ့။ မြို့ရောက်တော့ တိရစ္ဆာန်ဈေးမှာ သူတို့စိတ်ကြိုက် မြည်းတစ်ကောင်ကိုဝယ်ပြီး ကြိုးနဲ့ဆွဲလို့ အိမ်ပြန်လာကြသတဲ့ကွယ်။ လမ်းမှာတွေ့တဲ့သူတွေက ဒီသားအဖတော်တော်တုံးတာပဲ မြည်းတစ်ကောင်လုံးရှိရဲ့သားနဲ့ မစီးပဲ အပင်ပန်းခံပြီး လမ်းလျှောက်ကြတယ် ဆိုပြီး ပြောကြတာပေါ့။ အဲဒီတော့ အဖေလုပ်တဲ့သူလဲ “သားရေ .. သူတို့ပြောတာ ဟုတ်သဟ။ မြည်းရှိရဲ့သားနဲ့ မစီးတာ ငါတို့တော်တော်တုံးတာပဲ။ စီးရအောင် လာကွာ” ဆိုပြီး နှစ်ယောက်သား မြည်းကို တက်စီးကြရော ပေတူးရေ။ မင်းသိတယ်မဟုတ်လား။ မြည်းဆိုတာက မြင်းလို အကောင်ကြီးကြီး ဗလကောင်းကောင်းမဟုတ်ဘူးကွ။ နားရွက်ရှည်ရှည်နဲ့ ပုပုညှက်ညှက်ကလေးရယ်။ အဲဒါကို လူ ၂ ယောက်တက်စီးတော့ မြည်းခမျာ လျှာထွက်နေတော့တာပေါ့။

ဒီလိုနဲ့ စီးလာကြတာ နောက်ထပ် လမ်းမှာတွေ့တဲ့သူတွေက ဒီလူတွေ အကြင်နာတရားမရှိကြဘူး။ တိရစ္ဆာန်ကို ညှင်းဆဲနေလိုက်ကြတာ မြည်းခမျာ မနိုင်ဝန်ကို ထမ်းနေရတာ သနားပါတယ် ဆိုပြီး ပြောကြပြန်တာပေါ့။ လူများပြောတာယုံတဲ့ သားအဖခမျာလဲ “သားရေ ဟုတ်သဟ။ မြည်းလေး သနားပါတယ်။ ငါဆင်းပြီးလမ်းလျှောက်မယ်။ မင်းပဲ ဆက်စီးခဲ့တော့” ဆိုပြီး အဖေကြီးက လမ်းဆင်းလျှောက်သတဲ့။ ဒါကိုလဲ လမ်းမှာတွေ့တဲ့သူတွေက “ကလေးလေးနှယ် အဂါရဝဖြစ်လိုက်တာ။ သူကျတော့ မြည်းပေါ်မှာ အခန့်သား။ အဖေအိုကြီးကိုတော့ လမ်းလျှောက်ခိုင်းတယ်။ ဒီခေတ်ကလေးတွေများ လူကြီးကို ရိုသေရကောင်းမှန်း မသိကြဘူး” ဆိုပြီး ကဲ့ရဲ့ကြပြန်သတဲ့။ ဒါနဲ့ သားလုပ်တဲ့လူလဲ “ အဖေရေ သူတို့ပြောတာလဲ ဟုတ်သဗျ။ အဖေပဲစီးတော့ သားလမ်းလျှောက်မယ်” ဆိုပြီး နေရာလဲကြပြန်တာပေါ့။

ဒါလဲမရပြန်ပါဘူး။ လူတွေက အဖိုးကြီးက ကလေးကျတော့ လမ်းလျှောက်ခိုင်းပြီး သူကျတော့ မြည်းစီးလို့။ ကလေးကို မသနား မညှာတာ တော်တော်လဲ ရက်စက်တာပဲ” ဆိုပြီး ပြောကြပြန်ပါလေရော။ ဒီလိုနဲ့ သားအဖနှစ်ယောက်လဲ ကြံရာမရတဲ့အဆုံး မြည်းကို ခြေတွေလက်တွေ တုပ်ပြီး ဝါးလုံးနဲ့ ထမ်းလို့ ပြန်လာကြသတဲ့။ လမ်းမှာ ရေစီးသန်တဲ့ ချောင်းတစ်ခုကိုအဖြတ် သားလုပ်တဲ့သူက ချော်လဲလေတော့ အဖေရော သားရော မြည်းရော ရေထဲပြုတ်ကျကြပါရောလား။ အဲဒီမှာ အဖေနဲ့သားကတော့ ပြန်ထ နိုင်ပေမယ့် ခြေတွေလက်တွေ အတုပ်ခံထားရတဲ့မြည်းခမျာ ပြန်မထနိုင်ပဲ ရေစီးနဲ့ မြောပါပြီး သေသွားရှာသတဲ့ ပေတူးရေ။
“အာ ... ကိုကြီးကလဲ။ ပြောတော့ မသေဘူးဆို။ ခု သေသွားပြီ။ ကိုကြီး သားကိုညာတယ်”
“နေပါဦးဟ မင်းကလဲ။ နောက် မသေတဲ့တစ်ကောင်လာလိမ့်မယ်။ ခုမှ ပုံပြင်က တစ်ဝက်ပဲရှိသေးတာ။ ဒီတစ်ခါ ပုံပြင်အသစ်ပါဆို”

သားအဖနှစ်ယောက်လဲစိတ်ညစ်သွားတာပေါ့။ အိမ်ပြန်လို့ မြည်းမပါလာရင် မိန်းမက ဆူဦးမှာကိုး။ ဘတ်ဂျက်ကလဲ မြည်းတစ်ကောင်စာပဲ ပေးလိုက်လေတော့ အဖေလုပ်တဲ့သူခမျာ နောက်ထပ်မြည်းတစ်ကောင်ဝယ်ဖို့ သူ့ ဘတ်ငွေထဲကပဲ ထုတ်ရတော့တာပေါ့။
“ကိုကြီး ဘတ်ငွေ ဆိုတာဘာတုန်းဗျ”
“ဘတ်ထားတဲ့ငွေ .... အဲလေ ... ဟိုဟာကွာ ... အန်ကယ်စိုး အခု ရောက်နေတဲ့ နေရာ သိတယ်မဟုတ်လား။ ဘန်ကောက်လေ ... အဲဒီမှာသုံးတဲ့ငွေကို ဘတ်ငွေလို့ခေါ်တယ်။”
“အဲဒီသားအဖကရော ဘန်ကောက်မှာမို့လို့ ဘတ်ငွေသုံးတာလား”
“အေး အစက ပက်ပုံးသွားဖို့စု ... အဲလေ ဟို... နယ်စပ်ကွာ သိတယ်မဟုတ်လား။ မြဝတီတို့ မဲဆောက်တို့။ အဲဒီဘက်မှာက ဗမာငွေရော ဘတ်ငွေရော ၂ ခုလုံးသုံးတယ်။ တော်တော့ ထပ်မရှည်နဲ့တော့ ပုံပြင်ကို ကောင်းကောင်းနားထောင်”
ဒီလိုနဲ့ သားအဖနှစ်ယောက်လဲ မြည်းတစ်ကောင်ထပ်ဝယ်ပြိး ပြန်လာကြတာပေါ့။ လူတွေကလဲ အရင်တစ်ခေါက်အတိုင်းပဲ အမျိုးမျိုး ပြောကြဆိုကြ ပြန်တာပေါ့ကွာ။ ဒီတစ်ခါတော့ သားအဖ၂ယောက်လဲ မြည်းကို မထမ်းရဲကြတော့ဘူး။ နောက်တစ်ခါ ချောင်းထဲကျသွားမှာစိုးတာကိုး။ ဒါနဲ့ ကြံရာမရ ဖြစ်ပြီး ငုတ်တုတ်ပဲ ထိုင်မှိုင်နေကြတော့တာပေါ့။ အဲဒီမှာ စပ်စုတတ်တဲ့လူတစ်ယောက်က ရောက်လာတော့ စပ်စပ်စုစုနဲ့ ဘာများထိုင်လုပ်နေကြတာလဲ ဘာညာ နဲ့ မေးတာပေါ့ကွာ။ အကြောင်းစုံကိုသိရတော့ ကိုစပ်စုက ဟား .. ဒါဆိုရင်တော့ မပူနဲ့ ရှေ့ကရွာထဲမှာ ပညာရှိကြီးဘိုးစနေ ဆိုတာရှိတယ် သူ့ဆီသာသွားပြီး အကြံတောင်း အဆင်ပြေလိမ့်မယ်လို့ ညွှန်ပေးလိုက်တာပေါ့။

သားအဖနှစ်ယောက်လဲ ဟုတ်ပြီဟုတ်ရဲ့ နဲ့ ဘိုးစနေဆီ ကိုစပ်စု ညွှန်လိုက်တဲ့အတိုင်းသွားကြတာပေါ့။ အဲဒီအချိန်မှာ ဘိုးစနေကြီးတစ်ယောက်ကတော့ စိတ်ညစ်နေတာပေါ့။ ဒီတစ်ပတ် အပိုင်ပဲဆိုပြီး အကုန် ပုံအောလိုက်တာ တက်တက်စင်အောင် လွဲသွားတယ်လေ။ သူနံပါတ်ပေးတာ မမှန်တော့ လူတွေလဲ သူ့ဆီ သိပ်မလာကြတော့ ဘိုးစနေကြီးခမျာ ဘိုင်ပြတ်နေတာပေါ့။ အဲဒီမှာ ဟိုသားအဖ၂ယောက်က ဝင်လာလေတော့ ဘိုးစနေလဲ ခပ်တည်တည်နဲ့ ...
“လာကြလာကြ။ ဒီတစ်ပတ်တော့ ၂ ကောင်းသဟေ့။ ပတ်လည်သာကိုင်လိုက်”
“မဟုတ်ဘူးဘိုးဘိုး ... ကျွန်တော်တို့ အကူအညီတောင်းစရာလေးရှိလို့ပါ။”
“အေးလေ ... မင်းတို့က အကူအညီလိုမယ်မှန်းသိလို့အခု တန်းပေးပြီပဲဟာကို။ ၂ ကောင်းတယ်။ စိတ်သာချ၊ ပတ်လည်ထိုးလိုက်။ ပေါက်မှာဗျား”
“ဟုတ်ဘူး ဘိုးဘိုးရဲ့။ မေးစရာလေးရှိလို့ပါဆို။”
“ထိုးရမယ့်နေရာမသိတာကလား။ အေးလေ ဒီနယ်ကမှ မဟုတ်ပဲကိုး။ ဟိုးရှေ့က တရုတ်အစိန် ဆိုင်မှာသွားထိုးဗျား။ ဘိုးဘိုးလွှတ်လိုက်တယ်လို့သာပြော” (ဒါမှ ငါကော်မရှင်လေးဘာလေးရမှာဟ)
“ဟုတ်ဘူးဘိုးဘိုးရဲ့။ ခက်တော့တာပဲ။ မြည်းကိစ္စ မြည်းကိစ္စ။ မြည်းကိစ္စမေးချင်တာ”
“ဟေ ... မြည်းသားတင်တာတော့ ငါမကျွမ်းဘူးကွ။ ရွာနောက်ပိုင်းက ကိုမူတူးကိုသွားမေးချေ။ သူက တွေ့သမျှအကုန်သားတင်တယ်။ မိန်းမတော့ ခေါ်မသွားလေနဲ့နော်။ ကြားရဲ့လား။”
“ခက်တော့ နေပါပြီဘိုးဘိုးရယ် ... ကျွန်တော်ပြောတာလေးလဲ နားထောင်ပါဦး။ ဒီလိုဗျ ဒီလို ...

“...................................
“...................................
“...................................”

“အော ... မင်းတို့က စောစောမှ မပြောပဲကိုးကွ”
“ပြောဖို့လုပ်နေတာပဲ။ ဘိုးဘိုးမှ အခွင့်မပေးတဲ့ဟာကို”
“ကဲကဲ .. ဒီလိုလုပ်ဗျား။ (ဘိုင်ပြတ်နေတာနဲ့ အတော်ပဲဟ)။ ဟော ဟို ခြံဝိုင်းထဲမှာ လှည်းတစ်စင်း တွေ့လား။ အဲဒီလှည်းကိုဝယ်။ မင်းတို့မြည်းကို လှည်းမှာတပ်ပြီးတော့သာ ဆွဲခိုင်းပေတော့ဗျား။ အားလုံးအဆင်ပြေလိမ့်မယ်။ (ငါလဲအဆင်ပြေတာပေါ့။ ဘိုင်ပြတ်လို့ ရောင်းစရာရှာနေတာ ဟေးဟေး)။”
“ကျေးဇူးကြီးလှပါတယ်ဘိုးဘိုးရယ်။ ဥာဏ်ပူဇော်ခလေးတော့ လက်ခံပါနော။ ကန်တော့ပါရစေ”

ကဲ ပေတူးရေ။ အဲဒီလိုနဲ့ သားအဖနှစ်ယောက်လဲ မြည်းကို လှည်းမှာတပ်လို့ အတူတူ လှည်းစီးပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်သွားကြသတဲ့ကွယ်။ ပညာရှိကြီးဘိုးစနေလဲ သူ့ရဲ့ ရောင်းမစွံတဲ့လှည်းကို ရောင်းလိုက်ရလို့ ဝမ်းသာပီတိတွေ ဖြစ်သွားတာပေါ့။ ပုံပြင်ကတော့ ဒီလောက်ပါပဲ။ အိပ်တော့ ငါဂိမ်းဆော့တော့မယ်။
“ကိုကြီး လူလည်ကျတယ်။ ပုံပြင်အဟောင်းကို ကြံဖန်ပြီး အသစ်လုပ်သွားတယ်။ ဒီတစ်ခါမို့ ခွင့်လွှတ်လိုက်တာ။ နောက်တစ်ခါမရဘူး။ ဒါပဲ” လို့ ပြောပြီး ထွက်သွားတဲ့ ညီတော်မောင် ပေတူးကိုကြည့်ရင်း ဂိမ်းကိုပြန်ဆော့မယ်အလုပ်မှာပဲ မီးပျက်သွားပါတော့တယ်ခင်ဗျား။
ပြုံးရယ်နိုင်ကြပါစေ။

Friday, March 14, 2008

တန်ဆေးလွန်ဘေး

မယုံရင် ပုံပြင်မှတ်လို့သာ ပြောရတော့မှာပေါ့။ အဖြစ်အပျက်က မြန်မာနိုင်ငံမှာ အင်တာနက် ပေါ်ဦးပေါ်ဖျားကာလတုန်းက အဖြစ်အပျက်တစ်ခု ဖြစ်လေသည်။ နာမည်များကို လွှဲထားသည်မှအပ ကျန်တာတွေ ဟုတ်သလိုလို ရှိပါကြောင်း။ တိုက်ဆိုင်မှုရှိသော် တမင်တကာ ရေးသည်ဟု ယူဆစေလိုကြောင်း အရင်ပြောလိုက်ပါရစေ။ ဇာတ်လမ်းကို ဖတ်ကြည့်ကြပါဦး။

ကိုဇင်နှင့် ဖိုးစနေမှာ ကိုးတန်းနှစ်မှ စ၍ တွဲဖြစ်ခဲ့သော သူငယ်ချင်းများဖြစ်သည်။ ဆယ်တန်းဖြေပြီးတော့လဲ ကွန်ပျူတာသင်တန်းတွေ အတူတကွ တက်ကြပြန်သည်။ ထိုစဉ်က အင်တာနက်ဆိုသည်မှာ ပေါ်ဦးပေါ်ဖျား ဖြစ်သည်။ ဖိုးစနေတို့ အင်တာနက်ဆိုတာကို ကွန်ပျူတာပြပွဲကြီးကြီးတွေရှိမှ တွေ့ဖူးမြင်ဖူးရသည်။ ဒါတောင် သူများလုပ်တာ ထိုင်ကြည့်ရတာ။ ကိုယ့်ရှေ့ချပေးလျှင် ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိ။ ကွန်ပျူတာ သင်တန်းတွေ တက်ပြီးတော့ ကိုဇင်က အိမ်တွင် ကွန်ပျူတာ ဝယ်လိုက်ပြီး အင်တာနက် လိုင်း လျှောက်လိုက်လေသည်။ တက္ကသိုလ်တွေ ဖွင့်ပြီမို့ ဖိုးစနေတစ်ယောက် ကျောင်းချင်းမတူတော့သော ကိုဇင်နှင့် တစ်ခါတစ်ရံသာ တွေ့ဖြစ်သည်။ တစ်ခြား သင်တန်းတွေ ဆက်တက်ချင်သဖြင့် အဝေးသင်တက္ကသိုလ်ကိုသာ လျှောက်ဖြစ်ကြောင်း။ ကိုဇင့် တစ်ဦးတည်းသော ညီမ မိုးမိုး မှာ ဆယ်တန်းအောင်ပြီးနောက် စင်္ကာပူတွင် ကျောင်းသွားတက်နေကြောင်း ဟိုအကြောင်းဒီအကြောင်းများကို ကိုဇင်နှင့်တွေ့လျှင် အမြဲလို ကြားရလေ့ ရှိသည်။ တစ်ရက် ကိုဇင်တစ်ယောက် ထူးထူးခြားခြား ပေါက်ချလာသည်။ မျက်နှာကလဲ မှိုရတဲ့မျက်နှာ ဆိုတာမျိုးဖြစ်သည်။

"ဖိုးစနေ ... ငါရည်းစားရပြီကွ"

"ဒါများကိုဇင်ရာ အထူးအဆန်းလုပ်လို့၊ ခင်ဗျားလိုက်ကြိုက်နေတဲ့ ကောင်မလေး တစ်ရာ့တစ်ယောက်ထဲက ဘယ်အရုပ်ဆိုးဆိုး အသားမည်းမည်း ကောင်မလေးက ခင်ဗျားကို ပြန်ကြိုက်လိုက်သလဲ ... ပြော" ကျွန်တော်က အရွှန်းဖောက်၍ ပြန်ပြောလိုက်သည်။

"ဟားဟား ... ဖိုးစနေရယ်၊ ကွန်ပျူတာကျောင်းသားလုပ်နေပြီး ဒီလောက်တုံးရသလားဟ။ ငါရည်းစားရတာ အပြင်မှာမဟုတ်ဘူးမောင်၊ online မှာရတာဗျ။ chatting ထဲမှာတွေ့ရင်း ကြိုက်ကြတာ။"

ကိုဇင့်စကားကြောင့် ဖိုးစနေ မျက်လုံးပြူးသွားသည်။ မြတ်စွာဘုရား ... ကိုဇင်တို့ အတော် တိုးတက်နေပါလား။ ကွန်ပျူတာကျောင်းသား ဖိုးစနေပင် ကျောင်းမှာ အင်တာနက် မပြောနှင့် ရိုးရိုး Local Network ကိုတောင် မမြင်ဖူးလို့ စာတွေ့နှင့်သာ မှန်းရမ်နေရတာ၊ ကိုဇင်တို့က ကမ္ဘာ့ကွန်ယက်ထဲ ရည်းစားတောင်ရနေပြီဆိုပဲ။

"ဟ လုပ်စမ်းပါဦးဆရာသမားရ၊ ခင်ဗျားတော့ ကော်တာပဲ။ ကောင်မလေးက အမေရိက တို့ အင်္ဂလန်တို့ကဆိုရင် ခင်ဗျားကိုလှမ်းခေါ်ရင် အေးအေးဆေးဆေး ထ လိုက်သွားယုံပဲ၊ ပိုင်ပါ့ဗျာ။"

"နိုးနိုး ... ဖိုးစနေ၊ ငါက မျိုးချစ်စိတ်ဓါတ်အပြည့်ရှိတယ်ဟ။ တိုင်းတပါးသူ မျက်နှာဖြူမျက်နှာဝါများတော့ ယောင်လို့တောင် ကြိုက်လိမ့်မယ်မထင်နဲ့။ မြန်မာမိန်းကလေးပဲကြိုက်တာ။ ကောင်မလေးက နိုင်ငံခြားမှာ ကျောင်းသွားတက်နေတာကွ။"

ဖိုးစနေ ကိုယ့်နဖူး ကိုယ်ပြန်ရိုက်တော့ ကိုဇင်တစ်ယောက် တဟားဟား ရယ်လေသည်။

"ကြည့်လဲလုပ်ပါဦးကိုဇင်ရာ၊ တော်ကြာနေမှ ကိုဇင့်ညီမ သူငယ်ချင်းဖြစ်နေလို့ ဟိုက အိမ်ပြန်တိုင်နေရင် ခင်ဗျား ပြေးပေါက်မှားနေပါဦးမယ်"

"စိတ်မပူပါနဲ့ဖိုးစနေရာ ငါ check ပြီးပါပြီ။ ညီမလေးနဲ့ ကျောင်းမတူဘူးကွ။ သူတက်နေတဲ့ကျောင်းက သပ်သပ်"
"အင်းပေါ့ဗျာ ... ကောင်းပါလေ့။ ခင်ဗျားတို့ခေတ်ဆိုတော့လဲ လုပ်ကြပေါ့"
ငစနေတစ်ယောက် ခေါင်းကိုသာ တွင်တွင်ကုတ်ရတော့သည်ပေါ့။


ကျောင်းနဲ့အိမ်၊ အိမ်နဲ့ကျောင်း ချောင်းပေါက်ရုံမက မြစ်ပါ ပေါ်လောက်အောင်ပြေးနေရသော ငစနေတစ်ယောက် သစ်ရွက်တို့ တဖွေးဖွေးကြွေမှပင် နွေရောက်ပြီဖြစ်ကြောင်း သတိထားမိတော့သည်။ အရွက်မရှိ အရိပ်မရှိသော် နေပူရှိန်က ပြင်းလွန်းလှသည်။ ဘာလိုလိုနဲ့ သင်္ကြန်တောင် ရောက်ပေတော့မည်။ ထုံးစံအတိုင်းပင် ငစနေ ကျောင်းအားရက်တစ်ရက် ကိုဇင် ရောက်ချလာပြန်သည်။

"ဟေး ဖိုးစနေ။ လုပ်ပါဦးဟ။ ကိုယ် မောင်ရင့်အကူအညီလိုတယ်။"

လူမမြင်ရသေး အကူအညီတောင်းသံက အရင်ထွက်လာသည်။

"ဆို ဆရာသမား။ ဘာတွေ ဂျောက်ပေါက်ကျအောင် လုပ်ဦးမလို့တုန်း။ ခင်ဗျားကို လိုက်ကူညီရင်းနဲ့ ပြေးပေါက်မှားပေါင်းလဲ မနည်းတော့ဘူး"

ဖိုးစနေက အရွှန်းဖောက်ပြီးပြောလိုက်တော့ ကိုဇင်တစ်ယောက် မျက်နှာကြီး ရှုံ့မဲ့သွားသည်။

"ဒီတစ်ခါ အကောင်းပါ ဖိုးစနေရာ။ ဒီလိုကွ ... ဒီသင်္ကြန်ကျရင် ငါ့ကောင်မလေး ပြန်လာလိမ့်မယ်"

"အဲဒီတော့? ကျွန်တော်က ဘာလုပ်ပေးရမှာတုန်း"

"ဒီလို ဖိုးစနေရာ ... ကောင်မလေးက သူ့အိမ်က မသိအောင်ပြန်လာမှာ။ ငါနဲ့အတူတူ သင်္ကြန်မှာ အတူတူပျော်ရအောင် တိတ်တိတ် ပြန်လာတာ။ အဲဒါ ငါ သွားကြိုမှရမယ်။ သွားကြိုတဲ့နေ့ မင်းပါ လိုက်ခဲ့ပါကွာ၊ အထုပ်လေးဘာလေးထမ်း .... အဲလေ ... အဖော်ရတာပေါ့။"

မြတ်စွာဘုရား ... လောကကြီး ဘာတွေ ဇောက်ထိုးမှောက်ခုံဖြစ်နေပါလိမ့်။ ငစနေတစ်ယောက် စိတ်ရော လူပါ ညစ်သွားသည်။ ကောင်မလေးက အိမ်က မသိအောင် ပြန်လာမတဲ့။ သင်္ကြန်မှာ အတူတူ ပျော်ကြမတဲ့။

"ဖြစ်ပါ့မလား ကိုဇင်ရာ။ သင်္ကြန် လည်တာတော့ ဟုတ်ပါပြီ။ ညကျတော့ ခင်ဗျားကောင်မလေးကို ဘယ်နားသွားထားမှာတုန်း။ ခင်ဗျားအိမ်ခေါ်သွားမလို့လား" ငစနေက တမင် ရွဲ့ပြီးမေးလိုက်တော့ ကိုဇင် တဟားဟား ရယ်လေသည်။

"ဖိုးစနေ ... မောင်ရင် တုံးချင်ယောင်ဆောင်နေတာလား၊ ဒါမှမဟုတ် တစ်ကယ်ပဲ တုံးလွန်းနေတာလားဟ။ ငါ အကုန်စီစဉ်ထားပြီးပြီကွ။ ကောင်မလေးအတွက် ဟိုတယ်မှာတည်းဖို့ စီစဉ်ထားတယ်။ နေ့ဘက် သင်္ကြန်လည်။ ညဘက် ဟိုတယ်မှာ နားပေါ့ကွာ။ အိမ်ကိုတော့ မဏ္ဍပ်မှာပဲ အိပ်မယ်လို့ ပြောထားတယ်။ ကျန်တာတော့ ဟဲဟဲပေါ့ကွာ ... ဟဲဟဲ။ "

ကိုဇင့်ဟဲဟဲက ငစနေ့ကို ပိုပြီး စိတ်ညစ်သွားစေသည်။

"တိဘူးဗျာ ... ခင်ဗျားတို့ဟာတွေ တစ်ကယ်ကို လိုက်မမှီတော့ဘူး။ တတ်လဲတတ်နိုင်ကြပါပေ့။ စိတ်ကြီးကိုညစ်တယ်"။ ငစနေတစ်ယောက် ကလေးပေါက်စ လေသံနှင့် ခြေထောက်ကို ဆောင့်၍ပြောတော့ ကိုဇင့်ရယ်သံက ပို၍ပို၍သာ ကျယ်လို့လာလေတော့သည်။

"ဒါနဲ့ ခင်ဗျားကောင်မလေးက ဘယ်နေ့ ပြန်လာမှာလဲ"

"သင်္ကြန် မတိုင်ခင် ၂ ရက်"

အချိန်က ငစနေ့အတွက် မြန်လွန်းလှသော်လည်း ကိုဇင့်အတွက်မူ နှေးလွန်းလှပေသည်။ ကောင်မလေး လာမည့်ရက်ကိုသာ လည်တစ်ဆန့်ဆန့် နှင့် လက်ချိုးရေတွက် စောင့်မျှော်နေသော ကိုဇင့်ကိုတွေ့တိုင်း ငစနေ ရယ်ရမလို ငိုရမလို ဖြစ်ရသည်။ သွားကြိုမည့်နေ့သို့ရောက်သော် မနက်အစောကြီး ကိုစနေတစ်ယောက် အိမ်သို့ ရောက်လာတော့သည်။ ငစနေကတော့ အိပ်ကောင်းတုန်း။

"ဟာ ... ဟေ့ဟေ့ ဖိုးစနေ။ ထပါဟ။ ဒီနေ့သွားကြိုရမှာလေ။ နောက်ကျကုန်တော့မှာပဲ။ " ပြောရင်းဆိုရင်းနှင့်ပင် ငစနေ့ကို အိပ်ယာပေါ်မှ အတင်းဆွဲချသဖြင့် ငစနေ ထလိုက်ရသည်။

"ကိုဇင် လုပ်ပြီဗျာ။ မနက် အစောကြီးပဲရှိသေးတယ်။ ခင်ဗျားကောင်မလေး လေယာဉ်က နေ့လည်မှ ဆိုက်မယ့်ဟာ။ ဘာတွေဖြစ်နေတာတုန်း" ငစနေ အိပ်မှုန်စုံမွှားဖြင့်အော်တော့ ကိုဇင် စပ်ဖြဲဖြဲလုပ်ပြသည်။

"ငါ စိတ်တွေ အရမ်းလှုပ်ရှားနေလို့ပါကွာ။ အစောကြီးလဲ နိုးနေတယ်။ တစ်ယောက်တည်းလည်း မနေချင်တာနဲ့ မင်းဆီထွက်လာတာ။ လာလာ ... မျက်နှာသစ်လိုက်၊ ပြီးရင် အပြင်မှာ breakfast ထွက်စားရအောင်၊ မော်ဒန် သွားမလား၊ သပြေရိပ်သွားမလား ... မင်းကြိုက်တာပြော။"

"ကဲပါ ... ခင်ဗျားလုပ်တာနဲ့ အိပ်ချင်စိတ်လဲ ပျောက်သွားပါပြီ။ ခဏစောင့်။ ကျွန်တော် မျက်နှာသစ်ပြီး အဝတ်အစား လဲလိုက်ဦးမယ်၊ ပြီးရင် မော်ဒန်ပဲသွားကြတာပေါ့။"

လက်ဘက်ရည်တစ်ခွက်၊ နံပြားနှင့် ဆိပ်စွပ်ပြုတ် တပွဲမှာပြီးတော့ ငစနေ ဟာနေသော ဗိုက်ကို အရင်ဖြည့်လိုက်သည်။ ကိုဇင်ကတော့ စီးကရက်ကိုသာ တစ်လိပ်ပြီးတစ်လိပ် ဖွာနေသည်။ လက်ဘက်ရည်ခွက်က အရာမယွင်းသေး။

"ကိုဇင် ... ခင်ဗျားကောင်မလေးက ချောလားဗျ"

"အော် ... ကျေးဇူးရှင် ... မေးဖော်ရသေးတယ်နော်။ ဒီလောက် ကြာလှပြီ ခုမှပဲ မေးတော့တယ်။ ... ဟီးဟီး ... အမှန်အတိုင်းပြောမယ်ကွာ ... ငါ သူ့ကို မတွေ့ဖူးသေးဘူးကွ"

"အေးလေ ... ခင်ဗျားတို့က ခုမှတွေ့မယ်ဟာ။ ကျွန်တော်သိပါတယ်။ ကျွန်တော်မေးတာက ဓါတ်ပုံထဲမှာ လှလားလို့မေးတာ။"

"ဟီး ... ဓါတ်ပုံကို မတွေ့ဘူးသေးတာဖိုးစနေရေ။ ကောင်မလေးက သူ့အိမ်က သိမှာစိုးလို့ဆိုပြီး ဓါတ်ပုံတောင် ပို့မပေးဘူး။"

ထင်သည် ... ကိုဇင်တို့ တစ်ခုခုတော့ တစ်လွဲလုပ်ရမှ ကျေနပ်သည်ကို ဖိုးစနေ သိပြီးသား။ ခု ဇာတ်လမ်းက စပြီ။

"ကဲ .. အဲဒီတော့ ခင်ဗျားက လေဆိပ်ရောက်ရင် ဘယ်ကောင်မလေးကို ဘယ်လိုကြိုမှာတုန်း လုပ်စမ်းပါဦး။ လေယာဉ်ပေါ်ပါသမျှလူကို ခင်ဗျားကောင်မလေးလား လို့ လိုက်မေးရမှာတော့ မနိပ်သေးပါဘူးဗျာ"

ငစနေ နံပြားတဖဲ့ကို ပါးစပ်ထဲထိုးထည့်ရင်း ပလုပ်ပလောင်းမေးတော့ ကိုဇင်က ထုံးစံအတိုင်း ခပ်ထေ့ထေ့ ပြုံးပြန်သည်။

"လူမြင်ဘူးမှ ကြိုလို့ရမှာလား ငစနေရယ်။ နည်းတွေ အများကြီးရှိတယ်။ ဒီမှာ ... ဦးနှောက်ကို လွှာပြီးသုံး သိလား။ အတုံးလိုက်အတစ်လိုက်တွေ သိပ်မလုပ်နဲ့။ မောင်ရင့်ကွန်ပျူတာတောင် ဒီလို အကြံမျိုးတွေ ထုတ်နိုင်မှာမဟုတ်ဘူး။"
ကိုဇင်က နိုင်ဖဲကို ကိုင်ထားသော လေသံနှင့် ပြောလေသည်။

"ဟေ့လူ ပြောမှာပြောဗျာ။ ကျွန်တော့်ကွန်ပျူတာချည်းပဲ လာထိခိုက်မနေနဲ့"

"ကောင်မလေးနဲ့ငါနဲ့က အချိန်းအချက် လုပ်ထားတယ်ကွ။ သူက အင်္ကျီ အနက်ရောင် ဝတ်လာမယ်တဲ့"

"ဟားဟား ... ကောင်းလိုက်တဲ့ မဟာအကြံအစည်ကြီး။ အင်္ကျီအမည်းက ခင်ဗျားကောင်မလေးမှာပဲ ရှိတာကျနေတာပဲ။ လေယာဉ်တစ်စီးလုံး အင်္ကျီအမည်းဝတ်လာရင် ခင်ဗျားဘယ်လိုလုပ်မလဲ" .. ငစနေ ကြားဖြတ်၍ တဟားဟား အော်ရီတော့ ကိုဇင်က

"ဟ ... ဖြတ်မပြောနဲ့လေ ဖိုးစနေရ။ ဆုံးအောင် နားထောင်ပါဦးဟ။ သူက အင်္ကျီ အနက်ရောင် ဝတ်လာမယ်ကွာ။ ပြီးရင် လေဆိပ်ထဲမှာ အသိတွေ ရှိမရှိ အရင်ကြည့်မယ်။ မရှိဘူးဆိုရင် အချက်ပြတဲ့အနေနဲ့ ပန်းအနီရောင်လေးတစ်ပွင့် ရင်ဘတ်မှာ ထိုးလိုက်မယ်တဲ့။ အဲဒါဆိုရင် ငါက ဖဲပြား အနီရောင်လေးကို ရင်ဘတ်မှာ ထိုးပြီး သူ့ဆီကို သွားလိုက်ယုံပဲ။ ရှင်းပြီလား"

"ကဲပါဗျာ ... ထားပါတော့။ ခင်ဗျားကောင်မလေးက သူ့အသိတွေအမျိုးတွေနဲ့ တွေ့နေရင် ဘယ်လိုလုပ်မလဲ။ မတော် အိမ်က လူတွေပါ ရောက်နေရင် ပြဿနာ တက်ကုန်မှာပေါ့။ တစ်ကယ်ပဲ မစဉ်းမစားနဲ့ဗျာ။ ကျွန်တော့်ညီမသာ ဆိုလို့ကတော့ ဇက်ပိုးကိုချည်းပဲ နာနာအုပ်ပစ်မှာ"

"ဟားဟား ... မောင်ရင့်ညီမတော့ ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူးဖိုးစနေ။ သူ့ဥာဏ်ကလဲ မောင်ရင့်ထက် ပြေးသဗျ။ ကိုယ် အဲဒါကို မေးပြီးပြီ။ သူက အိမ်ကလူတွေကို လွမ်းလို့ surprise လုပ်ရအောင် တိတ်တိတ်လေး ပြန်လာတယ်လို့ ပြောမှာပေါ့ တဲ့။ ကဲ ... ဒီလောက် ဥာဏ်ကောင်းနေမှတော့ မောင်ရင့်ညီမ ဘယ်ကလာ ဖြစ်နိုင်တော့မှာတုန်းကွ။ ဟားဟား"

ငစနေတို့ လေဆိပ်ထဲရောက်ပြီး မကြာမီမှာပင် လေယာဉ်ဆိုက်လေသည်။ သိပ်မကြာလိုက်ပါ။ ခရီးသည်များ အလျှိုအလျှို သက်ဆိုင်ရာ ကောင်တာများမှ ထွက်လာကြသည်။

"ငစနေ ... လုပ်ပါဦးဟ ... ကူပြီးရှာပါဦး။ အင်္ကျီအနက်နဲ့ က လေးယောက်လောက်ဖြစ်နေတယ်။ ဘယ်တစ်ယောက်လဲမသိဘူး"

ငစနေ လေဆိပ်အတွင်းပိုင်းထဲ လှမ်းကြည့်လိုက်သည်။ အခုထွက်လာတဲ့ အင်္ကျီအနက် လက်ပြတ်နဲ့ကောင်မလေးကို မြင်ဖူးသလိုလို ....

"ဟိုက် ... ကိုဇင် ... ဟိုမှာ မိုးမိုးဗျ ... ခင်ဗျားညီမ မိုးမိုး။ ကွိုင်ပဲ။ ဘာဖြစ်လို့ ပြန်လာတာလဲမသိဘူး"

ငစနေ ပြမှပင် ကိုဇင်တစ်ယောက် သူ့ညီမကို မြင်လေသည်။

"ဟာ ... ဖိုးစနေ ... ဟိုတစ်ယောက်ကို တစ်ချက်ကြည့်ထား။ ငါ ညီမလေးဆီ သွားလိုက်ဦးမယ်။"

ကိုဇင် ပြေးသွားရာနောက်သို့ ငစနေပါ ပြေးလိုက်သွားရသည်။ အင်္ကျီအနက်ရောင်နှင့် ကောင်မလေးများကတော့ ပန်းအနီကို ရင်ဘတ်မှာ မထိုးကြသေး။

"မိုး ... ဘာဖြစ်တာလဲညီမလေး။ နင် ဘာဖြစ်လို့ ပြန်လာတာလဲ။ နေရောကောင်းရဲ့လား။ အဆင်ရောပြေရဲ့လား။ ငါစိတ်ပူလိုက်တာဟာ။"

ကိုဇင်တစ်ယောက် သူ့ညီမပုခုန်းကိုကိုင်ရင် တတွတ်တွတ် မေးလေသည်။

"ဟိုလေ ... ညီမလေး ကိုကြီးတို့ ဖေကြီးတို့ကို လွမ်းလို့ ခဏပြန်လာတာ။ ညီမလေးသူငယ်ချင်းက လေယာဉ်လက်မှတ် ဝယ်ပြီးမှ မပြန်ဖြစ်တာနဲ့ သူ့လက်မှတ် ကိုညီမလေး ယူလိုက်တာ။ ကိုကြီးတို့ အံ့သြသွားအောင်လို့ အကြောင်းမကြားပဲ ပြန်လာတာလေ။"

မိုးမိုးအဖြေကြောင့် ကျွန်တော်ရော ကိုဇင်ပါ ပါးစပ်အဟောင်းသား ဖြစ်သွားပါသည်။

"ဘာ .... နင်ဘာပြောတယ်" ရုတ်တရက် အော်လိုက်သည့် ကိုဇင့်အသံကြောင့် မိုးမိုး ဆတ်ကနဲတုန်သွားကာ လက်ထဲမှာ အရာတစ်ခု လွတ်ကျသွားသည်။

နှင်းဆီ အနီရောင်တစ်ပွင့် .... အင်္ကျီတွင် အသင့်ထိုးရန် ကလစ်လေးနှင့် ချိတ်ထားသော အနီရောင်နှင်းဆီ။

"ကိုကြီး ... ဘာဖြစ်လို့လဲဟင်။ ... ဘာဖြစ်သွားလို့လဲ။ ကိုကြီးကရော ဘာလို့ လေဆိပ်ကိုရောက်နေတာလဲ။ ညီမလေး ပြန်လာမှာကို သိလို့လား"

မျက်လုံးအဝိုင်းသားနှင့် အပြစ်ကင်းသူ ဘာမှ မသိသူတစ်ယောက်ပမာ မေးသောမေးခွန်းကို ကိုဇင် ပြန်မဖြေနိုင်ပါ။ လက်ထဲမှ ကိုင်ထားသော အရာတစ်ခုကိုသာ ကြမ်းပြင်ပေါ်သို့ ဒေါသတစ်ကြီး ပစ်ချလိုက်တော့သည် ...

အနီရောင် ဖဲပြားလေးတစ်ခု

ဘာမှ ထပ်ရှင်းပြစရာ မလိုတော့ပါ။ အားလုံးကို အလိုလိုနားလည်သွားသော မိုးမိုးတစ်ယောက် တသိမ့်သိမ့် ရှိုက်ကာ ငိုတော့သည်။ ကိုဇင်ကတော့ ဝုန်းကနဲလှည့်ကာ လေဆိပ်အပြင်ဘက်သို့ ပြေးထွက်သွားလေပြီ။ ကျွန်တော် ငစနေတစ်ယောက်သာ ကိုဇင့်နောက်သို့ လိုက်သွားရကောင်းနိုး၊ ငိုနေသူကို ချော့ရကောင်းနိုးဖြင့် ဝေခွဲမရနိုင် ဖြစ်နေလေတော့သည်။

Thursday, February 28, 2008

ဖျက်မရသောအတိတ် ၆ - မူလတန်း၏ နောက်ဆုံးနေ့များ

ငစနေတစ်ယောက် အလုပ်တွေများလိုက်တာမှ အမေတို့ပြောသလို ယားတာတောင် မကုတ်အားလို့ ထုံးတို့ပြီးမှတ်ထားရတယ် ဆိုတဲ့အတိုင်းပါပဲ။ မယားလို့ ထုံးမတို့လိုက်ရပေမယ့် တစ်ပတ်လောက်ဆက်တိုက် နေ့လည်စာလွတ်သွားတဲ့ဒဏ်က အရင်ရှိထားဖူးတဲ့ အစာအိမ်ပြဿနာကို ပြန်အစဖော်လာပါတယ်။ ကိုယ့်အကြောင်းကိုယ်သိပြီး ခြင်္သေ့ကျွန်းမှာ ရောဂါတစ်ခါဖြစ်ရင် အနည်းဆုံး ၃၀၀ လောက် အောက်ထစ်ကုန်တတ်တာမို့ အခြေအနေမဆိုးခင် အလုပ်ကိုလျှော့ပြီး ကျန်းမာရေးအခြေအနေကို ကမန်းကတမ်းပြန်ထိန်းလိုက်ရတယ်။ အစ်မတွေ အစ်ကိုတွေကလဲ အော်လှပြီမို့ ဒီနေ့တော့ အလုပ်များချင်ယောင်ဆောင်ပြီး Blog တင်မယ့် post တစ်ခု ခိုးရေးဖြစ်ပါတယ်။ ရုတ်တရက် အသစ်ရေးဖို့ အကြံမရတော့လဲ ရေးလက်စ အဟောင်းဖြစ်တဲ့ ငယ်ဘဝအကြောင်းကိုပဲ ဆက်ရေးရတာပေါ့။

ငစနေ၏ငယ်ဘဝ၌ အထင်ရှားဆုံးအမူအကျင့်ကိုပြောပြပါ ဆိုလျှင် အပျင်းထူခြင်းပင် ဖြစ်လေသည်။ အထူးသဖြင့် ကျောင်းစာကိုလုပ်ရမှာပျင်း၏။ အမေကတော့ ငစနေတို့များ ကျောင်းစာဆိုရင် တီ ဆားကြောက်တာထက်တောင် ကြောက်သေးတယ် လို့ပြောတတ်သည်။ ဟုတ်ပ။ ထိုကျောင်းစာလုပ်သည့်အထဲမှာမှ အပျင်းဆုံးမှာ ကျောင်းမှ သင်ပြီးသားစာများကို ပြန်လုပ်ရခြင်းပင်ဖြစ်သည်။ ငစနေတို့ငယ်ငယ်တုန်းက ကျူရှင်သင်ကြားပုံမှာ ယနေ့ဆရာများကဲ့သို့မဟုတ်ပေ။ ရောက်သည်နှင့် ဆရာမက ဒီနေ့ ကျောင်းမှာ ဘာသင်လဲ ဆိုတာ အရင်မေးသည်။ သင်္ချာသင်သည့်နေ့ဆိုလျှင် အကုန် အစအဆုံး တစ်ခေါက်ပြန်တွက်ရသည်။ ကျက်စာပါလာလျှင် ချက်ချင်း ကျက်ပြီး ပြန်အံ (အလွတ်ပြန်ဆို) ရသည်။ ငစနေကလဲ ဒါမျိုးဆို ပျင်းမှပျင်း။ ကျူရှင်ဆရာမနှင့် ခဏခဏ ပြဿနာတက်ဖန်များလာတော့ အမေ့ကို ကျူရှင်မတက်တော့ဟု ငစနေကြေငြာလေသည်။ (အဲဒါ ၂ တန်းကျောင်းသားတဲ့နော်)။ အမေကတော့ အေးအေးဆေးဆေးပင်၊ “အေးလေ။ နင်ပျင်းရင်လဲ မတက်နဲ့ပေါ့။ လပတ်စာမေးပွဲမှာ အဆင့် ၁၀ အောက် မကျစေနဲ့။ ကျရင်တော့ နင့်ကိုကျူရှင်ပြန်ပို့မယ်” ဟုသာ ပြောလေသည်။ အလွန်ပေ အလွန်ကတ်သော ငစနေကလဲ အဆင့် ၇၊ ၈၊ ၉ တို့ကိုသာ တစ်လှည့်စီယူ၍ ကျူရှင်တက်ခြင်းမှ ကင်းလွတ်အောင်ကြံဆောင်တော့သည်။

စတုတ္ထတန်းသို့ရောက်သောခါ ငစနေတစ်ယောက် ရင်တထိတ်ထိတ်ပေါ့။ အစိုးရစစ်ပေကိုး။ အစ်မလုပ်သူက လေးတန်းအစိုးရစစ်မှာ ဂုဏ်ထူးတွေ တပွေ့တပိုက် ရထားလေတော့ ငစနေ့အလှည့်ကျမှ ဘာမှမရရင် ခေါင်းကျိန်းပေတော့မည်။ ကိုယ့်မာနနဲ့ကိုယ် ကျူရှင်ကလဲ ပြန်မတက်ချင်သည်မို့ စာကိုသာ အသေကုန်းရုန်းကျက်ရတော့သည်။ ကျောင်းမှ ဆရာမများကလဲ “လေးတန်းကို ဘာမှတ်နေလဲ။ ဒါ အစိုးရစစ် စာမေးပွဲ၊ ၈တန်းတို့ ၁၀ တန်းတို့နဲ့ အတူတူပဲ ” ဟုဆိုကာ အတင်းမောင်းအ တင်းတွန်းကြသည်။ မနှစ်က စာမေးပွဲတုန်းက ကျောင်းမှ မြို့နယ်အလိုက် ပထမရသူတစ်ယောက် ပါသည်မို့ ဒီနှစ် မြို့နယ်ဆုတွေ ပိုများများချိတ်အောင် ကြိုးစားကြသည်။ အထူးသဖြင့် အတန်းပိုင်ဆရာမ သင်သော သင်္ချာနှင့် ပထဝီက အဆိုးဆုံး။ သင်္ချာဆိုလျှင် တစ်ခါသင်လျှင် အခန်းတစ်ခန်း ပြတ်အောင်သင်ပြီး ရှိသမျှ လေ့ကျင့်ခန်းအကုန် အိမ်စာပေးပစ်လေ့ရှိသည်။ အိမ်မှာ ငစနေတစ်ယောက် စာချည်းပဲ ကုန်းရုန်းလုပ်နေသည်မို့ လူကြီးများကပင်အံ့သြသော အမူအယာ ပြကြသည်။ ဒီလိုနဲ့ ပထမအစမ်း စာမေးပွဲကြီးမှာ တစ်ဖြည်းဖြည်း နီးကပ်လာလေတော့သည်။

ပထမအစမ်း စာမေးပွဲစစ်ခါနီး တစ်လခန့်အလိုတွင်တော့ ဆရာမက ငစနေတို့ကို အလွန်ဝမ်းသာစရာ သတင်းစကားတစ်ခု ပေးလေတော့သည်။ ထိုသတင်းမှာကား ယခုနှစ်မှစ၍ လေးတန်းစာမေးပွဲကို အစိုးရမှ တာဝန်ယူစစ်ဆေးခြင်းကို ရပ်ဆိုင်းပြီး မိမိ သက်ဆိုင်ရာ ကျောင်းများအလိုက်သာ စာမေးပွဲများ ကျင်းပကြရန် ဟူသော သတင်းပင် ဖြစ်လေတော့သည်။ ငစနေတို့ ပျော်လိုက်တာမှ ဘာပြောကောင်းမလဲ။ လေးတန်းနှစ်ကား အပျော်များ စုနေသောနှစ်ဟု ဆိုရမလားပင် မပြောတတ်၊ ပထမအစမ်း စာမေးပွဲပြီး၊ သတင်းကျွတ်ကျောင်းပိတ်ရက်မှ ကျောင်းပြန်ဖွင့်ပြီးသိပ်မကြာခင်မှာပင် အတန်းပိုင်ဆရာမ သင်သော သင်္ချာနှင့်ပထဝီမှာ သင်ရိုးအကုန် ကျွတ်သောအခြေအနေသို့ရောက်တော့သည်။ သင်ရိုးကုန်ပြီဆိုတာနဲ့ အတန်းပိုင်ဆရာမက ခွင့်ရက်ရှည်ယူလေသည်။ မီးဖွားခွင့် တဲ့။ မင်းတို့ အတန်းတင်စာမေးပွဲနားနီးမှ ပြန်လာမယ်။ သိပ်မဆော့နဲ့၊ ငစနေ၊ ဆရာမမရှိရင် မင်းအတန်းထိန်းရမယ်နော်။ ဟု နှုတ်ဆက်ကာ ခွင့်ယူသွားလေတော့သည်။ ငစနေတို့မှာ ပျော်မဆုံးတော့။ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သမိုင်းတို့သာ သင်ရန်ကျန်တော့သည်ကိုး။ အားနေသောအချိန်များတွင် ငစနေတို့ ၂ တန်းနှင့် ၃ တန်းမှ ဆရာမများကို အမှတ်ကူခြစ်ပေးခြင်း၊ စာမေးပွဲကူစစ်ပေးခြင်း၊ စာကူသင်ပေးခြင်း စသည်ဖြင့်သွားရောက်ကူညီကာ အငယ်တန်းများအား ဆရာကြီးလုပ်ကြသည်။

အတန်းခေါင်းဆောင်ဆိုသော တာဝန်မှာ ဆရာမမရှိသောအခါ အတန်းသော့ကို ထိန်းသိမ်းရသော တာဝန်လဲ တစ်ခုပါလာလေသည်။ သော့ကိုင်ရတော့ မနက်ကို သူများမရောက်ခင် စောစောရောက်အောင်သွားပြီး အတန်းဖွင့်ပေးရတာပေါ့။ မဟုတ်ရင် ကျောင်းသားတွေ အတန်းထဲမဝင်ပဲ အပြင်မှာသောင်းကျန်းနေရင် ငစနေနဲ့ ကျောင်းအုပ်ဆရာမကြီးနဲ့ ကွိုင်တက်ပေလိမ့်မည်။ ငစနေက ကျောင်းနှင့်အ မေ့ရုံးနှင့် နီးသည်မို့ အမြဲတမ်း အမေ့ရုံးကားနှင့်သာ လိုက်လေ့ရှိသည်။ ယခု စောစောသွားဖို့ကျတော့ ရုံးကားစီး၍ မဖြစ်တော့။ အဖေကလဲ နယ်မှာတာဝန်ကျနေသည်မို့ လိုက်မပို့နိုင်၊ အမေကလဲ မနက်စာ ထမင်းချိုင့်ကိစ္စ အလျင်မှီအောင် လုပ်ရတော့ စောစောလိုက်မပို့နိုင်ပေ။ အမေ့ကိုဘယ်လိုလုပ်ရမလဲမေးတော့ “ငစနေရယ်။ နင် ကိုယ့်ဖာသာကိုယ်သွားပေါ့။ ငါရောက်တော့မှ ထမင်းချိုင့်လာပေးမယ်” ဟုပြောလေသည်။ ဤသို့နှင့် လေးတန်းကျောင်းသား ငစနေတစ်ယောက် ကျောက်မြောင်းရှိအိမ်မှ မြို့လည်ခေါင်ရှိကျောင်းသို့ မနက်စောစော တစ်ယောက်တည်း ကျောင်းတက်လေတော့သည်။ ဆွေမျိုးများသိသော် အမေ့ကို ဝိုင်းအပြစ်တင်ကြသည်။ ကလေးကို တစ်ယောက်တည်းလွှတ်ရကောင်းလားပေါ့။ အမေကတော့ အေးအေးဆေးဆေးပင် “သူသွားတတ်ပါတယ်” ဟုသာ ပြန်ပြောတတ်သည်။ တစ်ချို့က နယ်ရောက်နေသော အဖေ့ကို လှမ်းတိုင်ကြသည်။ အဖေကလဲ “နင်တို့သားအမိနဲ့တော့ ခက်ပါတယ်” ဆိုတာထက် ပိုမပြောပေ။ အမေသည် ငစနေ့အတွက် တစ်ကယ်ပင် အရေးပါသော ပဲ့ကိုင်တစ်ယောက်၊ ပန်းပွတ်သမတစ်ယောက် ဖြစ်သည်။

ဒီလိုနဲ့ပဲ ငစနေ၏ မူလတန်းရက်များ ကုန်ဆုံးခဲ့တော့သည်။

Saturday, February 02, 2008

ဖျက်မရသော အတိတ် ၅ - ရာထူး၊ ထိုင်ခုံနှင့် အာဏာ

ငယ်ဘဝအကြောင်းနည်းနည်းပြန်ဆက်ဦးမည်။

ရာထူးဆိုတာ ရူးတာ လို့တော့ လူရွှင်တော်တွေ အငြိမ့်မှာ ပျက်လုံးထုတ်ကြသည်။ အမှန်က ရာထူးဆိုတာ မရသူတွေအတွက်သာ မကောင်းတာ၊ ရထားသူတွေအတွက်က ကောင်းမှကောင်းဗျ။ ငစနေ ရာထူးအကြောင်းစသိတာ ၁ တန်းကျောင်းသားဘဝကတည်းကပေါ့။ ငစနေက အသက် ၅ နှစ်ခွဲမှာမှ ကျောင်းစတက်ရတာဆိုတော့ အတန်းထဲမှာ နည်းနည်း အကောင်ကြီးသည်။ ဆရာမတွေ သတိထားကြတာပေါ့။ သူငယ်တန်းကျောင်းစဖွင့်လို့ ဘာမှသိပ်မကြာလိုက် ပြဿနာက တက်တော့သည်။ ဖြစ်တာက ဒီလို၊ မင်းမင်းဆိုတဲ့ကောင်က ငစနေနဲ့ တစ်ခုံတည်းထိုင်တာ၊ တော်တော်ခင်သည်။ တစ်ရက် ငစနေက ဘေးကခုံပေါ်ကို ခြေထောက်လှမ်းတင်ပြီးထိုင်နေတာကို ဒီကောင်က အဲဒီခြေထောက်ကို ကြိုးခုန်သလို လာခုန်နေသည်။

“ဟေ့ကောင်၊ ပြုတ်ကျမယ်နော်”

ငစနေ လှမ်းသတိပေးလိုက်သေးသည်။ သို့သော် ကျေးဇူးရှင်က ရပါတယ်ကွာ ဟုဆိုကာ ဆက်ဆော့နေသည်။ ဘာမှမကြာလိုက် လွတ်အောင်မခုန်နိုင်တဲ့တစ်လှည့် ငစနေ့ခြေထောက်နှင့် ခလုတ်တိုက်မိကာ ရှေ့ကို ဟပ်ထိုးလဲကျတော့သည်။ သံမံသလင်းနှင့် မေးစိ မိတ်ဖွဲ့လေသော် သွေးများ ဖြာကနဲ ကျလေသည်။ ရလာဒ်က ဆေးခန်းသို့ပြေး၍ လေးချက်ချုပ်လိုက်ရသည်။ ဖြစ်ချင်တော့ အဖြစ်အပျက်က ငစနေ ခြေထောက်ထိုးခံသောကြောင့် မင်းမင်း ပြုတ်ကျပြီး မေးစိကွဲသည်ဟူသတတ်။ ဆရာမများကြားတွင် ငစနေ နာမည်ကြီးသွားသည်။

“တယ်မလွယ်တဲ့ကောင်၊ တစ်ခုံတည်းထိုင်တဲ့သူငယ်ချင်းကိုတောင် မေးစိကွဲအောင်လုပ်သတဲ့”။

အဖြစ်အပျက်မှန်ကို ငစနေနှင့် မင်းမင်းနှစ်ယောက်သာ သိကြသည်။ သို့သော် နှစ်ယောက်စလုံးက ဒီတိုင်းသာနေကြသည်။ ဘယ်သူ့ကိုမှ ရှင်းမပြကြ။ ဆရာမများက မင်းမင်းကို ခုံပြောင်းထိုင်ဖို့ပြောသော်လည်းမပြောင်း၊ သူငယ်ချင်းနှစ်ယောက် လည်ပင်းဖက်ပြီး ပေါင်းမြဲပေါင်းကြသည်။

ပထမတန်းသို့ရောက်သော် အတန်းပိုင်ဆရာမက ထိုအချက်ကို ထောက်၍ ငစနေ့အား ရာထူးတစ်ခု အပ်နှင်းလေသည်။ “မော်နီတာ” တဲ့။ အတန်းခေါင်းဆောင်၊ သို့မဟုတ် လူဆိုးထိန်းဆိုပါတော့။ ရာထူးနှင့်အတူ ပါလာတာက ထိုင်ခုံ။ ဒါကြောင့်မို့ တစ်ချို့က ရာထူးကို ထိုင်ခုံဟု သွယ်ဝိုက်ခေါ်ကြတာဖြစ်မည်။ ငစနေ တို့ ကျောင်းသားတွေ ထိုင်ရတဲ့ခုံက နောက်မှီမပါသော ခုံတန်းရှည်ကြီးတွေ။ တစ်တန်းကို ၂ ယောက်၊ သို့မဟုတ် ၃ ယောက် ထိုင်ရလေသည်။ ဆရာမ ထိုင်သောခုံက နောက်မှီရော လက်တန်းပါ ပါသောခုံ။ ငစနေတို့ အလွန်ထိုင်ချင်ကြပေမယ့် မည်သူမှ မထိုင်ရဲကြ။ ဆရာမ စားပွဲ၏ ဘေးတွင် ထိုခုံကဲ့သို့ နောက်တစ်ခုံရှိသေးသည်။ နောက်မှီတော့ပါသည်။ လက်တန်းမပါ။ ငစနေ မော်နီတာ ရာထူးရသောအခါ ဆရာမက ငစနေကို ထိုခုံ၌ ပေးထိုင်လေသည်။ အမြဲတမ်းတော့မဟုတ်။ ဆရာမ အပြင်သွားစရာရှိ၍ ငစနေ အတန်းထိန်းရသည့်အခါမျိုးဆိုလျှင် ထိုခုံမှာ ထိုင်ရသည်။ ဘာပဲဖြစ်ဖြစ် ထိုင်ခုံတစ်ခု တရားဝင်ရသောအခါ သွေးနားထင်ရောက်တတ်သော လူ့သဘာဝကို ငစနေ ငယ်စဉ်ကတည်းက သိမြင်ခွင့်ရခဲ့သည်။

ရာထူးနှင့်အတူ နောက်တစ်ခုပါလာတာက အာဏာဖြစ်သည်။ မော်နီတာဆိုတာ ဆရာမမရှိရင် သူအကြီးဆုံးဗျ။ ဆရာမက “ငစနေရေ၊ ဆရာမ အစည်းအဝေးသွားဦးမယ် အတန်းထိန်းထား၊ စကားပြောတဲ့ကောင်တွေနာမည်မှတ်ထားလိုက်၊ ငါပြန်လာမှ ဆော်မယ်” ဆိုလို့ကတော့ ငစနေတို့ အလွန် မျက်နှာပွင့်လေပြီ။ ငစနေ့အတွက် နာမည်မှတ်စရာ ဗလာစာရွက်ပေးသောသူနှင့်၊ ခဲတံချွန်ပေးသောသူနှင့်၊ အဟဲ ... ငစနေတို့ ကောင်းစားနေတာပေါ့။ မျက်နှာချို မသွေးလို့လဲမရ၊ ငစနေတို့ မျက်လုံးထဲ ကန့်လန့်ကန့်လန့်ဖြစ်လာလို့ကတော့ စကားပြောပြောမပြောပြော ထိုနာမည်စာရင်းထဲ ပါပြီသာမှတ်။ ဆရာမ ပြန်လာလို့ကတော့ အဲဒီကောင် အစစ်အဆေးအမေးအမြန်းမရှိ အနည်းဆုံး ၃ ချက်လောက်တော့ ဖင်ချွတ်ပြီး အရိုက်ခံရလေပြီ။ အတန်းထဲမှာ အကုန်လုံး စကားသံမထွက်ရ၊ အကုန် မှောက်အိပ်နေရသည်။ ခေါင်းပင်မထူရဲ။ ထိုအချိန်မျိုးမှာ အရှေ့ဆုံးမှာ နောက်မှီပါသော ထိုင်ခုံမှာ မိန့်မိန့်ကြီးထိုင်၍ စာရွက်တစ်ကိုင်ကိုင် ခဲတံတစ်ဝင့်ဝင့်နှင့် ဟန်ရေးပြနေသော ငစနေကို မြင်ယောင်သာကြည့်ကြပါတော့ဗျာ။

Sunday, January 27, 2008

အထီးကျန်


ဒီပုံလေးကို “အထီးကျန်” လို့ နာမည်ပေးဖြစ်တယ်။ သူ့ကို စီးမယ့် ပိုင်ရှင်ကို စောင့်စားရင်း အထီးကျန်နေရှာတဲ့ စက်ဘီးလေးပေါ့။

ဒေါသထွက်ခြင်း

ပြောရမယ်ဆိုရင်တော့ ဒေါသတွေ အကြီးအကျယ်ထွက်နေတယ်ဗျာ။ အော် ... ဘာကိုထွက်နေတာလဲ ဟုတ်လား? ကျွန်တော့် လက်စွဲတော် ပါလေရာဖုန်းကိုပေါ့။ ဟုတ်တယ်ဗျာ ... ဘာကောင်မှန်းကိုမသိဘူး။ ပြောတော့ Smart Phone တဲ့။ အရမ်း smart ဖြစ်လွန်းတယ်။ တစ်ကယ် အရေးကြီးတဲ့အချိန်ရောက်ရင် အမြဲတမ်း ကွက်တိ hang တယ်။ သုံးထားတာက Windows Mobile 6။ Windows ရဲ့ ထုံးစံအတိုင်းပေါ့ ... ဘာမှ အကြောင်းအရင်း ရှာမရပဲကို hang တာ။ ဒီတစ်ခါတော့ တော်တော်လေး လွန်လွန်းသွားလို့ ဒေါသ အကြီးအကျယ်ထွက်နေတယ်။ Bill Gate ကို တရားစွဲချင်တယ်။ ဒီလောက် အသုံးမကျတဲ့ OS တွေကို လိမ်ညာရောင်းချမှုနဲ့။

ဖြစ်ပုံက ဒီလို .... ဒီနေ့ သူငယ်ချင်းနဲ့ ချိန်းထားတယ်။ ခါတိုင်း ထိုင်နေကျ Starbucks ဆိုင်မှာပဲပေါ့။ ကျွန်တော်က သူ့ထက် စောရောက်နေပါတယ်။ ဖြစ်ချင်တော့ ဆိုင်က တနင်္ဂနွေဆိုတော့ နည်းနည်း လူပြည့်နေတယ်။ ခါတိုင်း ထိုင်နေကျခုံမှာ နေရာမရဘူး။ ဒါနဲ့ နည်းနည်း အတွင်းကျတဲ့ စားပွဲမှာပဲ သွားထိုင်လိုက်တယ်။ ပြီးတော့ ကွန်ပျူတာဖွင့်ပြီး အသည်းကျော် Native Myanmar Forum ကိုဖတ်။ အထဲမှာ ရေးထားတာတွေကိုကြည့်ပြီး တခွိခွိ ရီနေတာပေါ့ဗျာ။ ခဏကြာတော့ သူငယ်ချင်းလေးဆီက message ဝင်လာတယ်။ သူ နောက် ၆ မိနစ်လောက်ကြာရင်ရောက်မယ်တဲ့။ အခု ရထားပေါ်မှာ ဆိုတော့ OK လို့ reply လုပ်ပြီး ဖုန်းကို ချထားလိုက်ပြီး ဖတ်လက်စ Forum ကို ဆက်ဖတ်နေတာပေါ့။

နည်းနည်းကြာသွားပြီလို့ စိတ်ထဲမှာထင်လို့ ဖုန်းကို ကောက်ကိုင်ကြည့်လိုက်တော့ ကျေးဇူးရှင်က ဘာမှ အကြောင်းအရင်း အထူးအထွေမရှိပဲ hang နေလေရဲ့။ သွားပြီ ... ထင်လိုက်ပါတယ်။ ဒါနဲ့ပဲ သူငယ်ချင်းဆီ ကမန်းကတမ်း ဖုန်းလှမ်းဆက်ရတယ်။ သူပြန်သွားပြီတဲ့။ ဆိုင်ရှေ့မှာ အကြာကြီးရပ်စောင့်နေသေးတယ်တဲ့။ အထဲကို လှမ်းကြည့်တော့ ကျွန်တော့်ကိုမတွေ့လို့ မဝင်သေးပဲ အပြင်မှာ နာရီဝက်နီးပါးစောင့်နေတာတဲ့။ ဖုန်းဆက်တာလဲ ဖုန်းမကိုင်လို့ ပြန်သွားပြီတဲ့။ သေဟဲ့ရဲဝင်း လို့ပဲ အော်မိတယ်။ ဒေါသထွက်လိုက်တာ လွန်ပါရောဗျာ။ ဒီနေ့ မြို့ထဲကို လာရတာ သူနဲ့ချိန်းထားတာ တစ်ခုထဲ။ တစ်ခြား ဘာကိစ္စမှမရှိဘူး။ အဲဒါကို လွဲပြီး ဒီလိုဖြစ်တယ်ဆိုတော့ ကျွန်တော် ဒီဖုန်းကိုမှ ဒေါသမထွက်ရင် ဘယ်သူ့ကိုဒေါသထွက်ရမလဲ ... ကဲ ... ခင်ဗျားပဲပြောတော့ စာဖတ်သူရေ။

အော် ... နေဦး ... ခင်ဗျား အဲဒီဖုန်းကို မဝယ်ဖြစ်အောင် သတိပေးဦးမယ်။ HP ကထုတ်တဲ့ iPAQ 500 series ဖုန်းပေါ့။ ကျွန်တော့်ကောင်က 512 Voice Messenger. Asia version ပေါ့။ ဥရောပအတွက်ကတော့ 510 Voice Messenger ဆိုပြီးထုတ်တယ်။ အဲဒီဖုန်းဆို ဝေးဝေးက ရှောင်စမ်းပါဗျာ။ အဲဒီ အောက်က ကောင်ပေါ့။


Friday, January 18, 2008

ဧဝံမေသုတံ (၁၀၉ - ၁၁၀ နောက်ဆက်တွဲ ၃)

ပြီးခဲ့သည် စနေနေ့က ငစနေတစ်ယောက် ကတ်အစိမ်းလေး ပြန်ထုတ်လိုက်မဟဲ့ ဟု အားတင်းခါ MOM ရုံးသို့ သွားခဲ့သည်။ လက်ထဲမှာတော့ “မူအားဖြင့် ခွင့်ပြုသည် (Approved in principally)” ဆိုတဲ့ စာရွက်လေး ကိုင်လို့ပေါ့ဗျာ။ အတိုချုပ်ရရင်တော့ Officer က ငစနေကို ကတ် ထုတ်မပေးနိုင်ပါဘူးဆိုပြီး ငြင်းပါလေရော။ ဘယ်လိုဖြစ်သတုန်းဆိုတော့ နိုင်ငံကူးလက်မှတ် သက်တမ်းက ကုန်ခါနီးနေလို့ပါတဲ့။ ငစနေပဲ ဘာရမလဲ။

“ဘာလို့ကုန်ရမှာလဲဗျ ... ဒီမှာကြည့် ၆ လနဲ့ ရက် ၂၂ ရက်တောင် ကျန်သေးတာကို”

“ငါတို့က နိုင်ငံကူးလက်မှတ် သက်တမ်းကနေ တစ်လတိတိ လျှော့ပြီး အနည်းဆုံး ၆ လကျန်မှ ကတ်ထုတ်ပေးလို့ရတယ်ကွဲ့။ မင်းစာအုပ်က တစ်လ နုတ်လိုက်ရင် ၅ လနဲ့ ၂၂ ရက်ပဲ ကျန်တော့တယ်။ ဒီတော့ စည်းကမ်းနဲ့ မကိုက်ညီဘူး။ သက်တမ်းပြန်သွားတိုးပြီး ပြန်လာခဲ့ပါ။ အဲဒီတော့မှ ထုတ်ပေးမယ်၊ လောလောဆယ် နေထိုင်ခွင့်ကို ၂ ပတ် ထပ်တိုးပေးလိုက်မယ်။ ဟုတ်ပြီလား”။

ပြောပြောဆိုဆို ဘာမှ ပြန်မငြင်းနိုင်ခင်မှာပဲ တံဆိပ်တုံး ကြီးကြီးတစ်ခုကို ဒုံးကနဲထုချပြီး အပေါ်က စာတစ်ကြောင်း ရေးပေးလိုက်သည်။ “နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန်အတွက်” တဲ့။ ဒီလိုနဲ့ပဲ ဖိုးစနေ ပြည်ထောင်စုမြန်မာနိုင်ငံတော် သံရုံးသို့ သွားရလေတော့သည်။

ဖိုးစနေ သံရုံးသွား အခွန်ဆောင်မည်၊ စာအုပ်သက်တမ်းတိုးမည်ဟု ကြားသည်နှင့် စိတ်ပူသော သူငယ်ချင်းများက ဖုန်းလှမ်းဆက်ကာ ညွှန်ကြားချက်များ ပေးကြတော့သည်။

“ ...... ဟဲ့ကောင်၊ မိတ္တူတွေ စုံအောင်ကူးသွားနော်။ ဓါတ်ပုံပါတဲ့ စာမျက်နှာ၊ ကတ်အစိမ်း ရှေ့နောက်၊ နင်က ပထမဆုံး စဆောင်မှာဆိုတော့ အလုပ်ခန့်စာ မိတ္တူလဲလိုတယ်။ လစာဖြတ်ပိုင်းတွေလဲ ၄ လစာလောက် မိတ္တူဆွဲသွား။ တောင်းကြည့်တတ်တယ်။ ကြားလား။ မိတ္တူကို ညကတည်းက ကူးထား။ သံရုံးက မိတ္တူကူးစက်က တစ်ခါတစ်လ ပျက်နေတတ်တယ်။ ပိုက်ဆံကို အိမ်က မထွက်ခင် ကြိုထုတ်သွား။ ဟိုမှာ အနီးအနားမှာ ATM မရှိဘူး။ ကတ်နဲ့လဲ ပေးလို့မရဘူး။ cash ပဲ လက်ခံတာ။ ဟိုရောက်ရင် ကြောင်ပြီး ငိုင်မနေနဲ့။ ငေးမနေနဲ့။ ငမ်းမနေနဲ့။ ပုံစံ စာရွက်ဖြည့်ပြီး ချက်ချင်းထပ်ထား။ ပြီးရင် ဘယ်မှမသွားပဲထိုင်စောင့်။ နာမည်ခေါ်တာ ကျော်သွားရင် နင် အော်ခံထိနေမယ် ...... မှာတဲ့အတိုင်းလုပ်နော် ... သောက်တလွဲလုပ်လာလို့ကတော့ နင်အသေပဲ .... ”

“ ... ဟေ့ကောင်။ ငစနေ။ မင်းအခွန်သွားဆောင်မလို့ဆို။ စောစောသွား။ မနက်စောစောထ၊ နောက်မကျစေနဲ့ ... ကြားလား .... ဘာ ... ၈ နာရီ ဟုတ်လား .... သေချင်နေလား။ မနက် ၇ နာရီအရောက်သွား မဟုတ်ရင် မင်း ညမိုးချုပ်အောင် စောင့်ရမှာ။ သောကြာနေ့မှသွားမှာ ဟုတ်လား။ အေး .. ကိုယ့်တွင်းသာ ကိုယ်တူးထားတော့။ သောကြာနေ့က လူအများဆုံးပဲ။ မင်းကလေ ... ဘာမှ မမေးမစမ်း လုပ်လိုက်ရင် တစ်လွဲ .... သေချာလုပ်နော် ဟေ့ကောင် ကြားလား ... လွဲလာလို့ကတော့ မင်းအသေပဲ။ .... ”

ဤသို့သော သူငယ်ချင်းများ၏ နှုတ်၏ စောင်မမှုများနှင့် ဖိုးစနေတစ်ယောက် လိုအပ်သည့် စာရွက်စာတမ်းများကို ပြင်ဆင်ပြီးသောအခါ ည (သို့မဟုတ် မနက်) ၁ နာရီခွဲနေလေပြီ။ မနက် အိပ်ယာမှ စောစောထမဟဲ့ဟု အားတင်းကာ အိပ်လိုက်တော့သည်။

မနက်ကျတော့ ပါလေရာဖုန်းက တာဝန်ကျေစွာပင် ၆ နာရီတိတိမှာ ပိကျိပိကျိ အော်ကာ ဖိုးစနေကို နှိုးလေသည်။ ... အင်း ... နည်းနည်းမှောင်သေးတယ်။ ခဏ မှေးလိုက်ဦးမယ် ၆ နာရီ ၁၅ လောက်မှ ထတာပေါ့ ဟူသော ငစနေတစ်ယောက် ဖျတ်ကနဲ ပြန်နိုးသောအခါ အပြင်မှာ မိုးစင်စင်လင်းနေပေပြီ။ ဟိုက် ... သွားပဟ။ နာရီကြည့်လိုက်တော့ ၆း၅၈။ ကမန်းကတမ်း အိပ်ယာမှထ။ ရေချိုးခန်းဝင် ... ရေချိုးရင်း သွားတိုက်ကာ တစ်ခါတည်း ရှူရှူးပေါက် သော ဖိုးစနေ၏ Morning express 3 in 1 ကို လုပ်ကာ ကမန်းကတမ်း အပြင်ထွက်ဖို့ပြင်ရသည်။ ပိုက်ဆံအိတ်ကို ဖွင့်ကြည့်တော့ အထဲမှာ ၁၀ တန် ၃ - ၄ ရွက်ခန့်တွေ့ရသည်။ အိုကေ .. ဒါဆိုရင် Taxi ဖိုး လောက်ပါတယ်။ စားပွဲပေါ်က တွေ့ကရာ စာရွက်အကုန် ကျောပိုးအိတ်ထဲ ပစ်ထည့်ကာ အောက်အမြန်ပြေးဆင်းပြီး တွေ့ရာ Taxi တစ်စီးပေါ် ပြေးတက်ရတော့သည်။

“ဘယ်လောက် ကျသလဲ?”

“၁၀ ဒေါ်လာပါ” ... “အိုကေ ... ရော့” ဖိုးစနေ ၁၀ ဒေါ်လာတန်တစ်ရွက် ထုတ်ပေးလိုက်သည်။

Taxi driver က အိတ်ထဲထည့်မလိုလုပ်ပြီးမှ ... “နောက်တာလား ... မင်းပေးတဲ့ ပိုက်ဆံကို ကြည့်ပါဦး” ဟုဆိုကာ ဖိုးစနေကို ပြန်ပေးသည်။ ကြည့်လိုက်တော့ ...
“ဟိုက် ... မလေးရှား ငွေ ၁၀ ရင်းဂျစ်တန်ကြီးပါလား။ sorry ပဲ” ... ပိုက်ဆံအိတ်ကို ဖွင့်ကာ နောက်တစ်ရွက်ဆွဲထုတ် ... အဲ ... ဒါလဲ မလေးရှားပိုက်ဆံ။ ပိုက်ဆံအိတ်ကို အတင်းဖြဲကြည့်တော့ စောစောက အိမ်မှာ တွေ့ခဲ့သော ၁၀ တန် ၄ ရွက်မှာ အကုန်လုံး မလေးရှာငွေ ၁၀ တန်များသာ ဖြစ်နေလေသည်။ ပိုက်ဆံကို သေသေချာချာမကြည့်ပဲ အရောင်ကိုပဲကြည့်ကာ ထွက်လာသော ငစနေတစ်ယောက် ငါးပါးမှောက်တော့သည်။ ဒီနားမှာ ATM လဲမရှိဘူး ကွိုင်ပဲ။ ရုတ်တရက် တစ်ခုခုဆို ခေါင်းက ထူပူကာ ဘာမှ စဉ်းစားမရ ဖြစ်တတ်သည်မှာ ဖိုးစနေအကျင့်။ ယခုလဲ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသော ဖိုးစနေကို driver က ကြည့်ပြီး

“မင်းမှာ credit card ရှိလား။ ငါ့ကားမှာ credit card နဲ့ ပေးလို့ရတယ်။” ....

ငစနေ credit card မကိုင်နိုင်ပါ။ သို့သော် ကံကောင်းစွာဖြင့် credit card အယောင်ဆောင်ထားသော debit card တစ်ကတ်တော့ ငစနေ့ အိတ်ထဲတွင် ပါလာသေးသည်။

“ခင်ဗျား Master Card လက်ခံလား။” “ OK ရတယ်။”

ဒီတော့မှပဲ ငစနေတစ်ယောက် ကျသင့်ငွေကို ပေးပြီး ကားပေါ်က ဆင်းနိုင်တော့သည်။ မြန်မာသံရုံးရှေ့ကိုရောက်တော့ မနက် ၇း၄၅။ ကိုယ့်ရှေ့မှာ ကိုယ့်ထက် ဝီရိယ ကောင်းသူ ၄ ယောက်လောက် ရောက်နေလေပြီ။ သံရုံးမှာ ပုံစံဖြည့်၊ စာရွက်ထပ် လုပ်ပြီးတော့မှပဲ သက်ပြင်းချနိုင်တော့သည်။ အမှတ်စဉ် ၆။ သိပ်မဆိုးပါ။ နေ့လည် ထမင်းစားချိန် မရောက်မီ ပြီးနိုင်သည်ပဲ။ ငစနေ အပြင်ပြန်ထွက်ပြီး ATM စက်လိုက်ရှာ၊ ငွေထုတ်၊ ပြီးတော့ နီးရာ McDonald မှာ မနက်စာ ဝင်ဆွဲရတော့သည်။

သံရုံးထဲက လုပ်ငန်းများကတော့ ကိုကဒေါင်း အခွန်ဆောင်စဉ်က အတိုင်းပင်။ ဘာမှ ထွေထွေထူးထူး မရှိလှ။ ထိုစဉ်မှာပင် ထို သံရုံးက အန်တီမမ နှင့် ငစနေ့ ဘေးမှ အမျိုးသမီးတစ်ယောက် စကားပြောခန်းက ဖိုးစနေကို ဆွဲဆောင်လိုက်သည်။

“အစ်မရေ ... စာအုပ် သက်တမ်းတိုးချင်လို့ပါ။ မှီခို နေထိုင်ခွင့်နဲ့ သက်တမ်းတိုးမှာပါ”

“ဒါဆို ယောက်ျားက အခွန်ကျေရဲ့လား။ ပြေစာပြ”

“ဟိုလေ ... ယောက်ျားက စလုံး နိုင်ငံသားဖြစ်သွားပြီရှင့်”

“နိုင်ငံခြားသားကို ယူထားတာဆိုရင် ၅၀၀ ဆောင်ရမယ်။ ဆောင်ပြီးပြီလား”

“ကျမက နိုင်ငံခြားသားကို ယူတာမှမဟုတ်တာ”

“ညီမ အမျိုးသားက မြန်မာလူမျိုးပေမယ့် စလုံးနိုင်ငံသားဖြစ်သွားပြီဆိုရင် နိုင်ငံခြားသားလေ။ အဲဒါကိုပြောတာ”

“အော် ... မသိလို့နော်။ ဟုတ်ကဲ့။ ဒါနဲ့ အဲဒီ ၅၀၀ က ဘာအတွက်လဲဟင်။ မပေးလို့ မရဘူးလား”

“အပြန်လေယာဉ်လက်မှတ်ဖိုး” ... အန်တီမမ၏ စကားကြောင့် ထိုအမျိုးသမီးတင်မဟုတ်ပဲ ဖိုးစနေပါ မျက်လုံးပြူးသွားသည်။

“ရှင် .... ကျမက ပြန်ဦးမှာမှ မဟုတ်တာ”

“ဒီလိုရှိတယ် .... မှီခိုနေထိုင်ခွင့်ကို စွန့်လွှတ်ပြီး မြန်မာနိုင်ငံကို အပြီးပြန်တော့မယ်ဆိုရင် မြန်မာသံရုံးက အပြန်အတွက် လေယာဉ်လက်မှတ် ထုတ်ပေးတယ်။ အဲဒီအတွက် လေယာဉ်လက်မှတ်ဖိုးကို အခုကတည်းက ပေးထားရတယ်။ ကဲ .... ပေး ၅၀၀။ ပြေစာ မပျောက်စေနဲ့ ပျောက်ရင် လက်မှတ် ထုတ်မပေးဘူး။”

“မှီခိုနေထိုင်ခွင့်ကို စွန့်လွှတ်တယ်ဆိုတာ ယောက်ျားနဲ့ ကွာရှင်းပြီး မြန်မာနိုင်ငံကို အပြီးပြန်တာကိုပြောတာ”

ဘေးမှ လူတစ်ယောက်က ဝင်ပြောသည်။

ဟိုက်ရှာလပတ်ရည် ... ငစနေတစ်ယောက် ဖျားသွားသည်။ အော် ... တို့များ မြန်မာ သံရုံးက နိုင်ငံခြားသားကို လက်ထပ်ထားသော မြန်မာမိန်းကလေးတွေ ယောက်ျားက နှိပ်စက်ညှဉ်းပန်းပြီး ကွာရှင်းစွန့်ပစ်ခဲ့ရင်ဖြင့် ဒုက္ခမရောက်ရလေအောင် အမြှော်အမြင်ကြီးကြီးဖြင့် ကြိုတင် စီမံပေးထားပါတကားဟု ဧဝံ ဤသို.၊ မေ ကျွန်ုပ်သည်၊ သုတံ ကြားနာခဲ့ရလေတော့သတည်း။

Wednesday, January 16, 2008

အမှတ်တရ

(11-Jan-2008) သောကြာနေ့ ...
ဖိုးစနေတစ်ယောက် အသည်းအသန် အလုပ်များနေသည်။ MSRS 2005 ကို အခုမှ စကိုင်တာမို့ ဘာတွေမှန်း မသိတာတွေနဲ့ ချာလပတ်လည်နေပေမယ့် သောကြာနေ့မို့ စောစောရုံးဆင်းချင်သည်နှင့် မီးကုန်ရမ်းကုန် ကျဲနေမိသည်။ နာရီက ၅ နာရီခွဲ ကျော်နေပြီ။ ၆ နာရီ တိတိမှာပင် ဖိုးစနေ၏ ပါလေရာဖုန်းက ပကျိပကျိနှင့် ထမြည်ပါတော့သည်။ phone screen ပေါ်မှာ ပေါ်နေသည့် နာမည်ကို ကြည့်ပြီး ဖိုးစနေ မျက်ခုံးတစ်ဖက် တွန့်တက်သွားသည်။

"Incoming call from ဘုန်းနိုင် ... "

ဘာပါလိမ့်။ ဒီကောင်ကြီးက ကိစ္စအထူးမရှိပဲ ဖုန်းဆက်လေ့မရှိ။ GTalk ထဲလှမ်းကြည့်တော့လဲ သူ့ status က busy တဲ့။ သိချင်ဇောနှင့် ဖုန်းကို ကောက်ဖြေလိုက်သည်။

“ဟေး ဘုန်းနိုင် ပြော ... ဘာတုန်းဟ”

“ဟာ ... ဟေ့ကောင် ... မင်းညီမအကြောင်း ပြောမလို့ကွ”

ကိုင်ရုံရှိသေး မင်းညီမအကြောင်းဆိုပါလား။ ဒါနောက်စရာအချိန်မဟုတ် .... ဖိုးစနေ ရင်ထဲ ထိတ်ကနဲဖြစ်သွားသည်။

“ဘယ်ညီမလဲဘုန်းနိုင် ... ဘာဖြစ်လို့လဲ”

“မေဖြိုး”

သွားပြီ ... ဘုန်းနိုင် ဆက်မပြောခင်မှာတင် ဆုံးပြီ ဟူသော အသိတစ်ခု ခေါင်းထဲမှာ လက်ကနဲပေါ်သည်။ ကိုယ့်စိတ်ကို မယုံတစ်ဝက်နှင့် ဘုန်းနိုင်ကို ခပ်လောလောပဲ မေးရသည်။

“မေဖြိုးဘာဖြစ်လို့လဲ”


“မင်းညီမလေး အခုပဲ ဆုံးတယ်ငစနေ။ ငါ့ညီမ ရန်ကုန်ကနေ လှမ်းပြောလို့သိတာ။ အဲဒါ မင်းသိအောင် ချက်ချင်းလှမ်းပြောတာ။ စိတ်မကောင်းဘူးကွာ သူငယ်ချင်း”

ဘုန်းနိုင် စကားအဆုံးမှာ ငစနေတစ်ယောက် ငိုင်ကျသွားသည်။

“အေးကွာ ... သတင်းပေးတာ ကျေးဇူးပဲ။ ငါ ရန်ကုန်ကို ဖုန်းလှမ်းဆက်ကြည့်လိုက်ဦးမယ်။”

ဖုန်းချပြီး အတော်ကြာသည်အထိ ငစနေ ငိုင်နေမိသည်။ လုပ်လက်စ အလုပ်ကို အပြီးသတ်ဖို့ ကြိုးစားကြည့်ပေမယ့် အရာမထင်။ လုပ်ဖော်ကိုင်ဖက်များကတော့ ငစနေတစ်ယောက် solution ရှာမရလို့ ငိုင်နေသည်ပဲ အောက်မေ့ကြသည်ထင့်၊ တစ်ယောက်ပြီးတစ်ယောက် နုတ်ဆက်ပြီး ပြန်သွားကြသည်။ ငစနေကတော့ တစ်ယောက်တည်းကျန်ခဲ့သည်အထိ ငိုင်ကောင်းတုန်းပင် ဖြစ်သည်။ မငိုပါဘူးဟု တင်းထားသည့်ကြားမှပင် မျက်ရည်နှစ်ပေါက် ပါးပေါ်သို့ ကျလာခဲ့သေးသည်။

မေဖြိုးတစ်ယောက် မကြာမီအချိန်မှာပင် ဖိုးစနေတို့ကို နှုတ်ဆက်ထွက်သွားတော့မည်ဖြစ်ကြောင်း ဖိုးစနေ သိခဲ့သည်မှာ ၃ နှစ်ခွဲခန့် ရှိခဲ့ပြီ။ ဆရာဝန်၏ ခန့်မှန်းချက်အရ နောက်ထပ် ၃ နှစ်ခန့်သာ ဆက်လက် နေနိုင်တော့မည်ဟု ကြားခဲ့ရစဉ်ကလဲ ဖိုးစနေ ငိုခဲ့ဖူးပါသည်။ သိနေသည့် ကြားမှပင် ယခု တစ်ကယ် နှုတ်ဆက်ထွက်ခွာသွားတော့လဲ အလွန်စိတ်ထိခိုက်မိသည်။ အော် ... သံယောဇဉ်ကြိုးကတော့ပြတ်ခဲလှသည်ပဲလေ။

Thursday, January 10, 2008

ဆရာတစ်ယောက်အကြောင်း

အမှန်ကတော့ အဲဒီဆရာ အကြောင်းကို ဖျက်မရတဲ့ အတိတ် မှာ သူ့အခန်းရောက်လာမှ ရေးမလို့ပဲ။ အခုတော့ တော်တော်လေး ရေးချင်စိတ်ပေါက်လာလာနဲ့ ကြိုရေးလိုက်တယ်။ မှတ်မှတ်ရရ ကျွန်တော့်ကို စာသင်ပေးခဲ့တဲ့ ဆရာတွေထဲမှာ ၁ ရက် (၄၅ မိနစ်) ပဲ ကျွန်တော့်ဆရာ ဖြစ်လိုက်ရတဲ့ ဆရာပါ။ ဒါပေမယ့် သူ့ lecture ကို ဒီနေ့အထိ မမေ့သေးပါဘူး။

ကျွန်တော် တက္ကသိုလ် ပထမနှစ် စတက်တဲ့အချိန်ပေါ့။ ကျွန်တော်တို့ တက်တဲ့နှစ်မှာပဲ တက္ကသိုလ် ပထမနှစ် အတန်းတွေအားလုံး မြန်မာစာကို မသင်မနေရ စံနစ်နဲ့ သင်ရပါတော့တယ်။ ကျောင်းက သေးသေးဆိုတော့ မြန်မာစာ ဌာနမှာ ဆရာ/ဆရာမ အင်အားက ပြေးကြည့်မှ ၃ ယောက်ပဲရှိတယ်။ ပါမောက္ခရယ်။ ကထိက ရယ် လက်ထောက်ကထိက ရယ်။ ၃ ယောက်တည်း။ ပထမ တစ်ပတ်မှာ ပါမောက္ခနဲ့ ကထိက ဆရာမတွေ အတန်းဝင်ပြီး နောက်တစ်ပတ်လည်းကျရော အဲဒီ ဆရာ အလှည့်ရောက်လာပါလေရော။ မှတ်မိသလောက် ဆရာက အသားညိုညို ပိန်ပိန်ပါးပါး ပါပဲ။ အတန်း စစဝင်တာနဲ့ သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။

“ကျွန်တော့်နာမည် ဌေးဝင်းပါ၊ ကျွန်တော် ခင်ဗျားတို့အတန်းကို အထွေထွေမြန်မာစာ ဆိုတဲ့ အပိုင်းကို သင်ပေးဖို့လာတာပါ။”

“စာမသင်ခင် နည်းနည်းပြောရဦးမယ်ဗျ။ ကျွန်တော်တို့ဌာနမှာ ပါမောက္ခ ဆရာမကြီးက အရမ်းတော်တာ။ သူက အရမ်းတော်တော့ မြန်မာ ကဗျာ အပိုင်းကို သင်ရတယ်ဗျ”

“ကထိက ဆရာမကြီးလဲ တော်တာပဲ။ သူကျတော့ မြန်မာစကားပြေ သင်တာပေါ့။ ကျွန်တော်ကတော့ ညံ့တယ်ဗျ။ အဲဒီတော့ အထွေထွေမြန်မာစာ ဆိုတာကိုပဲ သင်ရတယ်။”

“ကျွန်တော်က မြန်မာစာ တင်ညံ့တာလားဆိုတော့ အင်္ဂလိပ်စာလဲ မတော်ဘူးဗျ၊ ခင်ဗျားတို့ကတော့ တော်မှာပေါ့ဗျာ။ ဒီကျောင်းမှာ လာတက်ပြီဆိုမှတော့ အင်္ဂလိပ်စာ မတော်လို့ ဘယ်ရမလဲ”

“အဲဒီတော့ တစ်ခုလောက် မေးပါရစေဦး။ အထွေထွေဆိုတာ အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲဗျ။ ကျွန်တော်က အင်္ဂလိပ်စာ ညံ့တော့ အဲဒါကိုတောင် မသိဘူး”

ဖိုးစနေ စိတ်ထဲမှာတော့ ဟ ... ဒီဆရာ ဘယ်လိုလဲဟ။ စာတောင် မသင်ရသေးဘူး၊ သူညံ့ပါတယ်ချည်း လှိမ့်ပြောနေပါလား။ ဘာအကွက်တွေပါလိမ့် လို့ စဉ်းစားရင် တစ်ခြားကျောင်းသားတွေနဲ့အတူတူ
General လို့ခေါ်ပါတယ်ဆရာ လို့ ပြန်ဖြေလိုက်ပါတယ်။

အဲဒီတော့မှ ကိုယ့်ဆရာက

“အဲအဲ ... ဟုတ်ပြီဗျ .... အဲဒီ ဂျင်နရယ် ဆိုတာ .... ကျွန်တော်က အထွေထွေမြန်မာစာကို သင်တဲ့ ဌေးဝင်းဆိုတော့ အထွေထွေဌေးဝင်းပေါ့ဗျာ။ အင်္ဂလိပ်လို ဆိုရင်တော့ ဂျင်နရယ် ဌေးဝင်းပေါ့”

ကျွန်တော်တို့တွေ ပြုံးစိစိ ဖြစ်ကုန်ကြပါတယ်။

“ကျွန်တော်က ညံ့လို့ အသုံးမကျလို့ အထွေထွေဌေးဝင်းဖြစ်တာဗျ။ အဲဒီတော့ ခင်ဗျားတို့မှတ်ထားကြ။ အသုံးမကျရင် ဂျင်နရယ် ဖြစ်တတ်တယ်”

ရယ်တာလား အော်တာလားမသိ တစ်တန်းလုံး ဝေါကနဲ ဆူညံသွားပါတယ်။ ဆူပေမပေါ့ ... အတန်း တစ်ဝက်လောက်က စစ်တပ်အရာရှိတွေရဲ့ သားသမီးတွေဖြစ်နေတဲ့ အတန်းမှာ ဒါမျိုးပြောရဲတယ်ဆိုတာ နည်းတဲ့ သတ္တိမှာ မဟုတ်တာ။ မသိလို့ပြောတာလဲမဟုတ်။ ကျောင်းထဲက car parking မှာ စစ်တပ်အရာရှိကားတွေနဲ့ချည်း ပြည့်နေတာ။ စောစောကလေးတင် အဲဒီဆရာ car parking ဘေးက ကင်န်တင်းမှာ ထိုင်နေသေးတာပဲ။ မသိပဲ နေမလား။ သိသိကြီးနဲ့ပြောချသွားတာပါ။ ပြီးမှ စာဆက်သင်ပါတယ်။ နောက်နေ့တွေ ဆရာ ကျောင်းလာတာ မတွေ့တော့ဘူး။ သူသင်တဲ့ အထွေထွေမြန်မာစာကိုလဲ လက်ထောက်ကထိက ဆရာမ က ဆက်သင်ပါတယ်။ နောက်မှ သိရတာက အဲဒီ စာသင်ပြီး တစ်ရက်နှစ်ရက်အတွင်းမှာပဲ ဆရာဌေးဝင်း အဖမ်းခံရတယ်တဲ့။ နောက်ပိုင်း ပြန်လွတ်လာသလိုလို ... ထောင်ထဲမှာပဲ ဆုံးသွားသလိုလို သတင်းတွေထွက်လာပေမယ့် ဆရာ့သတင်းကို အတိအကျ မရပါဘူး။ သိပ်မကြာသေးခင်ကမှ ဆရာ ပြည်ပ နိုင်ငံတစ်ခုမှာ ရောက်နေတယ်ဆိုတဲ့သတင်းကို ကြားလိုက်ရပါတယ်။

ပြောင်မြောက်လွန်းတဲ့ ဆရာ့အကြောင်းကိုတော့ သူငယ်ချင်းတွေဆုံတိုင်း ပြောမိနေတုန်းပါပဲ။

Friday, January 04, 2008

The Lion Sleep Tonight



အနှစ်၆၀



အမိမြန်မာပြည်
သင် အသစ်တစ်ဖန် ပြန်လည်မွေးဖွားခဲ့သည်မှာ ယနေ့ နှစ်ပေါင်း ၆၀ ပြည့်မြောက်ခဲ့လေပြီ။ အို ... မိခင် ကိုယ်ကျန်းမာ စိတ်ချမ်းသာ ရှိပါ၏လော။ ရောဂါဘယတို့ နှိပ်စက်မှုဒဏ်မှ ကင်းလွတ်ပါ၏လော။ ရန်သူမျိုးငါးပါးတို့ နှိပ်စက်ခြင်းဒဏ်မှ ကင်းဝေးပါ၏လော။ ကပ်ဆိုးအမျိုးမျိုးတို့၏ ဘေးအန္တရာယ်မှ ကင်းလွတ်ပါ၏လော။ ထို ဘေးရန်တို့မှ ကင်းဝေးအောင် ငါဆုတောင်းပါ၏။ သင်၏မွေးနေ့ကို ငါတို့ အမှတ်ရပါ၏။ သင့်ထံ ပြန်မလာနိုင်ခြင်းအတွက် အမျက် ဒေါသမထွက်ပါလင့် မိခင်။ အားမလျှော့ပါလင့်။ သင်အားကိုးအားထားထိုက်သော သားကောင်းသမီးကောင်းတို့ များစွာ ရှိနေကြပါသည်။ သင့်အား ငြိမ်းချမ်းစေရန် သူတို့ ကြံဆောင်နေကြပါသည်။ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပါလော့။ နောက်ထပ် အသစ်တစ်ဖန် ပြန်လည်မွေးဖွားရန်အတွက် အားယူပါလော့။

ငြိမ်းချမ်းပါစေ။
သင့် ... ချစ်သား

Wednesday, January 02, 2008

၂၀၀၇ အချုပ်

ဘလော့မိတ်ဆွေတို့ရေ
၂၀၀၇ ဆိုတာကြီးကတော့ ကုန်သွားပါပြီ။ ၂၀၀၈ ဆိုတဲ့ နှစ်ထဲကို ရောက်လာခဲ့ပြီပေါ့။ ၂၀၀၇ ရဲ့ နောက်ဆက်တွဲတွေ အနေနဲ့ကတော့

၁၀၉ - ၁၁၀ ရဲ့ နောက်ဆက်တွဲ အနေနဲ့ ငစနေတစ်ယောက် S-pass အသစ်ကိုင်ဖို့ ၂၇ ရက်နေ့က approval ကျလာပါတယ်။ ဒီနေ့ မိုးလင်းရင် MOM ကိုသွားပြီး အဟောင်းပြန်အပ်၊ အသစ်ပြန်လဲတဲ့ကိစ္စတွေ အလုပ်ရှုပ်ရပါဦးမယ်။

ပျင်းကြောထူတဲ့ ပေါက်စန ငစနေ့တူမကတော့ ပျင်းကြောထူရုံမက အစားကပါ ပုပ်သေးတော့ သူနည်းနည်းကြီးရင် ဝတ်ဖို့ ၆ လကနေ ၁ နှစ်အတွင်း ကလေးများဝတ်ရန်ဆိုတဲ့ အင်္ကျီလေးမှာ အဲဒီ တစ်လသမီးနဲ့ မဆိုစလောက်ကလေး ပွသယောင်ယောင်ကလွဲလို့ ကွက်တိ တော်နေပါတယ်။

ရောင်စုံဘောလုံးကတော့ Native Myanmar Forum ရဲ့ Weekly Photo Contest မှာ ဒုတိယဆု ချိတ်သွားလေရဲ့။ ဟီး ... ကြွားရတာ ရှက်တော့ရှက်သား။

သူများဘလော့တွေကတော့ နှစ်သစ်မှာ အသွင်သစ် template အသစ်တွေနဲ့ ထင်တိုင်းလှနေကြပါတယ်။ ငစနေတစ်ယောက်လဲ template လဲဖို့နဲ့ WEFT သုံးဖို့ ကြိုးစားလိုက်ပါဦးမယ်။

ကဲ ... အိပ်မယ်ဗျာ။ ၂း၁၅ ရှိနေပြီ။ Good Night everybody.